MY EN

(က)- ဦးညွန့်ဝင်း(မြစ်ကြီးနားမဲဆန္ဒနယ်)

2026-09-25
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးညွန့်ဝင်း (မြစ်ကြီးနား မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

(က)- ဦးညွန့်ဝင်း(မြစ်ကြီးနားမဲဆန္ဒနယ်)

မန္တလေး-မြစ်ကြီးနား သွား/ပြန်လေယာဉ်ခရီးစဉ်များတိုးချဲ့ပေးရန်နှင့် လေယာဉ်ခမှောင်ခိုဈေးကွက်အား ထိန်းချုပ်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

          မြစ်ကြီးနားမြို့ကို မန္တလေး-မြစ်ကြီးနား မီးရထားဖြင့်လည်းကောင်း၊ မန္တလေး-ရွှေဘို-မြစ်ကြီးနား မော်တော်ကားလမ်းဖြင့်လည်းကောင်း၊ မန္တလေး-ဗန်းမော်-မြစ်ကြီးနားသို့ ရေကြောင်း လမ်း၊ မော်တော်ကားလမ်းတို့ဖြင့်လည်းကောင်း၊ ပြည်သူများအတွက် ကုန်စည်စီးဆင်းမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခြားသော လူမှုစီးပွားအဝဝဖြင့် အဆင်ပြေစွာ သွားလာနိုင်ခဲ့ကြပါကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်၊ နှစ်ဦးပိုင်းကာလမှာဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးမကျေနပ်မှု ပြဿနာများကြောင့် နိုင်ငံတစ်ဝန်း လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့ပြီး မန္တလေး-မြစ်ကြီးနား မီးရထားပြေး ဆွဲခြင်းသည် ရပ်ဆိုင်းသွားခဲ့သည်မှာ ယနေ့အထိပင်ဖြစ်ပါကြောင်း။

          မန္တလေး-ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ မြောက်မော်တော်ကားလမ်းကြီးကလည်း တိုက်ခိုက် မှုများအကြား သွားလာရသည့်အတွက် မိမိတို့၏ အသက်ကို အပေါင်ထားပြီး ရက်ရှည် ခရီး သွားရမှာဖြစ်၍ မသွားရဲ၊ မလာရဲဖြစ်ပြီး ကချင်ပြည်နယ်ရှိ မိဘပြည်သူများအနေဖြင့် လေယာဉ် လမ်းကြောင်း တစ်ခုတည်းကိုအားကိုးပြီး သွားလာနေကြရပါကြောင်း၊ ယခင်က မန္တလေး-မြစ်ကြီးနား လေယာဉ် ခရီးစဉ်အနေဖြင့် တစ်နေ့ကို လေယာဉ်နှစ်စီး၊ သုံးစီးပုံမှန်ပြေးဆွဲပေးခဲ့တာကြောင့် ကချင်ပြည်နယ်သူ ပြည်နယ်သားတွေအနေနဲ့ မိမိတို့၏စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများ အတွက် အဆင်ပြေချောမွေ့ခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ ဖြစ်ပေါ်ခဲ့သည့် လေယာဉ်ကို အကြမ်းဖက်များမှ လက်နက်ကြီးနှင့်ပစ်ခတ်မှု ဖြစ်စဉ်အပြီး လေကြောင်း လိုင်းများ အားလုံး ရပ်တန့်သွားခဲ့ရပါကြောင်း၊ သို့သော် အစိုးရအဖွဲ့၏ ကြိုးပမ်းမှုကြောင့် ၄၅ ရက်ခန့် အကြာမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလပထမပတ်မှစပြီး တစ်ရက်လျှင်လေယာဉ် တစ်စီးနှုန်း ပြေးဆွဲပျံသန်း ပေးနေသည့်အတွက် ခရီးသွားလာမှုအနေဖြင့် အဆင်ပြေချောမွေ့ခဲ့ပါကြောင်း,၊ ယနေ့ အထိ တနင်္လာနေ့နှင့် ကြာသပတေးနေ့တွင် မန်းရတနာပုံလေကြောင်းလိုင်း၊ စနေနေ့ အဲသံလွင် လေကြောင်းလိုင်း၊ သောကြာနေ့နှင့် အင်္ဂါနေ့တွင် MAI လေကြောင်းလိုင်း တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့များမှာ MNA လေကြောင်းလိုင်းတို့ ပြေးဆွဲပျံသန်းပေးလျက်ရှိသည့်အတွက် အခက် အခဲများကြားမှ စီမံ ဆောင်ရွက်ပေးသည့် အစိုးရနှင့် လုံခြုံရေးအဖွဲ့အစည်းများကို ပြည်နယ်သူ ပြည်နယ် သားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း။

ယနေ့အချိန်အခါတွင် နေ့စဉ်လေယာဉ် တစ်စီးသာ ပြေးဆွဲပျံသန်းပေးသည့်အတွက် ခရီး သွားပြည်သူများအနေဖြင့် ပိုမိုသွားလာနိုင်မှုမရှိခြင်းကြောင့် အဓိကအားဖြင့် ကျန်းမာရေးစောင့် ရှောက်မှုခံယူနေရသူများအနေနှင့် များစွာဒုက္ခကြုံတွေ့နေရပါကြောင်း၊ တချို့ အချိန်မီ ဆေးဝါး ကုသခွင့် မရ၍ အသက်ပါဆုံးရှုံးရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့နေရပါကြောင်း၊ ထို့အပြင် ကျောင်းသား၊ကျောင်းသူများ ပညာရေးသင်ကြားမှုကိစ္စနှင့် တခြားသောလူမှုရေးအခက်အခဲ အခြေ အနေများကြောင့် လေယာဉ်ကိုတိုးချဲ့ပျံသန်းပေးနိုင်ပါရန် လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းလေယာဉ် တစ်စီးတည်း ပြေးဆွဲပျံသန်းနေရသည့် အတွက်ကြောင့် လေယာဉ်ခနှုန်းထားများသည် အဆမတန် ကြီးမြင့်မှုနှင့် ကြုံတွေ့နေရပါကြောင်း၊ သာမန်အားဖြင့် မြစ်ကြီးနား-မန္တလေး လေယာဉ်ခသည် ငွေကျပ် ၆၅၀,၀၀၀ ကျော်သာရှိပြီး ပြင်ပဈေးကွက်တွင် ငွေကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိ ပေးဝယ်နေကြရ ပါတယ်။ ဒါကြောင့် မန္တလေး-မြစ်ကြီးနား၊ မြစ်ကြီးနား-မန္တလေးလေယာဉ်ခရီးစဉ် တိုးချဲ့ပျံသန်းပေးရန် အစီအစဉ် ရှိ၊မရှိနှင့် လေယာဉ်ခနှုန်းထားများအား ပြင်ပပေါက်ဈေး မှောင်ခိုဈေးကွက်ဖြင့် ဈေးနှုန်း ကြီးစွာ ဝယ်ယူနေမှုအား မည်ကဲ့သို့ ထိန်းချုပ်သွားမည့်အစီအစဉ်အား သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင် က

          ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မီးရထား၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များမှာ ပြည်သူ များ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ဈေးနှုန်းသက်သာစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရန် စဉ်ဆက် မပြတ် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့သို့ လေကြောင်းလိုင်း ၅ လိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာအမျိုးသားလေကြောင်း၊ မင်္ဂလာလေကြောင်း၊ Air Thanlwin လေကြောင်း နှင့် မန်းရတနာပုံ လေကြောင်းတို့မှ တစ်ရက်လျှင်နှစ်ကြိမ်နှုန်းဖြင့် ပျံသန်းပေးလျက်ရှိရာ ခရီးသွားလာမှု ပိုမို အဆင်ပြေစေရန် အတွက်ကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လေကြောင်းလိုင်း တစ်လိုင်းက တစ်ကြိမ်ဖြင့် လည်းကောင်း၊ အပတ်စဉ်သောကြာနေ့တိုင်း မြန်မာအမျိုးသား လေကြောင်းမှ တစ်ကြိမ်ဖြင့်လည်းကောင်း ထပ်မံ တိုးမြှင့်ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဒီနေ့အချိန်အခါမှာဆိုလျှင် တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့၊ စနေနေ့၊ တနင်္ဂနွေ နေ့များတွင် တစ်ရက်လျှင် နှစ်ကြိမ်ဆင်း နှစ်ကြိမ်တက် ၅ ရက်ဖြစ်ပါကြောင်း၊ ဗုဒ္ဓဟူးနေ့၊ သောကြာ နေ့များမှာ သုံးကြိမ်ဆင်း သုံးကြိမ်တက် ၂ ရက်ဖြစ်တဲ့အတွက်ကြောင့် ၇ ရက် တစ်ပတ်လျှင် ၁၆ ကြိမ်ဆင်း ၁၆ ကြိမ်ပြန်တက် ပြေးဆွဲပေးလျက်ရှိကြောင်းပါကြောင်း။ 

လေယာဉ်ဆီဈေးနှုန်း တဖြည်းဖြည်းလျော့ကျလာသည့်အတွက် လေယာဉ်လက်မှတ်ခများကို ခရီးသွားပြည်သူများအား သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် လေယာဉ် ဆီဈေးနှုန်း အတက်အကျအပေါ် မူတည်၍ မန္တလေး-မြစ်ကြီးနားခရီးစဉ်ကို အချိန်နှင့် တစ်ပြေးညီ လေကြောင်းလိုင်းများမှလည်း ပြောင်းလဲပြင်ဆင်သတ်မှတ် ရောင်းချပေးလျက်ရှိပါကြောင်း၊ရောင်းချ ပေးလျက်ရှိသည့် ဈေးနှုန်းများကို မိမိ ရှည်လျားမှာစိုး၍ မဖတ်တော့ပါကြောင်း၊ ထို့အပြင် လေယာဉ်လက်မှတ်ခနှုန်းထားများ မှောင်ခိုဈေးကွက်ဖြစ်ပေါ်နေမှုအား ထိန်းချုပ်နိုင်ရေး အတွက် လေယာဉ် လက်မှတ်ခနှုန်းထားများအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် မည်သူ မဆို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှာ ၁၄-၆-၂၀၂၆ ရက်မှာ ထုတ်လွှင့်ကြေညာပြီး ဖြစ်သည့်အပြင် မြစ်ကြီးနားလေယာဉ်လက်မှတ်များ မှောင်ခိုဈေးကွက် ပပျောက်စေရန် လေယာဉ် လက်မှတ်များအား အရောင်းကိုယ်စားလှယ်(Agent)များမှတစ်ဆင့် ရောင်းချစေခြင်းမပြုဘဲ လေကြောင်း လိုင်းနှင့် ၎င်း၏ရုံးခွဲများ ကိုယ်တိုင်သော်လည်းကောင်း၊ Online မှသော်လည်းကောင်း ရောင်းချ ခြင်းကို မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အဲသံလွင်လေကြောင်းတို့က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ မှစတင်၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လမှစတင်၍လည်းကောင်း ဆောင်ရွက်လျက် ရှိကြောင်း၊ လေယာဉ်လက်မှတ်ခများအား သတ်မှတ်ဈေးနှုန်းထက် ဈေးတင် ရောင်းချသူများအား အရေးယူဆောင်ရွက်ရန်အတွက် ဒေသခံပြည်သူများအနေဖြင့် ပြည်နယ်အစိုးရ အဖွဲ့တို့မှ ပူးပေါင်း ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးညွန့်ဝင်း မြစ်ကြီးနားမဲဆန္ဒနယ် ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

မိမိတို့ကိုယ်စားလှယ်အဖွဲ့  ၁၆ ရက်တွင် လွှတ်တော်တက်ရန် နေပြည်တော်ကို ရောက်ခဲ့ပါကြောင်း၊ မိမိ ၁၄ ရက်နေ့တွင် လေယာဉ်လက်မှတ်ဖြတ်ပါကလေကြောင်းလိုင်းမှာ ဘာရေးထားလဲဆိုသည်မှာ ၁၅-၉-၂၀၂၆ ရက်မှ ၃၀-၁၀-၂၀၂၆ ရက်အထိ လေယာဉ် လက်မှတ် ကုန်ပါပြီလို့ ရေးထားပါကြောင်း၊ ၄၅ ရက်စာ လေယာဉ် လက်မှတ်တွေ ရောင်းပြီး သွားပြီဆိုသည့် သဘော ကြေညာထားတာတွေ့ရပါကြောင်း၊  ခရီးသွားလိုသည့် မိဘပြည်သူများမှာ ၄၅ ရက်နောက်ပိုင်းမှဆိုလျှင် တော်တော်လေး အခက်အခဲဖြစ်မည်လို့  မိမိအနေနှင့် တင်ပြလိုပါကြောင်း၊ လေယာဉ် လက်မှတ်ကို ရုံးချုပ်ကလည်းမရောင်းပါကြောင်း၊ Website မှလည်းမရောင်းပါကြောင်း၊ သို့သော် အပြင်မှာ လေယာဉ်ပျံပြီဆိုလျှင် လေယာဉ်သည် Passenger အပြည့်နှင့် ထွက်ခွာသွားတာများ မိမိတို့ တွေ့ကြုံရပါကြောင်း၊ မိမိတို့ လေယာဉ်စီး ခရီးသည်တွင် Kpay ရှိရပါကြောင်း၊ Viber လည်းရှိရပါကြောင်း၊ Telegram လည်းရှိရပါကြောင်း၊ မိမိတို့ ဒေသများတီင် ၎င်းဆောင်ရွက်ပုံမှာ တယ်လီဖုန်းလိုင်းတောင်မှ ကချင်ပြည်နယ်တွင် လိုင်းမကောင်းပါကြောင်း၊ အင်တာနက်ဆိုလျှင် ပိုပြီးတော့ဆိုးပါကြောင်း၊ ထို့ကြောင့် ကျေးလက်မှာရှိသည့် မြစ်ကြီးနား ကိုလာ‌ပြီး    လေယာဉ်စီးကြမည့် တနိုင်းနှင့် ကျန်သည့်မြို့နယ်များမှ Kpay လည်းအဆင်မပြေနိုင်ပါကြောင်း၊ ထို့ကြောင့် ၎င်းကန့်သတ်ထားတာတွေ ဖြေလျှော့ပေးနိုင်မည်ဆိုလျှင် ဖြေလျှော့ပေးနိုင်ရန်နှင့် တချို့လိုင်းပေါ်တွင် ရောင်းတာလေးများလည်း တွေ့ရပါကြောင်း၊ လိုင်းပေါ်တွင်ရောင်းတာ အလိမ်ခံ ရတာ တွေ့ရပါကြောင်း၊ ထို့ကြောင့် လေယာဉ်လက်မှတ် လိုင်းပေါ်တွင်ရောင်းတယ် ဆိုသည့်အခါ အခက်အခဲကြုံနေရတာဖြစ်ပါကြောင်း၊ ယခင်ရှိပြီးဖြစ်သည့် ဒေသတွင် Agent များရှိပါကြောင်း၊ ၎င်း Agent များမှတစ်ဆင့် ယခင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ ပြဿနာတက်သည်ဆိုလျှင် ၁၉ ရက်ဟိုဘက်ဆိုလျှင် လေယာဉ်ဈေးနှုန်းများလည်း အခက်အခဲမရှိပါကြောင်း၊ ဝယ်ရတာလည်း အဆင်ပြေခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးမြန်းတင်ပြချင်တာက လေယာဉ် လက်မှတ်ရောင်းသည့်  Agent တွေကို ပြန်ပြီး ၎င်းတို့၏လုပ်ပိုင်ခွင့်လေးများ ချမှတ်ပေးခဲ့မည် ဆိုလျှင် မှောင်ခိုဈေးကွက်ကိုလည်း နှိမ်နင်းရာရောက်နိုင်ပါကြောင်း၊ ထို့ကြောင့် ယခင်ကရှိပြီးသား ဖြစ်သည့် လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်ဆီကနေ ဝယ်ယူ ခွင့်ပြန်ရမည်ဆိုလျှင် လေယာဉ် လက်မှတ်မှောင်ခိုဈေးပေးဝယ်ရမည့်ဒုက္ခ၊ အလိမ်ခံရမည့်ဒုက္ခမှ ကင်းဝေးမှာ ဖြစ်သည့်အတွက် ယခင်အတိုင်း လက်မှတ်အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် ရောင်းချခိုင်းရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ 2026-09-25 12:45 PM
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင် က 

လေယာဉ်လက်မှတ်ကို ၄၅ ရက်ကြိုဝယ်သည်အထိ လက်မှတ်ရောင်းချပြီးသား ဆိုသည့် အဓိကပြဿနာဖြစ်ပါကြောင်း၊မိမိ အပြင်တွင် ဆွေးနွေးပြီး ဖြစ်ပါကြောင်း၊ အဓိကပြဿနာမှာ Supply and Demand လေယာဉ်မရှိသည့်ပြဿနာဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင်ရှိသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း၊ ကျန်သည့် ကုမ္ပဏီပိုင်လေကြောင်းလိုင်းများအနေနှင့် အခြား အခြားသောနေရာများကို ပြည်တွင်း၊ပြည်ပ အချိန်နှင့်တစ်ပြေးညီပြေးဆွဲနေရတာဖြစ်သည့်အတွက် မြစ်ကြီးနားဆိုလျှင် ၇ ရက် တစ်ပတ်ကို ၁၆ စီး ပြေးဆွဲပေးနေတာဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏  ကြပ်မတ်ကွပ်ကဲမှုကြောင့်ဖြစ်ပါကြောင်း၊ အဓိကပြဿနာမှာ Supply နှင့် Demand လေယာဉ်လုံလုံလောက်လောက် ပြေးဆွဲနိုင်ခြင်းမရှိသည့် ပြဿနာ ဖြစ်ပါကြောင်း၊  ဒါတစ်ချက် ကျွန်တော်တင်ပြလိုပါတယ်။ နောက်တစ်ချက်က Agent တွေ ပြန်လည် ထားပေးရန်ဆိုတာလည်း ရှိပါကြောင်း၊  ဒီနေရာတွင် မိမိတို့ဝန်ကြီးဌာနလည်း အသေးစိတ် စုံစမ်းမေးမြန်းပြီး စိစစ်သုံးသပ်နေပါကြောင်း၊ Agent ကြောင့်လည်း မှောင်ခိုဖြစ်သလို၊ Agent သည်လည်း ဌာနပိုင်ကြောင့် မှောင်ခိုဖြစ်တယ်။ ဌာနကလူများမှလည်း Agentကြောင့် မှောင်ခိုဖြစ်တယ်လို့ အပြန်အလှန်ပြောဆိုနေကြတာတွေလည်း အများကြီးရှိပါကြောင်း၊ 

ထို့ကြောင့် လောလောဆယ် မိမိတို့ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုနှင့် Agent ကို မပေးသေးဘဲ ဌာနမှနေမှ ရောင်းသည့်အစီအစဉ်ဖြင့် စတင်ရောင်းနေခြင်းဖြစ်ကြောင်း တင်ပြအပ်ပါ ကြောင်း၊ ထို့အတူပဲ မိမိတို့ဆက်လက်ပြီး ORPT လို မီးရထားလိုမျိုး Online Railway Ticket Payment အစီအစဉ်လို Mobile Application နှင့် လေယာဉ်လက်မှတ်ရောင်းချခွင့်ကိုလည်း စီစဉ် ဆောင်ရွက်ခွင့် ဆောင်ရွက်နေကြောင်းပါကြောင်း၊ အဓိကမှာ စီးနင်းမည့်သူ ပြောင်းလဲမှုအပေါ်မူတည်ပါကြောင်း၊ မီးရထားမှာ ဝယ်လို့ရှိလျှင် အွန်လိုင်းဆိုလျှင် booking မရှိပါကြောင်း၊ တစ်ပါတည်း တန်းဝယ်ရပါကြောင်း၊ စီးနင်းမည့်သူ ပြောင်းလဲခွင့်မရှိပါကြောင်း၊ စီးနင်းမည့်သူ absence ဖြစ်လည်း ငွေပြန်မအမ်းပါကြောင်း၊ သို့သော် မီးရထားမှ ပြည်တွင်းခရီးစဉ်သာဖြစ်သည့်အတွက် လက်မှတ်ခ မှာလည်း အနည်းဆုံး ၁၅,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်ဖြစ်သည့်အတွက် ပြဿနာမရှိပေမည့် လေယာဉ်ကျတော့  ၇၀၀,၀၀၀ ကျပ်၊ ၈၀၀,၀၀၀ ကျပ်ဖြစ်သည့် အတွက်ကြောင့် လေယာဉ် စီးနင်းမည့်သူပြောင်းလဲခွင့်ပြုမပြုပါကြောင်း၊ မိမိတို့အများကြီးစဉ်းစားရမှာ ဖြစ်ပါကြောင်း၊ လေယာဉ် စီးနင်းမည့်သူ ပြောင်းလဲခွင့် တင်ပြနေခြင်းကို ခွင့်ပြုနေလျှင် မှောင်ခိုလက်မှတ်ဆိုတာလည်း အနည်းနှင့်အများ ရှိနေမည်လို့ထင်ပါကြောင်း၊ ၎င်းအားလုံးကို တချို့မိမိပြန်တင်ပြချင်တာ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် အားလုံးစိစစ်သုံးသပ်ပြီး လေကြောင်းလိုင်းများနှင့်ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း ဖြေကြားလိုပါကြောင်း၊ မြန်မာ့ အမျိုးသား လေကြောင်းလိုင်းအနေဖြင့် တခြားလေကြောင်လိုင်းများ၊ မသွားချင်သော၊ မသွားနိုင်သည့် နေရာများကို မြန်မာအမျိုးသားလေကြောင်းမှ သွားရောက်ပို့ဆောင်ပေးနေကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။