MY EN

(ဋ)-ဦးဗိုလ်ဝင်း(ပေါင်မဲဆန္ဒနယ်)

2026-09-24
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးဗိုလ်ဝင်း (ပေါင် မဲဆန္ဒနယ်) မွန်ညီညွတ်ရေးပါတီ

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ပင်လယ်ကမ်းခြေပတ်တာ ကျောက်စီတာတမံတွင် ကျန်ရှိနေသော ၁,၀၅၀ ပေကို ကွန်ကရစ်တာတမံအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာသည် သံလွင်မြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ဝှမ်းဆုံသည့် မုတ္တမပင်လယ်ကွေ့ကမ်းခြေတွင် တည်ရှိနေသောကျေးရွာ ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာသည် အိမ်ခြေပေါင်း ၁,၇၅၀၊ အိမ်ထောင်စု ၂,၁၆၈ စု၊ လူဦးရေ ၁၀,၆၃၉ ဦး၊ အထက်တန်း ကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း ၆ ကျောင်း၊ တိုက်နယ် ဆေးရုံတစ်ရုံ၊ လယ်မြေဧက ၁,၀၆၀ ရှိပြီး ပင်လယ်ကမ်းခြေပတ်တာ ၁၀,၅၀၀ ပေ ရှိပါကြောင်း၊၎င်းပင်လယ် ကမ်းခြေပတ်တာ ၁၀,၅၀၀ ပေထဲတွင် ၃,၇၀၀ ပေမှာ မြေစီးများ ဖြစ်သောကြောင့် မြေကြီးတာတမံအဖြစ် တာပတ် နိုင်ပါကြောင်း၊ ကျန်ရှိသော ၆,၈၀၀ ပေသည် သဲများဖြစ်နေသောကြောင့် တာတမံပြုလုပ်ရာတွင် ခက်ခဲလှပါကြောင်း၊၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတော်အစိုးရမှ ကျောက်ပုံပြီး တမံပြု လုပ်ခဲ့ပါကြောင်း၊ ၎င်းကျောက်စီတာတမံသည် လှိုင်းဒဏ်မခံနိုင်သဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကျောက်စီကွန်ကရစ်တာတမံ ၅,၆၀၀ ပေ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ အချိန် ၈ နှစ် ကြာပြီဖြစ်သော်လည်း ပျက်စီးယိုယွင်းမှုမရှိပါကြောင်း။ 

ကျန်ရှိနေသေးသည့် ၁,၂၀၀ ပေသည် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ၁၅၀ ပေ ကုန်ကျစရိတ် ၄၅၅.၅ သန်း ဖြင့် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုချက်ရရှိခဲ့ပါကြောင်း၊ ကျန်ရှိသည့် ပေ ၁,၀၅၀ ပေသည် ကျောက်စီတာတမံဖြစ်နေသောကြောင့် ပင်လယ်ရေ တစ်ခါ တက်ပြီးတိုင်း တစ်ခါ ကျောက်များ၊ သဲများကို မြေတူးစက်(Backhoe)ဖြင့် ဒီရေ မဝင်နိုင်အောင် ပြန်လည်ဖို့ ပေးနေရပါကြောင်း၊ မြေတူးစက်(Backhoe)တစ်စီး တာဘေးတွင် အမြဲတမ်း ထားပေး နေရပါကြောင်း၊ ထိုကြောင့် ကျန်ရှိနေသေးသည့် ကျောက်စီတာတမံ ၁,၀၅၀ ပေကို လာမည့် ပွင့်လင်းရာသီတွင် ကွန်ကရစ် တာတမံပြုလုပ်ပေးနိုင်လျှင် ကျေးရွာနေပြည်သူများ စိတ် အေးချမ်းသာစွာ နေနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိနေသော ပေ ၁,၀၅၀ ကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာရှိဒေသရှိ ထိန်းသိမ်းထားသော အလှပ်ရေငန်တားတာပေါင် သည် မုတ္တမပင်လယ်ကွေ့နှင့် နီးကပ်စွာတည်ရှိပြီး ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုဒဏ်ကို ကြီးမားစွာ ခံစားရလျက်ရှိသည့် နေရာဖြစ်ပါကြောင်း၊ ရေငန်တားတာပေါင် စုစုပေါင်းအလျား ၁ဝ,၅ဝဝ ပေ ရှိသည့် အနက်ပေတိုင် ဝ မှ ၃,၈၀၀ အထိ အလျား ၃,၈ဝဝ ပေ နှင့် ပေတိုင် ၅,၀၀၀ မှ ၆,၈၀၀ အထိ အလျား ၁,၈၀၀ ပေ စုစုပေါင်း အလျား ၅,၆ဝဝ ပေမှာ ကျောက်စီကွန်ကရစ်နှင့် Gabion ပေါင်းစပ်ပြီး လှိုင်းကာကျောက်စီနံရံ တည်ဆောက်ထားသောကြောင့် ကြံ့ခိုင်လုံခြုံမှု၊ စိတ်ချရမှုရှိပါကြောင်း၊ ကျန်ရှိ သည့် အပိုင်း ပေတိုင် ၃,၈၀၀ မှ ၅,၀၀၀ အထိ အလျား ၁,၂ဝဝ ပေ နှင့် ပေတိုင် ၆,၈၀၀ မှ ၁၀,၅၀၀ အထိ အလျား ၃,၇၀၀ ပေ စုစုပေါင်းအလျား ၄,၉၀၀ ပေမှာ မြေသားတာ ပေါင်ဖြစ်ပါကြောင်း၊ ၎င်းအပိုင်းတွင် ပေတိုင် ၃,၈၀၀ မှ ၅,၀၀၀ အထိ အလျား ၁,၂၀၀ ပေခန့်မှာ ပင်လယ် ဒီရေလှိုင်း ရိုက်ခတ်မှုဒဏ်ကို အများဆုံးခံစားရသဖြင့် မကြာခဏပြုပြင်ရသောကြောင့် ကျောက်စီ ကွန်ကရစ်နှင့် Gabion ပေါင်းစပ် ထားသော လှိုင်းကာကျောက်စီနံရံတည်ဆောက်ပေးရန် လိုအပ်လျက်ရှိ သည့်အခြေအနေဖြစ်ပါကြောင်း။

ယခု ဘဏ္ဍာရေးနှစ်တွင် ကျောက်စီကွန်ကရစ်နှင့် Gabion ပေါင်းစပ်ပြီး လှိုင်းကာ ကျောက်စီ နံရံတည်ဆောက်ရန် လျာထားသည့်လုပ်ငန်းအပိုင်း တည်နေရာပြမြေပုံအား တင်ပြအပ်ပါကြောင်း၊ အလှပ်ရေငန်တားတာပေါင်တွင် ကျောက်စီကွန်ကရစ်နှင့် Gabion ပေါင်းစပ်ပြီး လှိုင်းကာကျောက်စီ နံရံ တည်ဆောက်ထားမှုအခြေအနေပြ မှတ်တမ်းဓာတ်ပုံအား တင်ပြအပ်ပါကြောင်း၊ အလှပ် ရေငန်တား တာပေါင်တွင် ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည့် မြေသားတာပေါင် အပိုင်း၏ အခြေ အနေပြမှတ်တမ်း ဓာတ်ပုံအား တင်ပြအပ်ပါကြောင်း။

ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည့် ပေတိုင် ၃,၈၀၀ မှ ၅,၀၀၀ အထိ အလျား ၁,၂၀၀ ပေ အပိုင်းမှ တာပေါင်အလျား ၁၅ဝ ပေကို ဆောင်ရွက်နိုင်ရန် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေခွဲဝေရရှိပြီးဖြစ်၍ မိုးရာသီအကုန် ပွင့်လင်းရာသီတွင် လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တာပေါင်အလျား ၃၀၀ ပေကို ထပ်မံဆောင်ရွက်နိုင်ရန်အတွက် ယခု ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ထပ်မံ ဆောင်ရွက်ရန် ကျန်ရှိသည့် အပိုင်း ၇၅၀ ပေအနက် တာပေါင်အလျား ၃၇၀ ပေကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ကျန်သည့် အပိုင်းများ ကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အလှပ်ရေငန်တားတာပေါင် ကြံ့ခိုင်ပြီး ဘေးကင်းလုံခြုံမှုရှိ စေရေးအတွက် ဦးစားပေးပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းအပိုင်းများကို လျာထားစီမံဆောင်ရွက် ပေးလျက် ရှိပါကြောင်းနှင့် ကျန်ရှိသည့်အပို်ငးများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက် လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။