သစ်တောသစ်ပင် စိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး မူဝါဒများချမှတ်ပြီး မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် ယခုကာလအရေးတကြီး လုပ်ရမည့်အရာများ မြောက်မြားစွာရှိနေပါသော် လည်း သတိလက်လွတ်ကျော်မသွားသင့်သောကိစ္စမှ သစ်တောသစ်ပင်စိုက်ပျိုးရေးနှင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးဖြစ်ပါကြောင်း၊ သစ်တော သစ်ပင်ပြုန်းတီးလျှင် ရာသီဥတုများဖောက်ပြန် လာမည်ဖြစ်ပါကြောင်း၊ သတ္တဝါများ၏ဇီဝကမ္မဖြစ်စဉ်များ ကိုလည်း ထိခိုက်လာမည်ဖြစ်ပါကြောင်း၊ မြေဆီလွှာကိုထိန်းညှိပေးနိုင်သည့် သစ်တောသစ်ပင်များ လျော့နည်းလာသည်နှင့်အမျှ မြစ်ကြောင်း တစ်လျှောက် ကမ်းပါးပြိုခြင်း၊ နုန်းတင်ခြင်း၊ မိုးကြီးတိုင်းရေကြီးရေလျှံ ဖြစ်ခြင်း၊ နွေရောက်ပါက ရေခန်းခြာက်ခြင်းများနှင့် ကြုံရမည်ဖြစ်ပါကြောင်း၊ ရာသီဥတုများ ပူပြင်းလာပြီး ပတ်ဝန်းကျင်ကို ရုပ်ဆိုးအကျည်းတန်စေပါကြောင်း၊ သစ်တောသစ်ပင်မရှိလျှင် မိုးခေါင်ပြီး မြေအောက်ရေခန်းခြောက် ကာ မြေပြိုခြင်း၊ မြေကျွံခြင်းများလည်း ဖြစ်ပွားနိုင်ပါကြောင်း၊ သစ်တောသစ်ပင်များရှိမှ လေထု မညစ်ညမ်းအောင် သန့်စင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တိုးတက်နေသည့်နိုင်ငံကြီးများ၌ လူနေ ထူထပ်သော မြို့ကြီးများအနီးတွင် သစ်တောဇုန်များထားရှိထားသည်ကို လေ့လာခဲ့ရဖူးပါကြောင်း။
မြန်မာနိုင်ငံ၏ လေထုသည် အုပ်စုတချို့အတွက် ကျန်းမာရေးထိခိုက်နိုင်ပြီး ဂျပန်ုနိုင်ငံ၊ စင်ကာပူ နိုင်ငံတို့ထက် အဆပေါင်းများစွာ လေထုညစ်ညမ်းနေတာကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြန်မာ့နိုင်ငံ၏ လူ့သက်တမ်းသည် ၂၀၂၅ ခုနှစ်တွင်ပျမ်းမျှ ၆၆.၇ နှစ်လို့ သိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပျမ်းမျှလူ့သက်တမ်းသည် အနိမ့်ဆုံးဖြစ်နေတာကို တွေ့ရမည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်နေရာတွင် စံပြဖြစ်သည့် ဂျပန်နိုင်ငံနှင့်နှိုင်းယှဉ်လျှင် များစွာ ကွာဟနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကောင်းမွန်သော ရာသီဥတု၊ သန့်ရှင်းသော လေထု ရှိမှသာ ပြည်သူလူထု၏ သက်ရှည်ကျန်းမာရေးကို ပြုပြင် ပြောင်းလဲနိုင်မည့်အချက် တစ်ချက် ဖြစ်ပါကြောင်း၊
သို့သော် လေထုသန့်ရှင်းရေးကို ဆက်တိုက်လျစ်လျူရှုမိပါက လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်သွားပြီး ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်နိုင်ပါကြောင်း၊ မိမိတို့မြန်မာပြည်သူများ သက်ရှည်ကျန်းမာရန် မိမိတို့တွင် တာဝန်ရှိပါကြောင်း။
ယခုအစိုးရလက်ထက် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် သစ်တောသစ်ပင် စိမ်းလန်းစိုပြည် ရေးကို အလေးအနက်အထားဆောင်ရွက်နေသည်ကို မိမိတို့မြင်နေကြရပါကြောင်း၊ ထိန်းသိမ်း စောင့်ရှောက်ရန် မိမိတို့ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာကြရန်လိုအပ်ပါကြောင်း၊ မိမိတို့၏ မျိုးဆက်သစ်များကို ကောင်းမွန်သောရာသီဥတု၊ သစ်တောသစ်ပင်စိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အဖွဲ့များ မြို့နယ်အလိုက်၊ ဒေသအလိုက်ဖွဲ့စည်းထားရှိရန် လိုအပ်ပါကြောင်း၊ အဆိုပါအဖွဲ့သည် သစ်တောသစ်ပင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အစိုးရဌာန ဆိုင်ရာများ၊ အလှူရှင်၊ သစ်ပင်စိုက်ပျိုးရေးအဖွဲ့များနှင့် ချိတ်ဆက်ပြီး ဒေသတွင်းဖိဖိစီးစီးဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊ စိုက်ပြီးသား သစ်တောသစ်ပင်များကို ရန်သူမျိုးငါးပါးရန်မှ ထိန်းသိမ်း ကာကွယ်၊ ထိန်းသိမ်းရန်အတွက် ရန်ပုံငွေများထားရှိရန်လည်းလိုအပ်ပါကြောင်း။
မိမိတို့တိုင်းပြည်သည် မြောက်မြားလှစွာသော ပြုပြင်ပြောင်းလဲရေးများ၊ တိုင်းပြည်တိုးတက် အောင်လုပ်ဆောင်ရမည့် အခြားလုပ်ငန်းစဉ်များရှိနေသည်ကို နားလည်ပါကြောင်း၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းမည့် ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုသည့် ပြည်သူပါဝင်သည့်လူမှုရေးအဖွဲ့များ၊ ဖွဲ့ရန်မူဝါဒများချမှတ်ပြီး တစ်ပြိုင်နက်တည်းလုပ်ဆောင်ရန် အစီအစဉ်ရှိ /မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်နှစ်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသောင်းနိုင်ဦး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာ့သစ်တောမူဝါဒ၏ ပဓာန ၆ ချက်ဖြစ်သည့် ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေခြင်း၊ အခြေခံစားဝတ် နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေခြင်း၊ ပြည်သူတို့ ပူးပေါင်း ပါဝင်ခြင်းနှင့် ပြည်သူများအကြား နိုးကြားတက်ကြွသည့် သစ်တော ထိန်းသိမ်းရေး အသိစိတ်ဓာတ်များ ရှင်သန်နေစေခြင်းဆိုသည့် မူဝါဒလမ်းညွှန်ချက်များနှင့်အညီ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေး၊ သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု နှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်စေရေး၊ ပင်လယ် ကမ်းရိုးတန်းဒေသများ မုန်တိုင်းအန္တရာယ်မှ ကာကွယ်ရေးနှင့် ရေကြီးရေလျှံခြင်းတို့ တားဆီးကာကွယ် နိုင်ရေး၊ ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာစေရေးတို့အတွက် သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းသတ်မှတ်ခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် သစ်တောပျက်စီးပြုန်းတီးသွားသည့်နေရာများ၊ တောနိမ့်တောပါးများနှင့် ရေဝေရေလဲ ဒေသများမှာ သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာ့သစ်တောမူဝါဒ၏ ရည်မှန်းချက်နှင့် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက် (Paris Agreement)တို့အရ နိုင်ငံတကာမှာ ကတိကဝတ်ပြုထားသည့် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောဖွဲ့စည်းရန်နှင့် ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ် ဖွဲ့စည်းသတ်မှတ်နိုင်ရေးအတွက် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ဧရိယာဧက ၄၃.၈၄ သန်း၊ နိုင်ငံ့ဧရိယာ၏ ၂၆.၂၂ ရာခိုင်နှုန်းနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေဧရိယာဧက ၁၁.၀၂ သန်း၊ နိုင်ငံ့ဧရိယာ၏ ၆.၅၉ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ် ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းရန်ကျန်ရှိသည့် ဧရိယာများကိုလည်း လစဉ်၊ နှစ်စဉ် ဖွဲ့စည်းမည့်လျာထား ဧရိယာများသတ်မှတ်ပြီး ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းကို နိုင်ငံ့ဧရိယာ၏ ၅ဝ ရာခိုင်နှုန်း အထိ တိုးတက်လာစေရေးအတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝတော များထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (Myanmar Reforestation and Rehabilitation Programme - MRRP)ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အထိ စနစ်တကျရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၏ စီမံကိန်းကာလ ၁၀ နှစ်တာ အတွင်း စီးပွားရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း အစရှိသည့် နိုင်ငံပိုင်သစ်တော စိုက်ခင်းတည်ထောင်ခြင်းအနေဖြင့် သစ်တောစိုက်ခင်းဧရိယာ ၃၅၃,၄၉၅ ဧက၊ အပင်ပေါင်း ၂၀၄.၄၇ သန်း စိုက်ပျိုးခဲ့ပါကြောင်း၊ ထို့အပြင် ပုဂ္ဂလိကသစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သစ်အခြေခံ MSMEs လုပ်ငန်းများ သစ်ကုန်ကြမ်းထောက်ပံ့နိုင်ရေးအတွက် ပုဂ္ဂလိကသစ်တောစိုက်ခင်းနှင့် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း ဧရိယာ ၇၃၆,၇၄၅ ဧက၊ အပင်ပေါင်း ၁၈.၁၅ သန်းကိုလည်း စိုက်ပျိုးခဲ့ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအစီအစဉ် (Green Environmental Campaign) အနေဖြင့် လမ်းမကြီးများ၏ ဘေးဝဲယာများ၊ ရထားလမ်းဘေးဝဲယာများ၊ သစ်ပင်ကျဲပါး သည့် တောင်ကုန်းတောင်ထပ်မှာ သစ်ပင်များစိုက်ပျိုးခြင်းနှင့် မြို့ပြနှင့်ကျေးရွာများ စိမ်းလန်း စိုပြည်ရေး အတွက် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခြင်း၊ ပြည်သူလူထုကို ဖြန့်ဝေ စိုက်ပျိုးခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မိုးရာသီမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီအထိ အပင်ရေ ၁၀.၃၃ သန်း ကိုလည်း ထပ်မံစိုက်ပျိုးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးခဲ့မှုအနေနဲ့ ဧရိယာ ၃၁,၂၉၈ ဧက၊ အပင်ပေါင်း ၂၁.၇၈ သန်း စိုက်ပျိုးခဲ့ပါကြောင်း။
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်းစီမံချက်၊ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့်နေရာများမှာ သစ်ပင်စိုက်ပျိုးရေးစီမံချက်၊ ရပ်စောက်(ဗထူးမြို့)နှင့် ပင်းတယမြို့နယ်၊ စိမ်းလန်းစိုပြည်ရေးစီမံချက်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသ စိမ်းလန်းစိုပြည်ရေးစီမံချက်၊ ပြင်ဦးလွင်မြို့နယ်၊ စိမ်းလန်းစိုပြည်ရေးစီမံချက်၊ မင်းဘူးခရိုင်၊ စိမ်းလန်းစိုပြည်ရေးနှင့် ပင်လယ်ကန်းရိုးတန်းဒေသ အထူးဒီရေတောစိုက်ခင်းတည်ထောင်ခြင်းတို့ အတွက်လည်း စီမံချက်များကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ ၂၀၃၄-၂၀၃၅ ဘဏ္ဍာရေးနှစ်အထိ ၅နှစ် စီမံချက်များကို အသီးသီးရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒရည်မှန်းချက်များနှင့် အညီ ကာလတို၊ ကာလရှည် စီမံချက်များချမှတ်ပြီး သဘာဝတောများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်ခြင်းနှင့် ပြည်သူများ ပူးပေါင်း ပါဝင်သည့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအစီအစဉ်များ အကောင်အထည်ဖော်ခြင်း တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။