မာန်အောင်မြို့နယ်၊ ဇရပ်ကုန်းခင်ရွာမှ မျှော်တော်ဦးအထိ လမ်းအား ကွန်ကရစ်လမ်းအဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် မြှင့်တင်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
အဆိုပါလမ်းသည် မာန်အောင်မြို့၏ အနောက်မြောက်ဘက်၌တည်ရှိပြီး ဇရပ်ကုန်းခင် ရွာမှ မျှော်တော်ဦးရွာအထိ လမ်းအရှည်မိုင် ၅ မိုင်၊ ၅ ဖာလုံကျော်ရှိပြီး ၅ ဖာလုံအား ယခင် အစိုးရသက်တမ်းတွင် ကွန်ကရစ်လမ်းအဖြစ်ခင်းထားပြီးဖြစ်၍ ကျန်သော ၅ မိုင် ကျောက်ချောလမ်း သည် မိုးများသည့်ဒေသဖြစ်သည့်အတွက် မိုးရာသီတွင် နှစ်စဉ် နှစ်တိုင်း ပျက်စီးနေပါကြောင်း၊ သို့ဖြစ်ပါ၍ ထိုလမ်းအား ကွန်ကရစ်လမ်းအဆင့်သို့ အဆင့်မြှင့်တင်ပေးရန် လိုအပ်နေပါကြောင်း။
အဆိုပါလမ်းသည် စစ်ဘက်၊ အရပ်ဘက်မှ လူကြီးများ၊ မကြာခဏသွားလာနေသော လမ်းလည်းဖြစ်ပါကြောင်း၊ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် တပ်မတော်သားများ၊ ပြည်သူ များနှင့် ကျောင်းသား ကျောင်းသူများ သွားလာရေးလွယ်ကူစေရန် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးမည်ဆိုပါက လမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ သွားလာ၍ လွယ်ကူရုံသာ မကပဲ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကအစ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း အစိုးရသစ်ဖြစ်ပေါ်လာပြီဖြစ်၍ ဒေသအတွင်း ဖွံ့ဖြိုးလာမည်ဟု ယုံကြည်မျှော်လင့်နေကြပါကြောင်း၊
သို့ဖြစ်ပါ၍ (၁) ကျန်ရှိနေသော ကျောက်ချောလမ်း ၅ မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် (၂) အကယ်၍ အဆင့်မြှင့်တင်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် မြှင့်တင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
မေးခွန်းပါ လမ်းသည် သစ်ဝ-မျှော်တော်ဦး-သစ်ပုံလမ်းဖြစ်ပြီး မာန်အောင်ကျွန်းပတ်လမ်း အပိုင်းရှိ ဇရပ်ကုန်းခင်ကျေးရွာမှစတင်၍ သစ်ပုံကျေးရွာသို့ ဆက်သွယ်ထားသော လမ်းအရှည် ၅ မိုင်၊ ၅ ဖာလုံရှိသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်း အခြေအနေသည် ကွန်ကရစ်လမ်း ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၅ မိုင်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းတွင် လမ်းမိုင်ပေါင်း ၁,၆၆၅ မိုင်ခန့်ရှိပြီး ကတ္တရာလမ်းအဆင့်မဖြစ်သေးဘဲ ကျန်နေသည့်လမ်းများသည် ကျောက်ခင်းလမ်း ၃၁၉ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၉ဝ မိုင် ၁ ဖာလုံနှင့် မြေသားလမ်း ၁၂၇ မိုင် ၃ ဖာလုံ၊ ဆိုင်ကယ်လမ်းအဖြစ် ၄၁ မိုင် ၂ ဖာလုံ ရှိပါကြောင်း၊ အဆိုပါ လမ်းနှင့်စပ်လျဉ်း၍ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပျက်စီးနေသော လမ်းပိုင်း ၁ မိုင် ၂ ဖာလုံအား ဗြုန်းကျောက်စရစ်ခင်း၍ ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ကျောက်ခင်း လမ်း ၅ မိုင်အနက်မှ ၄ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန် လျာထားပေးသွား မည်ဖြစ်ပြီး ကျန်ရှိသော လမ်းပိုင်းများကို ကွန်ကရစ်လမ်းအဖြစ် နှစ်အလိုက် ဆက်လက်လျာထား ပေးမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့်ညှိနှိုင်းပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။