ကျုံပျော်မြို့နယ်၊ အောင်လံစုလမ်းဆုံမှ ကျုံတနီးရွာအထိ လမ်းပိုင်းအား ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ကျုံပျော်ခရိုင်၊ ဓနုဖြူ-တောင်ကြီး-အောင်လံစု လမ်းကိစ္စဖြစ်ပြီး ကျုံပျော်မြို့နယ် လမ်းပိုင်းနှင့်စပ်လျဉ်း၍ မိုင်တိုင် ၁၄ မိုင်၊ ၀ဖာလုံမှ မိုင်တိုင် ၂၄ မိုင်၊ ၂ ဖာလုံအထိ အရှည်အားဖြင့် ၁၀ မိုင်နှင့် ၂ ဖာလုံရှိပါကြောင်း၊ လမ်းအသင့်အတင့်ရှိသည်မှာ ၂ မိုင်၊ လမ်း အကောင်းအဆင့်ရှိသည်မှာ ၂ မိုင်နှင့် ၂ ဖာလုံရှိပြီး ကျန်သည့်လမ်းပိုင်း ၆ မိုင်ခန့် လမ်းတွင် အလွန်ဆိုးရွားစွာပျက်စီးနေပါကြောင်း၊ နွေ၊ မိုး၊ ဆောင်းရာသီမရွေး ချောမွေ့စွာသွားလာနိုင်မှု အခြေ အနေမရှိခြင်းကြောင့် အချိန်မီ ပြန်လည် ပြုပြင်ထိန်းသိမ်းပေးပါရန် တင်ပြသွားမည်ဖြစ်ပါကြောင်း။
အဆိုပါ ဓနုဖြူနှင့်တောင်ကြီး-အောင်လံစုလမ်းမကြီးသည် ကျုံပျော်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်တို့ကိုလည်းကောင်း၊ ရန်ကုန် - ပုသိမ်ပြည်ထောင်စုလမ်းမကြီးနှင့် ရန်ကုန်-ဟင်္သာတပြည် ထောင်စုလမ်းမကြီးအားလည်းကောင်း ချိတ်ဆက်သွားလာရသည့် အသက်သွေးကြောလမ်းမကြီး ဖြစ်ပြီး မိမိတို့ ဒေသအတွင်းတွင် ရေစခန်းကျေးရွာ ဘုန်းတော်ကြီးပရဟိတစာသင်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့် တိုက်နယ်ဆေးရုံ ၁ ခု၊ ရဲကင်း ၁ ခုလည်း တင်ပြပါနေရာများတွင် တည်ရှိနေကြပါကြောင်း၊ ထို့အပြင် အနီးဆုံး ကျေးရွာပေါင်း ၂၀ ရွာခန့်နှင့် လူဦးရေပေါင်း ၅၀,၀၀၀ ကျော်ခန့် အားထားနေ ထိုင်ရာဒေသလည်းဖြစ်ပါကြောင်း၊ ကျုံပျော် မြို့နယ်အတွင်း နေထိုင်သော လုပ်သားပြည်သူအပေါင်းက ကျေးရွာဒေသဖွံ့ဖြိုးရေးကိစ္စ၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စ အရေးပေါ်သွားလာကြမည်ဆိုလျှင် အချိန်မနှောင်းဘဲ သွားလာဆောင်ရွက်နိုင်ရန် အထူး လိုအပ်ပါကြောင်း၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရန်ကုန်-ပုသိမ်-ဟင်္သာတမြို့ကြီးများဆီသို့ သွားမည်ဆိုလျှင် ထို ဓနုဖြူ-တောင်ကြီး-အောင်လံစု တစ်လမ်းထဲတွင်သာ ပြည်ထောင်စုလမ်းမကြီးကို အဓိကချိတ်ဆက်ထားတာဖြစ်သည့် အတွက်ကြောင့် ဒေသထွက်ကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးပစ္စည်းများ အဆက်မပြတ်တင်ပို့နေရ ခြင်းနှင့် ခရီးသွားပြည်သူများ အမြဲမပြတ်သွားလာကြခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ကြသူများနှင့် ယာဉ်လိုင်းအသီးသီးမှ ချောမွေ့စွာ ကုန်စည်စီးဆင်းမှု ဆောင်ရွက်နိုင်မှသာလျှင် ဒေသလူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း။
ထို့ကြောင့် ကျုံပျော်ခရိုင်အတွင်း တောင်ကြီး- အောင်လံစုလမ်းဆုံနှင့် ဓနုဖြူလမ်းပိုင်း ၁၀ မိုင် ခန့်တွင် ဆိုးရွားစွာပျက်စီးနေသောလမ်း ၆ မိုင်ခန့်ကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး ချောမွေ့စွာသွားလာနိုင်ရန်အတွက် အချိန်မီပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးပါရန်နှင့် မိမိတို့လွှတ်တော် ရပ်နား ချိန်တိုင်းတွင် မဲဆန္ဒရှင်ပြည်သူများမှ မရမကဖိတ်ခေါ် ခနခနတောင်းဆိုနေသည်ကို အမှန်ဖြစ် သည့်အတွက် မိဘပြည်သူများသည် စာနာသောအားဖြင့် အချိန်မီပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင် ခြင်းရှိ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
အထက်ပါ မေးမြန်းထားသည့် လမ်းပိုင်းသည် အရှည် ၂၄ မိုင်၊ ၂ ဖာလုံရှိ ဓနုဖြူ - သောင်ကြီး လမ်း၏ ကျုံပျော်မြို့နယ် အပိုင်း မိုင်တိုင် ၁၄ (ကျုံတနီးရွာ)မှ မိုင်တိုင် ၂၄/၂ (အောင်လံစုလမ်းဆုံ)အထိ ၁ဝ မိုင်၊ ၂ ဖာလုံလမ်းအပိုင်း ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း။
အဆိုပါလမ်း၏ လက်ရှိလမ်းအခြေအနေတွင် ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပါကြောင်း၊ လမ်းမိုင် ၁၀ မိုင်၊ ၂ ဖာလုံရှိပါကြောင်း၊ ကောင်းမွန်သောလမ်းအပိုင်းသည် ၂ မိုင်၊ အသင့်အတင့် ကောင်းမွန်သောလမ်းသည် ၃ မိုင်ရှိပြီး ပျက်စီးမှုများပြားသောအပိုင်းသည် ၅ မိုင် ၂ ဖာလုံရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လမ်းမိုင်ပေါင်း ၂,၇၅၃ မိုင် ၄ ဖာလုံရှိပြီး ကတ္တရာလမ်း အဆင့်ထိ မဖော်ထုတ်နိုင်သေးသည့်လမ်း ကျောက်လမ်း ၄ဝ၇ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၂၂၈ မိုင် ၇ ဖာလုံ နှင့်မြေသားလမ်း ၄၇၆ မိုင် ၇ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းတွင် ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် လမ်းပိုင်းအတွင်း၌ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၁.၅ ဖာလုံ၊ ကတ္တရာလမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း ၃ ဖာလုံ စုစုပေါင်း ၄.၅ ဖာလုံသည် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းတွင် အများပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရန် လမ်းပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေနှင့်လည်း ကတ္တရာ လမ်းအနိမ့်အမြင့် ဖြေညှိခြင်း ၃ ဖာလုံသည် ထပ်မံလျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။