MY EN

(ဆ)- ဦးလှဝင်းဦး(ပခုက္ကူမဲဆန္ဒနယ်)

2026-09-25
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးလှဝင်းဦး (ပခုက္ကူ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပခုက္ကူမြို့၊ ကျွဲတဲကျေးစု၊ ဦးပိုင်အမှတ်(၃၀-ခ)ရှိ မြေဧရိယာ ၆၄.၂၂ ဧကအား မြေလိုအပ်ချက်ရှိနေသည့် ဌာနဆိုင်ရာများ အသုံးပြုနိုင်ရေးအတွက် ခွင့်ပြုပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

မိမိအနေဖြင့် ပခုက္ကူမြို့၊ ကျွဲတဲကျေးရွာအုပ်စု၊ ကွင်းအကွက်အမှတ်အမည် ၃၁၅(က)၊ ကျွဲတဲအနောက် ဦးပိုင်အမှတ် (၃၀-ခ)ရှိ မြေဧရိယာ ၆၄.၂၂ ဧကကို မြေနေရာလိုအပ်လျက် ရှိသော ပခုက္ကူခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနရုံးအတွက် Multi Task Station ယာဉ် စစ်ရုံအတွက် လိုအပ်မည့်အကျယ်အဝန်း ၄၀၀ ပေ x ၄၀၀ ပေကို အကျိုးရှိစွာ အသုံးပြုခွင့် ရရှိရန်အတွက် မေးမြန်းတင်ပြသွားမည်ဖြစ်ပါကြောင်း။ 

ယခင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အသုံးပြုရန်ချမှတ်ပေးခဲ့ သည့် ပခုက္ကူမြို့၊ ကျွဲတဲအုပ်စု၊ ကွင်းအမှတ်အမည် (၃၁၅-က)၊ ကျွဲတဲအနောက် ဦးပိုင်အမှတ်(၃၀-ခ)ရှိ မြေဧရိယာ ၆၄.၂၂ ဧကသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသုံးပြုရန် မရှိသဖြင့် နိုင်ငံတော်ထံ ပြန်လည်စွန့်လွှတ်အပ်နှံခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၃-၁၀-၂၀၂၄ ရက်စွဲပါ စာအမှတ် ၅၀၉(၆၇၁)/၁၂ ဖြင့် နိုင်ငံတော်ကောင်စီရုံးမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်၍ ဆောင်ရွက်ရန် ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၆-၁၁-၂၀၂၄ ရက်စွဲပါစာအမှတ် ၁၀၃၅/၂၄ ဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် အသုံးပြုရန် မရှိသည့်အတွက် နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံလာသည့် အဆိုပါမြေဧရိယာ ၆၄.၂၂ ဧကကို State Land နိုင်ငံပိုင်မြေ အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ပခုက္ကူခရိုင်၊ ကုန်းလမ်းပို့ဆောင် ရေးနှင့်ညွှန်ကြားမှုဦးစီး ဌာနရုံးသည် ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မင်းတပ်ခရိုင် ခရိုင် ၃ ခုရှိ မြို့များ အားလုံးကို ဆောင်ရွက်ပေးနေရသည့်အတွက် ဆောင်ရွက်ရသည့် ကျန်မြို့များတွင်လည်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ မင်းတပ်၊ ကန်ပက်လက် စသည့် မြို့ပေါင်း ၁၁ မြို့ရှိ ယာဉ်အစီးရေပေါင်း ၁၁၂,၇၉၁ စီးနှင့် ယာဉ်မောင်းလိုင်စင်မျိုးစုံ အစောင်ရေပေါင်း ၁၄၂,၆၂၈ စောင် တို့သည် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ယာဉ်စစ်ကွင်း၊ ယာဉ်စစ်ရုံများမရှိသည့်အတွက် ကွင်းဆင်းစစ်ဆေးရာတွင် အများပြည်သူများအသုံးပြုနေသော စည်ပင်လမ်းမပေါ် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်က ၇ လမ်းပေါ်တွင် ယာဉ်စစ်ဆေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ယာဉ်မောင်း လိုင်စင်များ စစ်ဆေးရာတွင်လည်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးထားသည့် သင်တန်း ခန်းမမရှိဘဲ ဌာန၏အစီအစဉ်နှင့် ဆောက်လုပ်ထားသည့်သင်တန်းခန်းမတွင်သာ လုပ်ကိုင်နေရသည့် အပြင် အဆင့်မီ ယာဉ်မောင်း၊ ယာဉ်စစ်ကွင်းမရှိဘဲ စည်ပင်လမ်းမများနှင့် တခြားလွတ်နေသည့် နေရာ လေးများတွင်  စစ်ဆေးနေရကြောင်း တွေ့ရှိပြီး ၎င်းဌာန၏ မြေလိုအပ်ချက်ဖြစ်သည့်              ၄၀၀ ပေ x ၄၀၀ ပေ အကျယ်အဝန်းသည် ခွင့်ပြုမိန့်ချထားပေးပါက လုံလောက်ပါကြောင်း တာဝန်ရှိသူမှ ပြောကြားတင်ပြခဲ့ပါကြောင်း၊ ထိုလိုအပ်ချက်များကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြ ထားပြီးဖြစ်ပြီး ပခုက္ကူခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြးမှုဦးစီးဌာနမှလည်း ၎င်းတို့ အထက်ဌာန အသီးသီးသို့ မိတ္တူများပို့ထားပြီးဖြစ်ပါသဖြင့် ပခုက္ကူခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြးမှုဦးစီး ဌာနရုံးအတွက် လိုအပ်လျက်ရှိသော မြေအကျယ် ၄၀၀ ပေ x ၄၀၀ ပေ ကို အသုံးပြုခွင့် ခွင့်ပြုမိန့်ချ ပေးရန်အတွက် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူ က

          ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ ကွင်းအကွက်အမှတ်နှင့်အမည်(၃၁၅-က)၊ ကျွဲတဲ အနောက်ကွင်း၊ ဦးပိုင်အမှတ်(၃၀-ခ)၊ မြေဧရိယာ ၆၄.၂၂ ဧကရှိ မြေနေရာသည် အတွင်းဝန်ရုံး၏ ၂၀-၆-၁၉၆၊ ရက်စွဲပါစာအမှတ် (၃၈/ဈ-က-၆၂) အရ ကုန်းလမ်းပို့ဆောင်ရေးမြေနေရာအဖြစ် လ/န(၃၉) ရရှိခဲ့ ပြီး ၎င်းမြေအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ယခင်ကုန်းလမ်းပို့ဆောင်ရေးက အသုံးပြုရန်မရှိသည့် အတွက် နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၆-၁၁-၂၀၂၄ ရက်တွင် အမိန့်ကြော်ငြာစာ (၁၀၃၅/၂၀၂၄)ဖြင့် နိုင်ငံတော်ပိုင်မြေ(State Land)အဖြစ် သတ်မှတ်ခဲ့ ပါကြောင်း၊ အဆိုပါမြေဧရိယာ ၆၄.၂၂ ဧကသည် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ယခင်ကုန်းလမ်းပို့ဆောင်ရေး ပိုင်ဖြစ်ပြီး အဆိုပါဌာနသည် ၁-၄-၂ဝ၂၄ ရက်တွင် ဖျက်သိမ်းခဲ့သဖြင့် အဆိုပါမြေအား နိုင်ငံတော်ပိုင် မြေအဖြစ် အပ်နှံရန်ညွှန်ကြားခဲ့သောကြောင့် နိုင်ငံတော်ပိုင်မြေ(State Land) အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ပခုက္ကူ)အား ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ (၇)လမ်းရှိ မြေဧရိယာ ၀.၃၃ ဧက အကျယ်အဝန်းတွင် ဖွင့်လှစ်ထားရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါကြောင်း၊ ၎င်းဌာန၏ ခရိုင်ရုံးမှတ်ပုံတင်နယ်မြေတွင် ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မင်းတပ်ခရိုင် စသည့် ခရိုင် ၃ ခရိုင်နှင့် မြို့နယ် ၁၁ မြို့နယ်ပါရှိပြီး ယာဉ်စီးရေပေါင်း ၁၁၂,၇၉၁ စီးနှင့် ယာဉ်မောင်း လိုင်စင် ၁၄၂,၆၂၈ စောင်တို့ကို မှတ်ပုံတင်ထားရှိပြီး ခရိုင်ရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသော်လည်း စံချိန်စံညွှန်း ကိုက်ညီသည့် ယာဉ်ကြီး၊ ယာဉ်ငယ်များစစ်ဆေးနိုင်သော ယာဉ်စစ်ဆေးရေးကွင်းမရှိခြင်း၊ ယာဉ် မောင်း ဖြေဆိုရာ တွင် ယာယီဆောက်လုပ်ထားသည့် သင်တန်းခန်းမတွင်သာ ဆောင်ရွက်ရခြင်းကြောင့် မြေနေရာ ၂ ဧကခန့်ရရှိရန် ပခုက္ကူ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ခရိုင်ရုံး(ပခုက္ကူ)မှ ၂၁-၈-၂ဝ၂၅ ရက်နေ့တွင် တင်ပြထားကြောင်းကို တွေ့ရှိရပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၅-၁၂-၂၀၁၄ ရက်စွဲပါ မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်အပိုဒ် ၁၊ အပိုဒ်ခွဲ(ဇ)၊ အပိုဒ်ခွဲငယ်(၁)တွင် ပြန်လည်စွန့်လွှတ်အပ်နှံမြေများကို အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းမှ ရယူအသုံးပြုရန်လိုအပ်လျှင် နိုင်ငံတော်သမ္မတထံ တင်ပြလျှောက် ထားပြီး ခွင့်ပြုချက်ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မြေအမျိုးအစားအလိုက် စီမံခန့်ခွဲပိုင်ခွင့်ရှိသော သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းသို့ တင်ပြခြင်း၊ အပိုဒ်၁၊ အပိုဒ်ခွဲ(ဇ)၊ အပိုဒ်ခွဲငယ်(၂)တွင် အပိုဒ်ခွဲငယ်(၁)အရ တင်ပြချက်ရရှိလျှင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီးမြေလွှဲခြင်း၊ မြေငှားခြင်း၊ မြေအသုံးပြုခွင့်လုပ်ပိုင် ခွင့်ပြု ခြင်းနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာအမိန့်၊ အမိန့်ကြော်ငြာစာများထုတ်ပြန်ခြင်းဆောင်ရွက်ရန် ဟု ညွှန်ကြားထားရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၅-၁၂-၂၀၁၄ ရက်စွဲပါ မြေအသုံးချ မှုစီမံ ခန့်ခွဲရေးဆိုင်ရာညွှန်ကြားချက် နောက်ဆက်တွဲတွင်ဖော်ပြထားသည့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများအပိုဒ် ၃၊ အပိုဒ်ခွဲ(က)တွင် အစိုးရဌာနအဖွဲ့အစည်းများသည် အများပြည်သူ အကျိုးစီးပွား အတွက် နိုင်ငံတော်ကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို ရယူအသုံးပြုလိုပါက နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ရယူ၍ ခွင့်ပြုချက်ရရှိလျှင် သက်ဆိုင်ရာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လျှောက် ထား ရမည်ဟုဖော်ပြထားပြီး အပိုဒ်ခွဲ(ခ)တွင် အုပ်ချုပ်ရေးမှူးက မြေလွှဲအမှုတွဲဖွင့်လှစ်ပြီး အမှုတွဲ ပြည့်စုံပါက မြေနှင့်အခွန်အမိန့် ဆင့်ဆိုချက် ၃၃၂၊ ၃၃၃၊ ၃၃၄ တို့အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မြေလွှဲအမိန့်ကြော်ငြာစာ ထုတ်ပြန်လွှဲပြောင်းပေးရ မည်ဟု ညွှန်ကြားထား ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံတော်ပိုင်မြေအဖြစ်သတ်မှတ်ထားသော ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာ အုပ်စုရှိ မြေဧရိယာ ၆၄.၂၂ ဧကသည် အသုံးပြုလိုသည် ဝန်ကြီးဌာနများအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ညွှန်ကြားချက်နှင့်အညီ နိုင်ငံတော်သမ္မတထံ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက် ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။