မြဝတီမြို့နယ်ရှိ ပင်မဓာတ်အားခွဲရုံအား ပြုပြင်တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူး ပေးရန် အစီအစဉ် ရှိ မရှိ၊ မရှိပါက အဘယ်ကြောင့်နှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပေး မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြဝတီခရိုင်၊ မြဝတီ မြို့သည် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းစနစ်မှ ၂၃၀ ကေဗွီဓာတ်အားလိုင်းများကို မော်လမြိုင်မြို့၏ ဓာတ်အားခွဲရုံမှတစ်ဆင့် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံသို့ ရယူထားခြင်းဖြစ်ပြီး အဆိုပါ ဓာတ်အားခွဲရုံကို ၂၃၀/ ၆၆ ကေဗွီနှင့် ၁၀၀ အမ်ဗွီအေဓာတ်အားခွဲရုံများအဖြစ် မြဝတီ-ကော့ကရိတ်- ကြာအင်းဆိပ်ကြီးမြို့များသို့ ၆၆ ကေဗွီဓာတ်အားလိုင်းအဖြစ် လျှပ်စစ်များဖြန့်ဖြူးပေးခဲ့ပြီး မြဝတီမြို့ အတွင်းသို့ ၁၃-၇-၂၀၁၉ ရက်မှစ၍ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာ ၁၀ သို့လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျား။ ထိုနောက် ၁၁-၃-၂၀၂၄ ရက်တွင် အကြမ်းဖက်သောင်းကြမ်း သူများမှ မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံကို ဖောက်ခွဲဖျက်စီးခဲ့မှုကြောင့် မြဝတီ ခရိုင်အတွင်းသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးခဲ့မှုမှာ ပျက်တောက်ခဲ့ရပါတယ်ခင်ဗျား။ ယခုအခါတွင် မြဝတီ- မော်လမြိုင်၂၃၀ ကေဗွီဓာတ်အားလိုင်းတစ်လျှောက် နေရာတော်တော်များများမှာ တိုက်ပွဲ ဒဏ်ကြောင့် လျှပ်စစ်လိုင်းကြိုးကြီးများနှင့် တာဝါတိုင်တချို့မှာလည်း ပျက်စီးလျှက်ရှိနေကြောင်း သိရှိရပါတယ်ခင်ဗျား။ ယခုအခြေအနေတွင် မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတချို့ကို တပ်မတော်မှ စိုးမိုးထိန်းချုပ်ထားပြီးဖြစ်၍ မြဝတီမြို့ အာရှလမ်းမကြီးနှင့် အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း။
မြဝတီမြို့မှာ ၂ နှစ်ကျော်ခန့် လျှပ်စစ်မီးပျက်တောက် ခဲ့ရပြီး လျှပ်စစ်မီးမရရှိခဲ့သည့်အတွက် ခိုးဆိုးလုယက်မှုများ ပေါများလာပြီး အသေးစားနှင့် အငယ်စား အိမ်တွင်းစက်မှုလုပ်ငန်းများနှင့် ပြည်သူအများစု၏ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးမှာ သိသိ သာသာကျဆင်းလျက်ရှိနေပြီး တချို့ပြည်သူများမှာ မီးအလင်းရောင်ရရှိရေးအတွက် ဆိုလာမီးများကိုပင် ဈေးကြီးပေး၍ ဝယ်ယူတပ်ဆင်နေရပြီး အခြေခံလူတန်းစားများအဖို့ လျှပ်စစ်မီးအလင်းရောင်နှင့်ပင် ဝေးကွာလျက်ရှိနေသည်မှာ ယနေ့အချိန်ထိပင်ဖြစ်ပါတယ်။ လျှပ်စစ်မီးပြန်လည်ရရှိရန်အတွက် မြဝတီမြို့နေ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ မျှော်လင့်ဆုတောင်းနေကြရပါတယ်ခင်ဗျား။
သို့ဖြစ်ပါ၍ မြဝတီခရိုင်၊ မြဝတီမြို့နယ်ရှိ ၂၃၀/ ၆၆ ကေဗွီ ပင်မဓာတ်အားခွဲရုံအား ပြန်လည် ပြုပြင်တည်ဆောက်ပြီး မြဝတီမြို့အတွင်းသို့ လျှပ်စစ်ဓာတ်အားများ ပြန်လည်ပြုပြင်ပေးနိုင်ပါရန်နှင့် အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နှင့် အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်ကာလအပိုင်းအခြားတွင် စီမံဆောင်ရွက် ဖြန့်ဖြူးပေးသွားမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
၂၃၀ ကေဗွီ မော်လမြိုင် - မြဝတီ အမှတ်(၁၊၂) မဟာဓာတ်အားလိုင်းမှ ဓာတ်အား ချိတ်ဆက် ရယူပြီး ၆၆ ကေဗွီ ဓာတ်အားလိုင်း ၄ လိုင်းနှင့် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများကို ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ မြဝတီဓာတ်အားခွဲရုံကဆိုရင် ဒေသတွင်းဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် ၁၆.၁၂.၂၀၂၂ ရက်နေ့ နှင့် ၁၂.၁၂. ၂၀၂၃ ရက်များတွင် အကြမ်းဖက် အဖွဲ့အစည်း၏ နှစ်ကြိမ်ဖျက်ဆီးခံခဲ့ရသဖြင့် ပျက်စီးမှု များအား ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ပြီး ဓာတ်အားပြန်လည်ပို့လွှတ်ပေးခဲ့ပါကြောင်း၊ သို့သော် ၁၁.၃.၂၀၂၄ ရက်နေ့တွင် တတိယအကြိမ် ဖျက်ဆီးခံရမှုမှာ ပင်မဓာတ်အားခွဲရုံရှိ ထရန်စဖော်မာ အပါအဝင် ဓာတ်အားပို့လွှတ်သည့် စက်ပစ္စည်းများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများ၊ စတိုပစ္စည်းများ၊ အဆောက်အဦများမှာ ၈၅ ရာခိုင်နှုန်းခန့် ဖျက်ဆီးခံခဲ့ရပြီး ပင်မဓာတ်အားခွဲရုံရှိသည့် ဝန်ထမ်းများ ဘေးကင်းရာကို တိမ်းရှောင်ခဲ့ရပါကြောင်း၊ ၂၃၀ ကေဗွီ မြဝတီပင်မဓာတ်အားခွဲရုံ ဓာတ်အားပြတ် တောက်မှု ဖြစ်စဉ်နှင့်စပ်လျဉ်းပြီး ၂၃၀ ကေဗွီ မော်လမြိုင် - မြဝတီ အမှတ်(၁၊၂) မဟာဓာတ်အား လိုင်းမှာလည်း ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါကြောင်း။
မြဝတီပင်မဓာတ်အားခွဲရုံတွင် ၆၆ ကေဗွီ မြဝတီ နှစ်ထပ်ဓာတ်အားလိုင်း ၈.၇၉၇ မိုင်ဖြင့် မြဝတီ ဓာတ်အားခွဲရုံ၌ ၂၀/၁၀ အမ်ဗွီအေ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံဖြင့် ဓာတ်အားပို့လွှတ်ပြီး ၆၆/၁၁ ကေဗွီ မြဝတီဓာတ်အားခွဲရုံမှတစ်ဆင့် မြဝတီမြို့နယ်အတွင်းမှာ ၁၁ ကေဗွီ ဓာတ်အားဖြန့်ဖြူးရေး လိုင်းများဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်ကို မြေပြင်ကွင်းဆင်းပြီး မြို့ပြနှင့်လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများကို အသေးစိတ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေးအတွက်ကို လမ်းခရီးနှင့် လုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက်တင်ပြပြီး လုပ်ငန်းဆောင်ရွက်ခွင့်ရရှိရေး ကနဦးကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပင်မဓာတ်အားခွဲရုံ၏ ဖျက်ဆီးခံရသည့် ပစ္စည်းများ အနက် ၂၃၀/၆၆/၁၁ကေဗွီ၊ ၅၀ အမ်ဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၂၃၀ ကေဗွီ၊ ၂၀ မဂ္ဂဘား Shunt Reactor ၁ လုံးတို့အား၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူထားရှိပြီး ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဓာတ်အားထိန်းချုပ် အဆောက် အဦနှင့် ဝန်ထမ်းအိမ်ရာများ Switchyard Foundation များ ပြုပြင်ပြီး ဆက်စပ်ဓာတ်အား ခွဲရုံ ပစ္စည်းများကို ဝယ်ယူပြီး ဓာတ်အားခွဲရုံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံ ပြန်လည်တည်ဆောက် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်၍ ၂၃၀ကေဗွီ မော်လမြိုင် - မြဝတီ အမှတ်(၁၊၂) မဟာဓာတ်အား လိုင်းဖြင့် ဓာတ်အားစနစ်ကို ပြန်လည်ချိတ်ဆက်ဓာတ်အားပို့လွှတ်နိုင်ချိန်မှသာ မြဝတီမြို့နယ်အတွင်း မှာရှိတဲ့ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ၆၆/၁၁ ကေဗွီ၊ (၂၀+၁၀) အမ်ဗွီအေ မြဝတီဓာတ်အားခွဲရုံမှ မြဝတီမြို့နယ်အတွင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ရန်အတွက်ကို ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ များအား လိုအပ်သည့် ထိန်းသိမ်းပြုပြင်စစ်ဆေးခြင်းများကို ကြိုတင်ဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပါသည်။