ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ အ.ထ.က ကျောင်းအား RC နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ အထက်တန်း ကျောင်းသည် ၁.၆.၂၀၁၈ ရက်နေ့တွင် အထက်တန်းကျောင်းခွဲအဆင့်မှ အထက်တန်းကျောင်း အဆင့် သို့ တိုးမြှင့်ခြင်းခံရပါကြောင်း၊ သပေါ့ကန် ကျေးရွာအထက်တန်းကျောင်းကို တက်ရောက်နေသည့် ကျေးရွာပေါင်း ၈ ရွာရှိပြီး တခြားအုပ်စုများရှိ ကျေးရွာများမှလည်း လာရောက်ကျောင်းတက် လျက်ရှိပါ ကြောင်း၊ အဆိုပါအထက်တန်းကျောင်းသည် ကျောင်းအင်္ဂါရပ်နှင့်အညီ မြေအကျယ်အဝန်း ၁၀.၉ ဧက ရှိပြီး KG အပါအဝင် Grade 1 မှသည် Grade 12 အထိ ကျောင်းသားစုစုပေါင်း ၃၉၄ ဦး၊ ဆရာ ဆရာမ ၂၅ ဦးဖြင့် ပညာသင်ကြားလျက်ရှိပါကြောင်း၊ ရွှေသောင်ယံမြို့၏ နယ်နိမိတ်အစွန်ပိုင်း မြောက်ပိုင်းမှာ ဘောမိအုပ်စု၊ မကျဉ်းစင်အုပ်စု၊ ကျွန်းယားကြီးအုပ်စုအတွင်းရှိ ကျေးရွာများတွင် ယာယီစစ်ဘေးရှောင် ကျောင်းသား ကျောင်းသူများလည်း သပေါ့ကန်အထက်တန်းကျောင်းမှာ လာရောက် ပညာသင်ကြား လျက်ရှိပါကြောင်း၊ သပေါ့ကန်ကျေးရွာအထက်တန်းကျောင်းကို အမှီပြု တက်ရောက်ပညာသင်ကြား နေသော ကျေးရွာများသည် မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ချောင်းရိုး တစ်လျှောက် လှေ၊ စက်လှေများဖြင့် တင်ပြပါအတိုင်း ကျောင်းတက်ရခြင်း၊ သပေါ့ကန်ကျေးရွာ တွင် အိမ်ငှားပြီး ကျောင်းတက်နေကြရပါကြောင်း။
သပေါ့ကန်ကျေးရွာအထက်တန်းကျောင်းရှိ စာသင်ဆောင်များဖြစ်သည် ရတနာဆောင် ၁၄၀ ပေ x ၃၀ ပေ တစ်ထပ်ကျောင်းဆောင်သည် စာသင်ခန်း ၄ ခန်းရှိပြီး ၁၉၈၆ ခုနှစ် လွန်ခဲ့သောနှစ်ပေါင်း ၄၀ က ပညာရေးဝန်ကြီးဌာနမှ ဆောက်လုပ်ပေးခဲ့ပြီး ဧရာဆောင် ၁၂၀ ပေ x ၃၀ ပေ တစ်ထပ်ကျောင်းဆောင် သည် စာသင်ခန်း ၄ ခန်း ရှိပြီး ၁၉၉၁ ခုနှစ် လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်က ပညာရေးဌာနရန်ပုံငွေနှင့် မိဘပြည်သူများ ထည့်ဝင်ငွေဖြင့် ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မာလာဆောင် ၉၀ ပေ x ၃၀ ပေ တစ်ထပ်ကျောင်းဆောင်သည် စာသင်ခန်း ၃ ခန်းရှိပြီး ၂၀၀၆ ခုနှစ် က ပညာရေးဌာန ရန်ပုံငွေနှင့် မိဘပြည်သူများထည့်ဝင်ငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စာသင်ခန်းလုံလောက်မှု မရှိသည့် အတွက် ယာယီစာသင်ဆောင် ၃၅ ပေ x ၂၅ ပေ တစ်ထပ်ကျောင်းဆောင် စာသင်ခန်း တစ်ခန်းအား ၂၀၂၄ ခုနှစ်မှာ မိဘပြည်သူများထည့်ဝင်ငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါပြီး စာသင်ခန်းနှင့် ကျောင်းသားအရေအတွက် မမျှတသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နယ်နိမိတ်ချင်း ဆက်စပ် နေသည့် အုန်းချောင်းကျေးရွာ အထက်တန်းကျောင်း အဆောက်အဦနှင့် သပေါ့ကန် ကျေးရွာ အထက်တန်းကျောင်း အဆောက်အဦ၏ ရုပ်ပိုင်းဆိုင်ရာကို နှိုင်းယှဉ်ကြည့်ပါက ကွာခြားနေတာကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ပင်လယ်ကမ်းခြေကျေးရွာရှိ ဒေသခံပြည်သူများသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့် ၁၉၇၀-၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစ၍ အနီးအနားရှိ အစိုးရကျောင်းများနှင့်တွဲဖက်ပြီး တွဲဖက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသားမိဘများမှစုပေါင်း၍ ပြင်ပဆရာ များအား လစာပေးငှားရမ်းကာ ပညာသင်ကြားခဲ့ရပါကြောင်း၊ နှစ်စဉ် Grade 12 စာမေးပွဲများမှာ ပတ်ဝန်းကျင်ကျောင်းများထက် အောင်ချက်ရာခိုင်နှုန်း မြင့်မားလျက်ရှိပါကြောင်း၊ ယခုနှစ် Grade 12 စာမေးပွဲမှာ ဖြေဆိုသူ ၂၅ ဦးရှိပြီး ၁၁ ဦး၊ အောင်မြင်ခဲ့တဲ့အပြင် ၃ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁ ဦး ထွက်ရှိခဲ့ပြီး ၄၄ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ သပေါ့ကန်ကျေးရွာအထက်တန်းကျောင်းအား လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သည့် ဒေသဖြစ်ခြင်း၊ စိတ်ဓာတ်နှင့်ပညာရေးကို အလေးထား ဦးစားပေးဆောင်ရွက်စေလိုခြင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ဒေသခံပြည်သူ များ၏အသက်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ အထက်တန်းကျောင်း အား အထက်တန်းကျောင်း ဂုဏ်အင်္ဂါရပ်နှင့် အညီ ၁၂၀ ပေ x ၃၀ ပေ RC နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးမည့် အစီအစဉ်ရှိ /မရှိကို သိရှိလို ကြောင်းဖြင့် မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွက် ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်အတွက် အန္တရာယ်ဆောင် ဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းနှစ်ခု၊ တိုးတက်လာသည့်ကျောင်းသားဦးရေ၊ အသစ် ဆောက်လုပ်ခြင်း လုပ်ငန်းနှစ်ခု၊ ယာယီအသုံးပြုလျက်ရှိသည့် ကျောင်းများအတွက် အသစ်ဆောက် လုပ်ခြင်းလုပ်ငန်းတစ်ခု၊ ကျောင်းများလုံခြုံရေးအတွက် အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း နှစ်ခု စုစုပေါင်း လုပ်ငန်း ၇ ခုအတွက် ခွင့်ပြုရန်ပုံငွေ ၃,၃၇၁.၀၄ သန်း ဖြင့် လုပ်ငန်းများဆောင်ရွက် လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သပေါ့ကန်အခြေခံပညာအထက်တန်း ကျောင်းတွင် မူလတန်းအဆင့်ကျောင်းသား ၂၂၅ ဦးနှင့် အလယ်တန်းအဆင့်ကျောင်းသား ၁၂၈ ဦး၊ အထက်တန်းအဆင့်ကျောင်းသား ၄၉ ဦး စုစုပေါင်းကျောင်းသားဦးရေ ၄၀၂ ဦးရှိပါကြောင်း၊ ကျောင်း ဆောင်အနေဖြင့် အဆိုပါကျောင်းတွင် စုစုပေါင်းကျောင်းဆောင် ၄ ဆောင်ရှိပြီး အန္တရာယ်ရှိကျောင်း ဆောင်တွင် စာသင်ကြားခြင်းမရှိဘဲ ယာယီဆောင်များအပါအဝင် စာသင်ခန်း ၇ ခန်း၊ တန်းခွဲ ၁၃ ခုဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သပေါ့ကန်အခြေခံပညာအထက်တန်းကျောင်းမှာ ၁၂၀ ပေ x ၃၀ ပေ အုပ်ညှပ်တစ်ထပ် ကျောင်းဆောင်အား အန္တရာယ်ဆောင်ဖြစ်နေသည့် ယာယီဆောင်နှင့် ပညာသင်ကြားနေရသည့် အခြေအနေ တို့ကြောင့် လိုအပ်နေသည့်စာသင်ခန်း ၆ ခန်းစာအတွက် အဆိုပါ အန္တရာယ်ရှိကျောင်းဆောင် ၁၂၀ ပေ x ၃၀ ပေ အုပ်ညှပ်တစ်ထပ်ကျောင်းဆောင်ကို ဖျက်သိမ်းပြီး ၁၁၀ ပေ x ၃၀ ပေ RC နှစ်ထပ် ဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း တည်ဆောက်ရေး ဘတ်ဂျက်ရရှိမှု အပေါ် တိုင်းဒေသကြီးတန်းစီဇယားဖြင့် ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။