မိုင်းရှူးမြို့နယ်၊ နမ့်အွန်ချောင်းပေါ်ရှိ ဖိုင်အွန်ဆည်ကို သစ်ရိုက်ကျောက်ဖြည့်ဆည်အဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာ ၄ ရွာတွင် နေထိုင်ကြ သော ဒေသခံလယ်သမားများအတွက် သစ်ရိုက်ကျောက်ဖြည့် ဆည်ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊
မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဒေသအတွင်း နေထိုင်ကြသော ဒေသခံ ပြည်သူလူထုတို့သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကအသက်မွေးဝမ်းကျောင်း အဖြစ် အမှီပြုလုပ်ကိုင်နေထိုင် ကြသူများ ဖြစ်ပါကြောင်း၊ မိုင်းစံမြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာပေါင်း ၄ ရွာ တွင်နေထိုင်ကြသော လယ်စိုက်တောင်သူ လယ်သမား များတို့သည် လယ်ယာစိုက်ပျိုးရေးရေ ရရှိရေးအတွက် မိုင်းစံမြို့၏အရှေ့ဘက် ၇ မိုင်ခန့်အကွာတွင် ရှိသော နမ့်အွန်ချောင်းအပေါ်တွင် တည်ရှိ သည့် ဖိုင်အွန်ဆည်ကို အဓိကအားထားနေရပါ သော်လည်း အဆိုပါချောင်းသည် မိုးရာသီတွင် တောင်ကျချောင်းရေ အရှိန်အဟုန်ပြင်းထန်စွာ စီးဆင်းလျက်ရှိသည့် ချောင်းတစ်ချောင်းဖြစ်ပါကြောင်း၊ ဒေသခံလယ်သမားများတို့က ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် တစ်နှစ်လျှင်တစ်ကြိမ် တစ်နိုင်တစ်ပိုင် ဆောင်ရွက်သော လက်ရိုက်ဆည်သည် တောင်ကျချောင်းရေ၏ပြင်းထန်သော ရေစီးဆင်းအားကြောင့် မကြာခဏ မျောပါပျက်စီး ခဲ့ရ ပါကြောင်း၊ ဆည်တမံများ နှစ်စဉ်ပျက်စီးဆုံးရှုံးနေကြပြီး လယ်သမား များတို့မှာ စိုက်ပျိုးရေ လုံလောက်စွာ မရရှိကြသဖြင့် သီးနှံအထွက်နှုန်းများကျဆင်းကာ စားဝတ် နေရေးခက်ခဲပြီး ဆင်းရဲ နွမ်းပါးမှုဒဏ်ကို ခံစားနေကြရပါကြောင်း၊
တစ်နှစ်ပြီးတစ်နှစ် ရေတိုက်စားမှု ပိုမိုများပြားလာသဖြင့် ရေချောင်းကြမ်းပြင်များ ပိုမို နက်လာခြင်းနှင့် ရေချောင်းကမ်းပါးများ ရေတိုက်စားမှုကြောင့် ချောင်းများပိုမိုကျယ်ပြန့်လာခြင်း တို့ကြောင့် ရေသွင်းစိုက်ပျိုးရသော ရေပေးမြောင်းမှအပေါ်သို့ ပြန်မရောက်နိုင်တော့ပါသဖြင့် ၂၀၂၇ ခုနှစ် ရာသီစိုက်ပျိုးရေးမှစတင်ပြီး ယနေ့အထိ ဖိုင်အွန်လက်ရိုက်ဆည်ကို ဒေသခံလယ်သမား တို့က မတည်ဆောက်နိုင်တော့ဘဲ မိမိ၏လယ်များကို မစိုက်ပျိုးနိုင်ကြသည်မှာ ၃ နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါ ကြောင်း၊ တောင်ကျချောင်းရေစီးအားကို ခံနိုင်ရည်ရှိသော၊ ရေရှည်တည်တံ့ခိုင်ခံ့သောဆည်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်နေရမှာလည်း လယ်သမားများတို့သည် ငွေကြေးနှင့် နည်းပညာပိုင်းတို့တွင် တတ်နိုင်မှုမရှိကြပါသဖြင့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ဆင်းရဲနွမ်းပါးသော ဒေသခံလယ်သမားများတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် သီးနှံများအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် မိုးရာသီတောင်ကျချောင်းရေများတို့၏ ပြင်းထန် သော ရေစီးအားတို့ကို ကြံ့ကြံ့ခံနိုင်သည့် ခိုင်ခံ့သော သစ်ရိုက်ကျောက်ဖြည့်ဆည် တည်ဆောက် ပေးရန် လိုအပ်နေပါကြောင်း၊
၎င်းနမ့်အွန်ချောင်းပေါ်တွင် တည်ရှိသော ဖိုင်အွန်ဆည်အား တည်ဆောက်ပေးပါက စိုက်ပျိုးရေး မြေဧရိယာ ၂၀၂ ဧကအတွက် ရာသီမရွေးစိုက်ပျိုးနိုင်မည်ဖြစ်ခြင်း၊ ဒေသခံလယ်သမား များအတွက် များစွာအကျိုးရှိမည်ဖြစ်ခြင်းနှင့် ဒေသအတွင်း စားနပ်ရိက္ခာလုံလောက်ပြီး လူမှုစီးပွား တိုးတက်လာမည် ဖြစ်ပါသဖြင့် အဆိုပါနမ့်အွန်ချောင်းပေါ်တွင် တည်ရှိသော ဖိုင်အွန်ဆည် အလျား ၂၀၀ ပေ၊ အမြင့် ၆ ပေရှိ သစ်ရိုက်ကျောက်ဖြည့်ဆည်တစ်ခုကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း အဓိကဦးစားပေးပြီး ဆောင်ရွက်ပေးပါရန်အစီအစဉ် ရှိ မရှိနှင့် အစီအစဉ် မရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ဒေသခံမိဘပြည်သူများကိုယ်စား မေးမြန်း ခဲ့ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ဦးဗိုလ်ဗိုလ်ကျော် က
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကံ ၏ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ဖိုင်အွန်ဆည်သည် မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့၏အရှေ့ဘက် ၇ မိုင်ခန့်အကွာ နမ့်အွန်ချောင်း ပေါ်တွင် တည်ရှိပြီး ကျေးရွာနေပြည်သူလူထုမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့သောလက်ရိုက်ဆည် ဖြစ်ပါ ကြောင်း၊ ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းနှင့်အတူ နမ့်အွန်ချောင်း အတွင်း တောင်ကျရေအလုံးအရင်းနှင့် စီးဆင်းလာမှုကြောင့် လက်ရိုက်ဆည်မှာ ပြိုကျပျက်စီးပြီး ချောင်းကြမ်းပြင်အောက် ၃ ပေခန့်အထိ ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့ကြောင့် လယ်မြေ ဧရိယာ ၂၀၂ ဧကသို့ ရေသွင်းစိုက်ပျိုးသော ရေပေးမြောင်းသို့ ရေရောက်ရှိမှုမရှိပဲ စိုက်ပျိုးရေ အခက် အခဲများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊
၂၂-၄-၂၀၂၆ ရက်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးစိုင်းကံ အပါအဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနော်ခမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနတို့နှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးမှုအရ လက်ရိုက်ဆည်၏ အတိုင်းအတာမှာ အလျား ၂၅၀ ပေ၊ အမြင့် ၅ ပေ ခန့်ရှိပြီး ရေကြီးမှုကြောင့် တိုက်စားပျက်စီး နေသည်ကိုတွေ့ရှိရပါကြောင်း၊ မိုင်းစံမြို့ရှိ ဖိုင်အွန်ဆည်အား ကွင်းဆင်း စစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို တင်ပြလိုပါကြောင်း၊ ရေကြီးမှုကြောင့် တိုက်စားပျက်စီး ခဲ့သည့် မူလလက်ရိုက်ဆည်၏ အောက်ဘက် ပေ ၅ဝဝ ခန့်အကွာ ချောင်းကျဉ်းသည့်နေရာတွင် အလျား ၂ဝဝ ပေ၊ အမြင့် ၆ ပေရှိ သစ်ရိုက်ကျောက်ဖြည့်ဆည်အသစ် တည်ဆောက်ခြင်းနှင့် အလျား ၅၀၀ ပေရှိသည့် ရေပေးမြောင်း အသစ် တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးဧရိယာ ၂ဝ၂ ဧကအတွက် ရာသီမရွေး သီးထပ် စိုက်ပျိုးနိုင်မည်ဖြစ်ပြီး လယ်မြေများရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ မိုင်းရှူး မြို့နယ်၊ မိုင်းစံမြို့တွင် အသစ်တည်ဆောက်မည့် ဖိုင်အွန်ဆည်နှင့် အသစ်တူးဖော်မည့် ရေပေး မြောင်း တည်နေရာပြမြေပုံအား တင်ပြလိုပါကြောင်း၊
သို့ဖြစ်ပါ၍ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြား ချက်နှင့်အတူပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။