MY EN

(ဎ)- ဦးမြင့်ကို(တနိုင်းမဲဆန္ဒနယ်)

2026-09-25
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးမြင့်ကို (တနိုင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

တနိုင်းမြို့နယ် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းမပေါ်ရှိ ကောင်းရာကျေးရွာမှ ဂျာဘူတောင်အထိ ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

နမ္မတီး-တနိုင်းလမ်းအရှည်မှာ ၈၆ မိုင်ရှိပြီး ၂၀၁၁-၂၀၁၆ ခုနှစ် ပြည်ခိုင်ဖြိုးပါတီ အစိုးရ လက်ထက်တွင် ကချင်ပြည်နယ်အစိုးရ အဖွဲ့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ နမ္မတီး-လက်ဝါးကျေးရွာ အထိ လမ်းမိုင်အရှည် ၂၀ မိုင်အား အဆင့်မြင့် AC နိုင်လွန်ကတ္တရာလမ်းကို ခင်းပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၂၀ ပြည့်နှစ် NLD အစိုးရ လက်ထက်တွင် လက်ဝါးကျေးရွာမှ လော်မန်ကျေးရွာအထိ လမ်းအရှည် ၁၂ မိုင်ကို ကွန်ကရစ်လမ်း အဖြစ် ဆက်လက်ခင်းပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း၌ နိုင်ငံရေးပဋိပက္ခများကြောင့် လော်မန်ကျေးရွာမှ ဆက်လက် လမ်းအဆင့်မြှင့် လုပ်ငန်းများကို မလုပ်တော့ဘဲ တနိုင်းမြို့နယ် မိမိ၏မဲဆန္ဒနယ်အပိုင် ဂျာဘူတောင်မှ တနိုင်းအထိ အရှည် ၂၇ မိုင် အမာခံလမ်းအပိုင်းထဲမှ တနိုင်းမြို့နယ်၊ တောင်သာ ကျေးရွာမှ တနိုင်းမြို့အထိ လမ်းမိုင် အရှည် ၁၃.၄ မိုင်အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးထားကြောင်း၊

တောင်သာကျေးရွာမှ ဖားကန့် မြို့နယ်အစပ် ဂျာဘူတောင်အထိ အမာခံလမ်းအရှည်မိုင် ၁၃.၄ မိုင်အား အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပြီး ၎င်းကျန်ရှိနေတဲ့လမ်းပိုင်းသည် အမာခံ လမ်းဖြစ်သော်လည်း နှစ်စဉ်အမြဲမပြတ် မိုးရွာသွန်းပြီး လမ်းပိုင်းတော်တော်များများ၌ ကျောက်များ သည် ရေစီးနှင့်မျှောပါပြီးမြေသားလမ်းပုံစံဖြစ်နေပါကြောင်း၊ နှစ်စဉ် လမ်းဦးစီးဌာနမှ လမ်းပိုင်း များကို ပြင်ထိန်းများပြုလုပ်သော်လည်း ဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ်၊ ဆီဘောက်ဆာ ကားကြီးများ၏ဝန်နှင့် လမ်းမမျှတမှုကြောင့် လမ်းပိုင်းတော်တော်များများသည် မိုးအနည်း ငယ်ရွာသည်နှင့် ပျက်စီးလျက်ရှိပါကြောင်း၊ နမ္မတီး-တနိုင်းလမ်း၏ ခရီးသည်တင်ယာဉ်ငယ်များမှာ ပွင့်လင်းရာသီ တွင် မိုင် ၈၀ ကျော်ခရီးအား အချိန် ၃ နာရီမှ ၄ နာရီသာမောင်းရပြီး မိုးတွင်းကာလတွင် အနည်းဆုံး ၆ နာရီမှ ၈ နာရီအထိ မောင်းရကြောင်း၊  တနိုင်းမြို့နယ်၏ ကျန်ရှိ နေသော အမာခံ လမ်း ၁၃.၄ မိုင်အား အဆင့်မြင့်ကွန်ကရစ်လမ်းခင်းပေးပါက တနိုင်းမြို့ ပြည်သူ များ ၏ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ဘဝလုံခြုံရေးများ အဆင်ပြေသွားသလို ကုန်ဈေးနှုန်း လည်း သိသာစွာမှာကျဆင်း သွားမှာဖြစ်ပါသောကြောင့် ကျန်ရှိသောအမာခံလမ်းအား ကွန်ကရစ်လမ်းခင်း ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

          နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အတွင်းရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းပိုင်းဖြစ်၍ မိုင်တိုင် ၆ဝ/၁ မှ ၁၀၃/၁ အထိ လမ်း အရှည် ၄၃ မိုင်ရှိပြီး လက်ရှိလမ်းအခြေအနေတွင် ကွန်ကရစ်လမ်း ၁၆ မိုင်၊ ၁ ဖာလုံရှိပြီး အမာခံလမ်း ၂၆ မိုင်၊ ၇ ဖာလုံ ရှိပါကြောင်း၊ ကချင်ပြည်နယ် အတွင်းတွင် လမ်းမိုင်ပေါင်း ၂,၆၃၅ မိုင်၊ ၅ ဖာလုံရှိပြီး ကတ္တရာလမ်းအဆင့်ထိမဖြစ်သေးသည့် လမ်းများက ကျောက်ခင်းလမ်း ၂၆၉ မိုင်၊ ၁ ဖာလုံ၊ အမာခံ လမ်း ၄၂၁ မိုင်၊ ၂ ဖာလုံနှင့် မြေသားလမ်း ၇၃၂ မိုင်၊ ၂ ဖာလုံကျန်ရှိနေသေးကြောင်း၊

          နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း၊ တနိုင်းမြို့နယ်၏ စုစုပေါင်းလမ်းမိုင် ၄၃ မိုင်အတွင်းရှိ ဂျာဘူတောင် မိုင်တိုင် ၆၀/၁ မှ တနိုင်းမြို့ မိုင်တိုင် ၈၇/၁ အထိ ၂၇ မိုင် လမ်းပိုင်းဖြစ်ပါကြောင်း၊ ကွန်ကရစ်လမ်းအဖြစ် ၁၁ မိုင်၊ ၅ ဖာလုံဆောင်ရွက် ထားရှိပြီး အမာခံလမ်းအဖြစ်မှာ ၁၅ မိုင်၊ ၃ ဖာလုံသာ ရှိပါကြောင်း၊ အမာခံလမ်း ၁၅ မိုင်၊ ၃ ဖာလုံအနက်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုင်တိုင် ၇၄/၂ မှ ၇၅/၄ အတွင်း ၆ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်သွားပေးမည် ဖြစ်ပါ ကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျန်ရှိသောလမ်းပိုင်းများကိုလည်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ရန်ပုံငွေထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။