MY EN

(ဍ)- ဦးသန့်ဇော်(ကွမ်းခြံကုန်းမဲဆန္ဒနယ်)

2026-09-24
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မေးခွန်း
ဦးသန့်ဇော် (ကွမ်းခြံကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကွမ်းခြံကုန်းမြို့နယ်၊ ဆိပ်ကြီးကျေးရွာအုပ်စုရှိ ဖီမခိုင်ရိုးဟောင်းအား မည့်သည့်ဘဏ္ဍာရေးနှစ်တွင် ပြန်လည်တူးဖော်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကွမ်းခြံကုန်းမြို့နယ်သည် မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၄၃ ရွာရှိပြီး ကွမ်းခြံကုန်းမြို့၏ တောင်ဘက်တွင် တောကြီးတန်း တိုက်နယ်ရှိ ဆိပ်ကြီးကျေးရွာအုပ်စုအတွင်းမှာ ဆိပ်ကြီးရွာ၊ ဘေးလွန်ရွာနှင့် ဝါးတန်းစုကျေးရွာများ ရှိပါကြောင်း၊ အဆိုပါကျေးရွာများမှာ လူဦးရေ ၁,၅၀၀ ဦးခန့်နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လည်း လုပ်ကိုင်စားသောက်လျက် ရှိပါ ကြောင်း၊  စိုက်ပျိုးရေးအနေဖြင့် လယ်ယာလုပ်ငန်းမှာ မိုးစပါးစိုက်ဧက ၁,၅၀၀ ခန့်ရှိပြီး နွေစပါး စိုက်ဧက ၄၅၀ ခန့်ရှိ၍ ကွမ်းခြံကုန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး ၏အနောက်တောင်ဘက် တွင်ရှိပြီးမုတ်သုံရပ်ဝန်းနှင့်နီးသည့်အတွက်မိုးရွာသွန်းမှုများပြားသောဒေသဖြစ်ပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းအတွက် မိုးတွင်းတွင် ရေကိုလုံလောက်စွာရရှိသော်လည်း မိုးရွာသွန်းမှုများ သည့်အချိန်၌ ရေထုတ်၊ ရေသွင်းမြောင်းများမှာ ရေစီးရေလာကောင်းမွန်ရေးအတွက် လိုအပ် ကြောင်း။ 

ဖီမခိုင်ရိုးဟောင်းသည်တော်ပုလဲချောင်းမှ ရေများစီးဝင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တူးဖော် ခဲ့သည့် ရိုးဟောင်းဖြစ်ပြီး ယခုအခါ  အလျား ပေ ၄,၅၀၀ နှင့် အကျယ် ၂၀ ပေ၊ အနက် ၃ ပေခန့်သာရှိပါကြောင်း၊ လယ်သမားများ၏လယ်ကွင်းများမှာ မိုးရာသီမိုးများသည့် အချိန်တွင် ရေကြီးနစ်မြှုပ်ပြီး မိုးစပါးစိုက်ပျိုးတဲ့အချိန်မှာ တစ်ရာသီအတွင်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် အစား ပြန်လည်စိုက်ပျိုးရပါကြောင်း၊ နွေစပါးစိုက်ပျိုးချိန်၌လည်း ရေမရသည့် အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ရိုးဟောင်းအခြေအနေအရ ဖီမခိုင်ရိုးဟောင်း၏ ရေဝင်အစဖြစ်ပြီး အလယ်ပိုင်းတွင် ဖီမခိုင်ရိုးဟောင်းအလယ်၏ အခြေအနေဖြစ်ကြောင်း၊ တဖြည်းဖြည်း တိမ်ကော လာပြီး သစ်ပင်များပေါက်ရောက်နေသည့်အခြေအနေဖြစ်ပါကြောင်း၊ ရိုးဖျားအဆုံးတွင် သစ်ပင်များ ပေါက်ပြီး တောတန်းသဖွယ်ဖြစ်နေသည့်အတွက် ရိုးသည် ရေထုတ်၊ ရေမြောင်း မကောင်း ဖြစ်နေ ကြောင်း။ 

ဒေသခံတောင်သူလယ်သမားများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် စပ်လျဉ်းပြီး မိုးစပါးစိုက်ပျိုးသည့်အချိန်တွင် ရေကြီးနစ်မြုပ်မှုမှကာကွယ်ရန်အတွက်လည်းကောင်း၊ နွေစပါး စိုက်ပျိုး သည့် အချိန်တွင် လည်း စိုက်ပျိုးရေ ရရှိရေး၊ အောင်ရေ ရရှိရန်အတွက်လည်းကောင်း အဆိုပါ ရိုးဟောင်းကို ပြန်လည်တူးဖော်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ရိုးဟောင်းအား အရှည် ၄,၅၀၀ ပေ၊ အကျယ် ၃၂ ပေ၊ အနက် ၈ ပေရှိသည့် ရေထုတ်ရေသွင်းကောင်းမွန်သည့် ရိုးမြောင်း အဖြစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တူးဖော်ပေးနိုင်ခြင်းရှိ မရှိနှင့် မည်သည့် ဘဏ္ဍာရေး နှစ်တွင် ပြန်လည်တူးဖော်ပေးနိုင်မည်ကို သိရှိလို ကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်က

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း မိုးရာသီတွင် စီးဆင်းလာသောရေများကို ဖီမခိုင်ရိုးမှတစ်ဆင့် တော်ပုလဲချောင်း၊ တော်ပုလဲ ချောင်းမှတစ်ဆင့် သုံးခွချောင်း၊ သုံးခွချောင်းမှတစ်ဆင့် တိုးမြစ်အတွင်းသို့ စီးဆင်းစေခြင်းဖြင့် ဆိပ်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် မိုးစပါး ၁,၁၃၁ ဧကတို့အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ် လျက်ရှိသည့်အပြင် နွေသီးနှံရာသီတွင် တိုးမြစ်မှတစ်ဆင့် ဖီမခိုင်ရိုးအထိ ရေချိုပြန်လည်သွင်းယူ၍ နွေစပါး ၁၅၀ ဧက ခန့်နှင့် တခြားသီးနှံ ၂၇၄ ဧကခန့်ကို စိုက်ပျိုးနိုင်ရေး အကျိုးပြုလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် ဖီမခိုင်ရိုးချောင်းသဲနုန်းတူးဖော်ခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက် ခဲ့ပါကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ချောင်း၊ မြောင်းများသည် မိုးတွင်းကာလ စီးဆင်းလာ သော ရေနှင့်အတူ နုန်းများပါလာခြင်းနှင့် ဒီရေတက်ချိန်တွင် နုန်းပြန်လည်ပို့ချခြင်းတို့ကြောင့် ချောင်းကော မှုနှုန်းမြန်ဆန်သဖြင့် လက်ရှိအချိန်တွင် ဖီမခိုင်ရိုးချောင်းမှာ သဲနုန်းပို့ချပြီး တိမ်ကော လျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း။

ဖီမခိုင်ရိုးချောင်းအတွင်း သဲနုန်းပို့ချ၍ ချောင်းကောနေခြင်းကြောင့် မိုးရာသီတွင် ကွင်းရေများ ကို လုံလောက်စွာ ထုတ်နုတ်နိုင်ခြင်းမရှိသဖြင့် မိုးစပါးတစ်နှစ်လျှင်သုံးကြိမ်ခန့် ပြန်လည်စိုက်ပျိုးရ လေ့ရှိရာ ကုန်ကျစရိတ်များပြားလျက်ရှိပြီး နွေရာသီတွင် နွေစပါး ၁၅၀ ဧကခန့်နှင့် တခြားသီးနှံ ၂၇၄ ဧကခန့်အတွက်လည်း အောင်ရေဖူလုံစွာပေးသွင်းနိုင်ရန် ခက်ခဲလျက်ရှိပြီး ဖီမခိုင်ရိုးချောင်းကို မူလအနက်ရရှိစေရန်အတွက် ပြန်လည်တူးဖော်ပေးပါက မိုးစပါးရာသီ ကွင်းရေနစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်မည့်အပြင် နွေသီးနှံ အောင်ရေလုံလောက်စွာသွင်းယူနိုင်မှာဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဆိပ်ကြီးကျေးရွာအုပ်စု၊ ဖီမခိုင်ရိုးဟောင်း ပြန်လည် တူးဖော် ခြင်းလုပ်ငန်း လျာထားမှုတည်နေရာပြမြေပုံအား တင်ပြအပ်ပါကြောင်း၊ ကော့မှူးမြို့နယ်၊ ဖီမခိုင် ရိုးဟောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လျာထားနေရာသို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ တောင်သူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ တင်ပြအပ်ပါကြောင်း၊

ကွမ်းခြံကုန်းမြို့နယ်၊ တောကြီးတန်းတိုက်နယ်၊ ဆိပ်ကြီးကျေးရွာအုပ်စုရှိ ဖီမခိုင် ရိုးချောင်း  အား ပြန်လည်တူးဖော်နိုင်ရန်အတွက် ခန့်မှန်းဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် လိုအပ်သော ရန်ပုံငွေကို နီးစပ်ရာဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေ တွင် တင်ပြတောင်းခံထားဆဲဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိသည့် အချိန်နှင့်ကိုက်ညီ၍ မြေပြင်တိုင်းတာမှု ကို ထပ်မံ စိစစ်၍ ရိုးချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့ပါသည်။