တနိုင်းမြို့နယ်၊ ကိုင်ထောင်ချောင်းတစ်လျှောက်သဲနုန်းများတူးဖော်ခြင်း၊ တာဘောင်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအဓိကမေးမြန်းလိုသည့် ကြယ်ပွင့်ပြမေးခွန်းမှာ တနိုင်းမြို့ပေါ် ၇ ရပ်ကွက်အား ရေကြီး ရေလျှံမှု ကာကွယ်ရန် မြို့တွင်း၌ ဖြတ်သန်းစီးဆင်းနေသောကိုင်ထောင်ချောင်းအား တာဘောင် မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးရန်အစီအစဉ် ရှိ မရှ ိမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊
ယခုနှစ်မိုးတွင်းကာလ ရေကြီးရေလျှံ ဖြစ်ပေါ်နေမှုသည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှင့် အတူ ဌာနဆိုင်ရာများမှ လူမှုရေးအဖွဲ့များနှင့် စက်ယန္တရားများဖြင့် ရေလမ်းကြောင်းရှင်းလင်း နေမှုများအားတင်ပြအပ်ပါကြောင်း၊ မိမိတို့ တနိုင်းမြို့သည် ဟူးကောင်းလွင်ပြင်ခေါ် ဟူးကောင်း ချိုင့်ဝှမ်းအတွင်းတွင်တည်ရှိသောကြောင့်နှစ်စဉ်မိုးရာသီကာလတွင်မိုးများအဆက်မပြတ် သည်းထန် စွာရွာသွန်းမှုကြောင့် မြို့ပေါ် ၅ ရပ်ကွက်တွင် ဖြတ်သန်းစီးဆင်းနေသည့် ကိုင်ထောင် ချောင်းရေ သည် တနိုင်းချောင်းမကြီးထဲစီးဝင်လျက်ရှိပါကြောင်း။
မိမိတို့တနိုင်းမြို့သည် ၁၀ စုနှစ် ၂ စုအတွင်း လူဦးရေသည် အဆပေါင်းများစွာ တိုးပွားလာ မှုကြောင့် လူနေအိမ်များစည်းကမ်းမဲ့ဆောက်လုပ်ခြင်း နေအိမ်များ ချောင်းရိုးတစ် လျှောက် ကျူးကျော် ဆောက်လုပ်နေထိုင်မှုများကြောင့် စီးဆင်းနေသည့် ချောင်းရေများသည် ပုံမှန်မြေလမ်း ကြောင်းအတိုင်းမစီးဆင်းဘဲ နှစ်ကြာလာသည်နှင့်အမျှ ၎င်းကိုင်ထောင်ချောင်းတွင် အမှိုက်များ ပိတ်စို့၍ သဲနုန်းများမြင့်တက်လာမှုကြောင့် နှစ်စဉ်ရေကြီးရေလျှံ မှုများ ဖြစ်၍ ရပ်ကွက်အတွင်း နေအိမ် တော်တော်များများ ရေဝင်ရောက်သည့်အပြင် ရပ်ကွက်အတွင်း တချို့လမ်းများပေါ်တွင် ၃ ပေကျော်သည့်အထိရေလွှမ်းမိုးမှုဒဏ်ကိုနှစ်စဉ်ခံစားရပါကြောင်း၊ ထို့ကြောင့်၎င်းကိုင် ထောင်ချောင်း အတွင်း၌ သဲနုန်းများ၊ အမှိုက်များကို တူးဖော်ပြီး ချောင်းဘေးတစ်ဖက်စီအား တာဘောင်များ မြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ တနိုင်းမြို့သည် ခရိုင်မြို့အဆင့်နှင့် ညီညွတ်သော အဆင့်အတန်းဖြစ်ပေါ်စေရန် အတွက် နှစ်စဉ်ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော အရှည်ပေ ၁၅,၁၀၆ ပေရှိသော ကိုင်ထောင်ချောင်းသည် သဲနုန်းများ တူးဖော်ပြီး ကျောက်စီမြေထိန်းနံရံပြုလုပ်ပေးရန် အစီအစဉ်ရှိ ပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေး မည်ကို တိကျစွာဖြေကြားပေးပါရန် မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ပေါ်တွင် ဖြတ်သန်းစီးဆင်း နေသော ကိုင်ထောင် ချောင်းသည် အလျား ၁၅,၁ဝ၆ ပေ ရှိ၍ မြို့ပေါ် ၇ ရပ်ကွက်အနက် ၆ ရပ်ကွက်သည် ဖြတ်သန်း စီးဆင်းသွားရာချောင်း ဖြစ်ပါကြောင်း၊ ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၂၁ ရက်ထိ ကိုင်ထောင်ချောင်း၏ တနိုင်း-မြစ်ကြီးနားလမ်း အောက်ပိုင်းအလျား ၉,၅၃၃ ပေ သဲနုန်း တူးဖော်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ချောင်းရှင်းလင်းခြင်းလုပ်ငန်းများကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ပြီး ယခုရေစီးရေလာကောင်းမွန်နေသည်ကို သိရှိရပါကြောင်း၊ တနိုင်း-မြစ်ကြီးနားလမ်း၏ အထက်ပိုင်းတွင် ကိုင်ထောင်ချောင်း တလျှောက် လက်ရှိတွင် ရေစီးရေလာကောင်းမွန်လျက်ရှိပါသဖြင့် သဲနုန်းတူးဖော်ဆောင်ရွက်ရန် လိုအပ်မှုမရှိ သည်ကိုသိရှိရပါကြောင်း၊ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ကိုင်ထောင်ချောင်း တစ်လျှောက် ပိတ်ဆို့နေသော အမှိုက်များ၊ သဲနုန်းများ ဆယ်ယူတူးဖော် ရှင်းလင်းခြင်းခဲ့ပါကြောင်း၊ ကိုင်ထောင် ချောင်းတစ်လျှောက် ဘေးဝဲယာတွင် ကျောက်စီမြေထိန်းနံရံနှင့် တာဘောင်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ တနိုင်းမြို့နယ် ရပ်ကွက်များရေကြီးရေလျှံမှုမှ လျော့ပါးသက်သာစေ ရေးအတွက် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် လိုအပ်သည့် စိစစ်လေ့လာတိုင်းတာမှုများ ဆောင်ရွက်၍ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့်အပိုင်းများကို ဦးစားပေးသတ်မှတ်၍ နီးစပ်ရာဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေလျာထားတင်ပြ၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။