ဟင်္သာတမြို့၊ သပြုဆိပ်အုတ်သျှစ်ကုန်းနှင့် ဝဲကြီးကျေးရွာများရှိ တာဘောင်များအား ခိုင်ခန့်အောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဟင်္သာတမြို့၏ ငဝန်မြစ်ဘေးရှိ သပြုဆိပ်ကျေးရွာ၌ နွေရာသီတွင်စိုက်ပျိုးနိုင်သည့် ကိုင်းကျွန်း မြေယာများကို တောင်သူလယ်သမားများသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က မိမိတို့ အစီအစဉ်ဖြင့် တာဘောင်ဖို့၍ လယ်ဧက ၃၈၀ ကို ဖော်ဆောင်ပြီး မိုးစပါးစိုက်ပျိုးနိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ထို့နည်းတူ သမ္ဘရာတိုင်း ကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာမှာ လည်း လွန်ခဲ့သောနှစ်ပေါင်း ၇၀ ခန့်ကတည်းက တောင်သူလယ်သမားများသည် မိမိတို့အစီအစဉ် ဖြင့် ရေမြှုပ်ဒေသများမှာ ဧက ၅၀၀ ကျော်၊ ၆၀၀ နီးပါးကို မိုးစပါးစိုက်ပျိုးနိုင်အောင် တီထွင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ယခုအခါ အုတ်သျှစ်ကုန်းကျေးရွာနှင့် သပြုဆိပ်ကျေးရွာ များတွင် ကမ်းပြိုမှုများကြောင့် သပြုဆိပ် ကျေးရွာ တာဘောင် ၁ ဖာလုံခွဲခန့် ပြိုကျပြီး လယ် ဧက ၃၈၀လုံး စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ဖြစ်ခဲ့ကြရပါ ကြောင်း။
ယခုမေးခွန်းကို ၇ လပိုင်း ပထမပတ်တွင် တင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်ကကမ်းနေ စာသင် ကျောင်းမှာ ပေ ၄၀၀ ခန့်ရှိခဲ့သော်လည်း ၈ လပိုင်း ပြန်သွားသည့် အချိန်တွင် ပေ ၇၀ ခန့်သာ ကျန်ပြီးကမ်းပြိုမှုများဖြစ်ပွားနေခဲ့ပါကြောင်း၊ သပြုဆိပ်ကျေးရွာရှိ အိမ်ခြေ ၅၄ လုံး၊ အုတ်သျှစ် ကုန်း ကျေးရွာမှာ ၉၀ လုံး တို့ကို ဖြတ်ပြောင်းရွှေခဲ့ရပါကြောင်း၊ ပေ ၃၀၀ ကျော်ကွာဝေးသည့် စာသင် ကျောင်းကလည်း ယခုလက်ရှိ ကမ်းနှင့် ပေ ၆၀ ခန့်သာ ကွာဝေးတော့ပါကြောင်း၊ ဝန်ကြီးကိုယ်တိုင် သွားရောက်ကြည့်ရှုပြီး အန္တရာယ်ဆောင်အဖြစ်သတ်မှတ်၍ စာသင်ကြားခွင့်ကိုလည်း ပိတ်ထားခဲ့ ရပါကြောင်း၊ ဩဂုတ်လ လဆန်းပိုင်းတွင် ဆရာတော်များနှင့် စေတနာရှင်၊ အလှူရှင်များ၊ ကျေးရွာသူ ကျေးရွာသားများ စုပေါင်းပြီး အလှူငွေများ သိန်း ၄၀၀ ကျော် စုဆောင်းပြီး ကာကွယ်မှု လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့သည့်နေရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာ အကူအညီများနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ ပါကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လည်း ကာကွယ်ရေးလုပ်ငန်းများတွင် သိန်း ၁၀၀ ထည့် ဝင်ခဲ့ ပါကြောင်း။
ဟင်္သာတမြို့နယ်တွင် ရပ်ကွက် နှင့်ကျေးရွာအုပ်စု ၁၃၂ အုပ်စု၊ ကျေးရွာခွဲပေါင်း ၇၉၀ကျော် ရှိ သည့်အနက်မှ ၎င်းရွာနှစ်ရွာသည် လယ်ယာမြေ ဧက ၁၀၀၀ နီးပါးပေါ်အောင်ဆောင်ရွက်ခဲ့ပြီး မိုးစပါး စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြပါကြောင်း၊ သို့ဖြစ်ပါ၍
(၁) အင်းဂရမ်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ သပြုဆိပ်ကျေးရွာနှင့် အုတ်သျှစ်ကုန်း ကျေးရွာ ကမ်းပြိုမှုများအား ထိန်းသိမ်းကာကွယ်ပေးရန် အစီအစဉ်ရှိ/ မရှိ၊
(၂) သပြုဆိပ်ကျေးရွာကမ်းပြိုကျသွားသော တောင်သူလယ်သမားများ၏ တာဘောင် ၁ ဖာလုံခွဲ ခန့်အား ပြန်လည်ဖို့ပေးရန်အစီအစဉ်ရှိ /မရှိ၊
(၃) သပြုဆိပ်ကျေးရွာနှင့် ဝဲကြီးကျေးရွာတွင်ရှိသော ဧက ၉၀၀ ကို ဖော်ဆောင်ထားသော တောင်သူလယ်သမားများ၏တာဘောင်အား ခိုင်ခန့်သောတာဘောင်များအဖြစ် ပြန်လည် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/ မရှိ တို့အား မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးဗိုလ်ဗိုလ်ကျော်
သပြုဆိပ်လယ်သမားတာနှင့် ဝဲကြီးလယ်သမားတာများမှာ တောင်သူများ၏ အစီအစဉ် ဖြင့် တည်ဆောက်ခဲ့ကြပြီး တောင်သူများကိုယ်တိုင်ပြုပြင်ထိန်းသိမ်းလျက်ရှိကာ ဆည်မြောင်း နှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းမှုမရှိသော တာဖြစ်ပါကြောင်း၊ အဆိုပါ လယ်သမားတာများမှာ ငဝန်မြစ် ရေဘေးကာကွယ်ရေးတာ၏ အပြင်ဘက် ငဝန်မြစ်ကမ်းဘေးတွင် တည်ရှိပြီး မိုးရာသီကာလ ငဝန်မြစ်ရေမြင့်တက်ချိန်တွင် မြစ်ရေခေတ္တခိုအောင်းရာ သဘာဝရေ နေရေထိုင်ဧရိယာ (Flood Retention Area) များအတွင်းမှာ တည်ရှိနေခြင်းဖြစ်ပါကြောင်း။
သပြုဆိပ်လယ်သမားတာမှာ သပြုဆိပ်ကျေးရွာနှင့် ဂျောင်းစိန်ကျေးရွာများကို ဖြတ်သန်း၍ တာဝိုင်းပုံသဏ္ဌာန် တည်ဆောက်ထားပြီး ငဝန်မြစ်၏ လက်ဝဲဘက် မြစ်ကမ်းဘေးတွင် တည်ရှိကာ စုစုပေါင်းတာအလျား ၄.၂၅ မိုင် ရှိပါကြောင်း၊ သပြုဆိပ် လယ်သမားတာဝိုင်းအတွင်း ကာကွယ်ထား ရှိသော ဧရိယာမှာ ၄၉ဝ ဧကရှိပြီး စိုက်ပျိုးနိုင်သော မြေဧရိယာမှာ ၄၅ဝ ဧက ခန့်ရှိပါကြောင်း၊ ဝဲကြီး လယ်သမားတာသည် သမ္ဘရာတိုင်းကျေးရွာအုပ်စု၊ ဝဲကြီး-ဂျို့ကုန်း-ဂျောင်းစိန်-တလုတ္ထော်ကျေးရွာ များကို ဖြတ်သန်း၍ တာဝိုင်းပုံသဏ္ဌာန်တည်ဆောက်ထားပြီး ငဝန်မြစ်၏ လက်ဝဲဘက် မြစ်ကမ်းဘေးတွင် တည်ရှိကာ စုစုပေါင်း တာအလျား ၄.၅၀ မိုင် ရှိပါကြောင်း၊ ဝဲကြီးလယ်သမား တာဝိုင်း အတွင်း ကာကွယ် ထားသော စုစုပေါင်းဧရိယာမှာ ၆၄၀ ဧကရှိပြီး စိုက်ပျိုးနိုင်သော မြေဧရိယာမှာ ၅၅၀ ဧကခန့် ရှိပါကြောင်း။
ဟင်္သာတမြို့နယ်၊ သမ္ဘရာတိုင်းအုပ်စုတွင်တည်ရှိသော ဝဲကြီးလယ်သမားတာနှင့် သပြုဆိပ် လယ်သမားတာတို့၏ လက်ရှိအခြေအနေတွင် သပြုဆိပ်လယ်သမားတာမှာ ငဝန်မြစ်ရေ တိုက်စားမှု ကြောင့် ကမ်းပြိုကမ်းစား၍ အလျား ၁ ဖာလုံခွဲခန့် ကမ်းပြိုမှုတွင် ပါဝင်သွားပြီး တာဝိုင်းဧရိယာသည် ၃၈၀ ခန့်သာ ကျန်ရှိပါကြောင်း၊ ဝဲကြီးလယ်သမားတာမှာ ကမ်းပြိုကမ်းစားမှု တွင်ပါဝင်သွား သော်လည်း တောင်သူများ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ထားပြီး တာဝိုင်းဧရိယာ ၅ဝဝ ဧက ခန့်ရှိသည်ကို သိရှိရပါကြောင်း၊ ဤဒေသရှိ လယ်မြေများမှာ မြစ်ကမ်းဘေးသဘာဝရေ လွှမ်းဧရိယာများဖြစ်သောကြောင့် မိုးရာသီတွင် မြစ်ရေဖုံးလွှမ်းပါက မိုးရာသီကုန်ဆုံး၍ မြစ်ရေ ပြန်လည် ကျဆင်းချိန်တွင် မိုးစပါးနှင့်ကိုင်းသီးနှံများကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင် လျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း။
၎င်းလယ်သမား တာများမှာ မိုးရာသီ ငဝန်မြစ်ရေမြင့်ချိန်တွင် ငဝန်မြစ်ရေ ခေတ္တ ခိုအောင်းရာ ဧရိယာများအားလျော့နည်းစေခြင်း ငဝန်မြစ်အတွင်း ရေမျက်နှာပြင်ကို ပိုမိုမြင့် တက် စေပြီး ငဝန်ရေဘေး ကာကွယ်ရေးတာ၏ လုံခြုံစိတ်ချရမှုကိုလည်း ထိခိုက်စေနိုင်ပါကြောင်း၊ ငဝန်မြစ်ရေဘေးကာကွယ်ရေးတာကဲ့သို့ အရေးကြီးတာတမံနှင့်ဆက်စပ်လျက်ရှိသော သဘာဝရေ နေရေအိုင်ဒေသဖြစ်သည့် အတွက် ဆည်မြောင်းလုပ်ငန်းဆိုင်ရာ သဘောသဘာဝ နှင့်လုပ်ထုံး လုပ်နည်းများအရ အကန့်အသတ်ဖြင့် ထိန်းညှိပြီး ချိန်ဆဆောင်ရွက်ရမည့် အခြေအနေ ဖြစ်ပါကြောင်း၊ လက်ရှိတာဝိုင်းဧရိယာအား ထပ်မံတိုးချဲ့ခြင်း ဆောင်ရွက်ခြင်းမပြုဘဲ တာထိပ် အမြင့်ကိုလည်း လက်ရှိအမြင့်မှတ်ထက်ထပ်မံမြှင့်တင်ခြင်း မပြု လုပ်ရန် လိုအပ်ပါကြောင်း ။
သို့ဖြစ်ပါ၍ တောင်သူများ၏ လက်ရှိအကျိုးစီးပွားမထိခိုက်စေရေးအတွက် ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ငဝန်မြစ်ရေဘေးကာကွယ်ရေးတာ၏ ကြံ့ခိုင်မှုနှင့်လုံခြုံ စိတ်ချရမှုကို မထိခိုက်စေရန်အတွက်လည်းကောင်း အဘက်ဘက်မှချိန်ဆပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့်ပေါင်းစပ်ညှိနှိုင်း၍ စီမံဆောင်ရွက်ပေးရမည့်လုပ်ငန်းဖြစ်ပါကြောင်းနှင့် ကမ်းပြိုကာကွယ်ခြင်းလုပ်ငန်းများအပါအဝင်တာဝိုင်းပြုပြင်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှစိစစ်ကျခံဆောင်ရွက်ပေးနိုင်ရန်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးဌေးဝင်း(ဟင်္သာတမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းအားမေးမြန်းခဲ့ပါသည်။ မိမိပြောသည့် လုပ်ငန်းစဉ် ၃ ခုမှာ နံပါတ် ၂ လုပ်ငန်းစဉ်နှင့် နံပါတ် ၃ လုပ်ငန်းစဉ် တာဘောင် ပြန်လည်ဖို့ခြင်းနှင့် တာဘောင်ခိုင်ခန့်အောင်လုပ်ခြင်းသည် ကာလစောင့်ဆိုင်းပြီး လုပ်လို့ရပါသေး ကြောင်း၊ မလုပ်သေးရင် လယ်မစိုက်ရတာဘဲရှိပါကြောင်း၊ သို့သော် နံပါတ် ၁ အစီအစဉ် ဖြစ်သည့် ကမ်းပြိုထိန်းသိမ်းမှုကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်စောင့်နေ၍မရပါကြောင်း၊ မိမိ လွှတ်တော် တက်နေသည့် တစ်လကျော်ကျော်အချိန်အတွင်းမှာပင် ပေ ၄၀၀ ခန့်နီး ပြိုသွားသည့် အတွက် ရှေ့ဆက်ပြိုပါက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ရှေးဟောင်းဘုရားများနှင့်အတူ ရွာတွင် ရှိသည့်အိမ်ခြေများ နောက်ပြီး ဆိုလာစနစ်နှင့် မီးပေးထားသည့် မီးလိုင်းများအကုန်လုံး ကုန်ဆုံးသွားမည်ဖြစ်သည့်အတွက် ဖြစ်နိုင်လျှင် ကမ်းထိန်းသိမ်းမှုလုပ်ငန်းကို ယခုနွေလသတင်း ပေါက်သည်နှင့် တစ်ပြိုင်နက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ညှိသည့်အခါ အင်္ဂပူဘက်ကဆင်းလာသည့် တောင်ကိုဖြတ်ပြီး မိမိတို့ဘက်ကမ်းကို ပြန်လည် ကမ်းစပ်မှုကို လုပ်၍ ရမည်ဖြစ်ပါကြောင်း၊ အင်္ဂပူဘက်မှ သောင်ဆင်းလာလေ ဟင်္သာတ ဘက်ကမ်းက ကမ်းပြိုလေဖြစ်သည့်အတွက်ကြောင့် ဖြစ်နိုင်လျှင် ၂၀၂၇-၂၀၂၈ ဘတ်ဂျက် ကို မစောင့်ဘဲ ယခုနှစ်တွင် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်
ကမ်းပြိုသည့်ကိစ္စနှင့်ပတ်သက်ပြီး များသောအားဖြင့် မြစ်ကြောင်းတော်တော်များများတွင် လက်ရှိ ဖြစ်ပေါ်လျက်ရှိနေပါကြောင်း၊ ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို တိုင်း ဒေသကြီးများ၊ ပြည်ထောင်စုနှင့် မိမိတို့မှ ကျခံသုံးစွဲနိုင်သည့် ရန်ပုံငွေထဲမှ ဆောင်ရွက် ပေး လျက်ရှိ ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့်နေရာမှာ လည်း ဆောင်ရွက်သင့်သော နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်ကမ်းပြိုသည့် အခြေအနေပေါ် မူတည်ပြီး တိုင်းဒေသကြီး အစိုးရကိုလည်း တင်ပြထားပါကြောင်း၊ အနီးစပ်ဆုံးရန်ပုံငွေသည် ဒေသဖွံ့ဖြိုးရေးဖြစ်သည့် အတွက် ကြောင့် ယခုနှစ်တွင် လည်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှလှည့်ပြီး အရေးပေါ်ကာကွယ်နိုင်မှု အတွက်ကို စိစစ်ဆောင်ရွက်ပေးနိုင်ရန် လည်း မိမိတို့အနေဖြင့်တင်ပြထားမှုရှိသည့် အတွက်ကြောင့် ၎င်းကို လည်းတိုင်းဒေသကြီးအစိုးရထံ ထပ်မံတင်ပြပြီး ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ပေး သွား မည်ဖြစ်ပါကြောင်း ဖြင့်ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။