MY EN

(ဈ)- ဦးကျော်မြင့်နိုင်(နောင်ချိုမဲဆန္ဒနယ်)

2026-09-25
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးကျော်မြင့်နိုင် (နောင်ချို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

နောင်ချိုမြို့ရှောင်လမ်း စီမံကိန်းနှင့်စပ်လျဉ်း၍ မည်သို့လျာထားစီမံထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း 

          နောင်ချိုမြို့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အစ အဝင်မြို့တစ်မြို့ဖြစ်ကာ မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ တောင်ကြီးမြို့ကို သွားလို့ရသည့်လမ်းဆုံ နေရာတွင် တည်ရှိပါကြောင်း၊သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ သတ္တုတွင်းနှင့် စိုက်ပျိုးလုပ်ကိုင်နိုင် သည့် မြေဧကများစွာတည်ရှိနေသည့်အတွက်ကြောင့် စီးပွားရေးနှင့် လူမှုရေးတိုးတက်လာသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ နောင်ချိုမြို့သည် တရုတ်-မြန်မာအာဆီယံ AH 40 ကုန်သွယ်ရေးလမ်းမ ကြီးပေါ်တွင် တည်ရှိတာဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုရှိခဲ့သည့်အချိန်တွင် နေ့စဉ်ကားအစီးရေ ၅,၀၀၀ ကျော် ဖြတ်သန်း သွားလာကုန်သွယ်မှုပြုလုပ်နေသည့် လမ်းမကြီးလည်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးဖြစ်စဉ်နှင့် နောက်ဆက်တွဲအခြေအနေများကြောင့် ယနေ့အချိန်ထိ သီပေါတံတားကြီး ယာဉ်ဖြတ်သန်းခွင့်မပြုနိုင် ခြင်းကြောင့် တန်ပိုယာဉ်၊ ကုန်တင်ကားအများစုသည် နောင်ချိုမြို့တွင်းကို ဖြတ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)မြို့များ၊ တောင်ပိုင်းမြို့များသို့ နေ့စဉ်ဖြတ်သန်းသွားလာ လျက်ရှိပါကြောင်း၊ နောင်ချို့မြို့တွင်းမှာရှိသည့် လမ်း၊ တံတားများသည် တန်ပိုယာဉ်ကြီးများ ဖြတ်သန်း သွားလာ နိုင်သည့်အဆင့် ခင်းကျင်းထားသည်မဟုတ်သည့်အတွက် နှစ်စဉ်နှစ်တိုင်းပျက်စီးလျက်ရှိပြီး မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွား၍ အများပြည်သူ၏ သာရေး၊ နာရေးသွား လာမှုများ၌ နှောင့်နှေးမှုများ များစွာဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

နောင်ချို မြို့ရှောင်လမ်းသည် မိမိတို့မြို့၏ တောင်ဘက်အရပ်ကန ဖြတ်သန်းသွားပြီး နောင်ချိုမြို့နယ်၊ လုံးရုံးအုပ်စု၊ ကျောက်ကြမ်းရွာမှ ကျောက်မဲမြို့နယ်၊ ဇီးပင်ကျေးရွာထိပ်အထိ ဂုတ်တွင်းချောင်းကူးတံတားကြီးတစ်စင်းအပါအဝင် ၁၃ မိုင်ခန့်ပဲ ရှည်လျားသည့် လမ်းတစ်လမ်းဖြစ်ပါ ကြောင်း၊ ထိုမြို့ရှောင်လမ်းကြီးကို မူလလျာထားချက်အတိုင်း အမြန်အကောင်အထည် ဖော်ဆောင် ရွက်နိုင်မည်ဆိုလျှင် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်လမ်း များရရှိမည် ဖြစ်ပြီး စစ်ပွဲနှင့် မငြိမ်မသက်မှုကြောင့် ဖွံ့ဖြိုးမှုနှောင့်နှေးခဲ့ရသည့် မိမိတို့ဒေသသည် အမြန်ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်ချိုမြို့ရှောင်လမ်းစီမံကိန်းကို မူလလျာထားချက်အတိုင်း မည်သည့် အချိန်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်က    

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဆိုလျှင် လမ်းမိုင်ပေါင်း ၄,၃၅၅ မိုင်၊ ၄ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေတွင် Unpaved ဖော်ပြထားပါကြောင်း၊ Unpaved မဖြစ်သေးသည့် အတွက် ကျောက်ခင်းလမ်း ၂၉၇ မိုင်၊ ၇ ဖာလုံနှင့် အမာခံလမ်း ၄၁၅ မိုင်၊ ၁ ဖာလုံ၊ မြေသားလမ်း ၁,၄၃၆ မိုင်၊ ၅ ဖာလုံရှိပါကြောင်း၊ နောင်ချိုမြို့တွင်းနှင့် ဂုတ်တွင်းလမ်းအပိုင်းတို့တွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိ သည့် ယာဉ်ကြောပိတ်ဆို့မှုများသည် ဖြေလျှော့နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူ လျင်မြန် စေရေးတို့အတွက် ၂၀၁၃ ခုနှစ်မှစ၍ နောင်ချိုမြို့ရှောင်လမ်းအတွက် လမ်းအူကြောင်း ရှာဖွေခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နောင်ချိုမြို့ရှောင်လမ်းသည် နောင်ချို မြို့နယ်၊ လုံးရုံးကျေးရွာအုပ်စု၊ ကျောက်ကြမ်းကျေးရွာရှိ မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း မိုင်တိုင် အမှတ် ၆၇/၀ မှစတင်ပြီး ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၈၇/၀ တွင် ပြန်လည်ချိတ်ဆက်ပါကြောင်း၊ နောင်ချိုမြို့နယ်အပိုင်းတွင် ၉.၅၂ မိုင်၊ ကျောက်မဲမြို့နယ်အပိုင်းတွင် ၃.၁၈ မိုင် နှင့် လေးလမ်းသွားကြိုးတံတား အရှည် ၂,၉၀၉ ပေအပါအဝင် စုစုပေါင်းလမ်းအရှည် ၁၃ မိုင်၊ ၂ ဖာလုံ ခန့်ရှိပါကြောင်း၊ လမ်းနယ်နိမိတ်အကျယ်ကို ၂၃၀ ပေသတ်မှတ်ထားရှိပြီး မြေယာနှင့် သီးနှံလျော်ကြေးများလည်း ပေးဆောင်ထားရှိပြီးဖြစ်ပါကြောင်း၊ မြေသားလမ်းတစ်ကြောင်းထိုးလမ်း ဖောက်လုပ်ခြင်းကိုလည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ၎င်းလမ်းမတွင် ရှိ သည့် ဂုတ်ထိပ်တံတားသစ်တည်ဆောက်နိုင်ရန်အတွက် စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိ ပါကြောင်း။

နောင်ချိုမြို့ရှောင်လမ်းစီမံကိန်း သည် ဂုတ်ထိပ်တံတားအသစ် တည်ဆောက်ချိန်တွင် တစ်ပါတည်း ဆက်လက်ဆောင်ရွက်သွားမှသာ ပိုမိုသင့်တော်မည်ဖြစ်ပါသဖြင့် လတ်တလော ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးကျော်မြင့်နိုင်(နောင်ချိုမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း‌ မေးမြန်းခဲ့ပါသည်-

 ထိုမြို့ရှောင်လမ်းသည် ၁၀ နှစ်ကျော်လည်းရှိနေသည့် အနေအထားဖြစ်ပြီး ၎င်းမြို့ရှောင်လမ်းကို မဖောက်နိုင်သည့် အခါ မိမိတို့မြို့ထဲတွင် ကားကြီးများ၊ တန်ပိုယာဉ်များ ဖြတ်သည့်အခါတွင် မြို့တွင်းလမ်း များသည် နှစ်စဉ်နှစ်တိုင်းပျက်နေပါကြောင်း၊ ဒီလိုပျက်သည့် အတွက် ပြည်သူ့ဘဏ္ဍာများ မလိုအပ်ဘဲနှင့်ဆုံးရှုံးသည့်အနေအထားရှိနေပါကြောင်း၊ ထို့အပြင် မေးခွန်း ထဲတွင်ပါသည့်အတိုင်း မိမိတို့ နောင်ချိုမြို့ရှောင်လမ်းသည် နောင်ချို-တောင်ကြီး-ရပ်စောက် လမ်းကိုလည်း ဖြတ်သွားသည်ဖြစ်သည့် အတွက် ထိုအပိုင်းသုံးပိုင်းအနေနှင့်ရှိပါကြောင်း ဥပမာအနေနှင့် ရပ်စောက်လမ်းမှ မန္တလေးဘက်သို့ ပြန်ထွက်သည့်လမ်းပိုင်းဆိုလျှင် ၄ မိုင်၊ ၅ မိုင်လောက် တစ်ပိုင်း၊   ရပ်စောက်လမ်းမှ ကျောက်မဲဘက်ထွက်လျှင် ၄ မိုင်၊ ၅ မိုင်လောက်ရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ယခု ဒုတိယဝန်ကြီးတင်ပြသည့်အထဲတွင် ကျောက်မဲအပိုင်းမှာ ၃.၁၈ ဟုပါပါကြောင်း၊ အခု မိမိတို့ဖြစ်စေချင်သည်မှာ နှစ်ကာလလည်းကြာပြီဆိုဖြစ်၍ ဤကိစ္စကိုလည်း အမြန် အကောင်အထည်ဖော်ပြီး မြို့ထဲတွင်လည်း မလိုလားအပ်ဘဲနှင့် ထိုလမ်းများသည် တအားပျက်စီးသည့် အခါတွင် လိုအပ်လျှင် မိမိ အခုပြောသွားသည်မှာ အပိုင်းသုံးပိုင်း လောက်ရှိပါကြောင်း၊ ထိုတောင်ကြီး- ရပ်စောက်လမ်းကိုခြားပြီး အပိုင်းကတစ်ပိုင်း၊ နှစ်ပိုင်း၊ ကျောက်မဲထိ သုံးပိုင်းရှိကြောင်း၊ မန္တလေးဘက်ကိုထွက်သည့်လမ်းပိုင်းလေး ၄ မိုင်၊ ၅ မိုင်လောက်ကို တံတားကြီးမဆောက်ခင်တွင် ဦးစွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် ထိုမြို့တွင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ ပျောက်ပြီး နိုင်ငံတော်၏ဘဏ္ဍာများလည်း လမ်းများပြန်ပြင်ရသည့်ကိစ္စများ မြို့တွင်းတွင် ရှိပါကြောင်း၊ တစ်ပိုင်းစီဖောက် ပေးနိုင်မည်ဆိုလျှင် ပိုပြီးအဆင်ပြေ နိုင်မလားဆိုသည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က   

          လတ်တလော အခြေအနေတွင် သွားလာသည့်ကားသည် နည်းနေပါကြောင်း၊ နောက်တစ်ခု ထိုလမ်းကြီးသည် တံတားနှင့်လမ်းဆက်စပ်မှ အသုံးပြု၍ရမည်ဖြစ်ပါကြောင်း၊ တံတားကြီးမဆောက်နိုင် သေးခင် ထိုလမ်းကိုအပိုင်းတိုလေးများလုပ်နေလျှင် အသုံးပြု၍ လည်းအဆင် မပြေဖြစ်နေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုလမ်းကြီးနှင့်တံတားကို တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်ခွင့်ပြုပါရန် ပြန်လည်ဖြေကြားခဲ့ပါသည်။