အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်း-ကံသာယာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၃ အုပ်စု စုစုပေါင်း ၆၃ အုပ်စုဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်မြို့နယ် ဖြစ်ပါ ကြောင်း၊ အုတ်ဖိုမြို့၏ အရှေ့တောင်ဘက်တွင်ရှိသည့် ဂုံညင်းတန်းအုပ်စု၊ ကံသာယာအုပ်စု၊ တယ်ပယ်ကျော အုပ်စု စသည့် ၃ အုပ်စုတို့တွင် ကျေးရွာပေါင်း ၂၂ ရွာ ပါဝင်ပြီး လူဦးရေ ၉,၀၀၀ ကျော်နှင့် စုပေါင်းနေထိုင်သည့် ကျေးရွာအုပ်စုများဖြစ်ပါကြောင်း၊ ကံသာယာ အုပ်စု၊ ကံသာယာ ရွာနှင့် ဂုံညင်းတန်းအုပ်စု၊ ဂုံညင်းတန်းကျေးရွာ ဆက်သွယ်ထားသည့် အဆိုပါ ဂုံညင်းတန်း လမ်းမကြီးသည် အဓိကကုန်ထုတ်လမ်းမကြီးဖြစ်ပြီး ဒေသထွက် စပါး၊ ပဲမျိုးစုံ၊ နှမ်းနှင့် နွေစပါးများ အဓိက စိုက်ပျိုးရာဒေသလည်းဖြစ်ပါကြောင်း၊ ဂုံညင်းတန်း-ကန်သာယာလမ်းမကြီးသည် အရှည် ၅ မိုင် ရှည်လျားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘဏ္ဍာရေးနှစ်အလိုက် မြေနီလမ်း မှတစ်ဆင့် ကျောက်ချောလမ်းအဖြစ် အစိုးရအဆက်ဆက်က အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သော လမ်းမကြီး ဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါလမ်းမကြီးသည် အမာခံလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ အုတ်ဖိုမြို့နယ်ရှိ ဂုံညင်းတန်း-ကန်သာယာ လမ်းမကြီးအား အမာခံ ကွန်ကရစ် လမ်း အဖြစ် နိုင်ငံတော်မှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်အား သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က
အဆိုပါလမ်းသည် ရန်ကုန်-ပြည်လမ်းပေါ်ရှိ အိုးသည်ကုန်းမြို့၊ ဂုံညင်းတန်းရွာမှ ကံသာယာရွာ သို့ ချိတ်ဆက်ထားသော လမ်းအရှည် ၆ မိုင်ရှိသည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း။ လက်ရှိလမ်း၏ အခြေအနေသည် ကျောက်လမ်း ၄ မိုင်၊ ၇ ဖာလုံ၊ အမာခံလမ်း ၁ မိုင်နှင့် မြေသားလမ်း ၁ ဖာလုံ စုစုပေါင်း လမ်းမိုင် အရှည် ၆ မိုင်ဖြစ်ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းမိုင်ပေါင်း ၂,၄၃၀ မိုင်ရှိပြီး ၎င်းလမ်းသည် အဆင့်လိုက် ခွဲထား သည့်လမ်းများ ဖြစ်ပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်း၏ မူလကျောက်လမ်းပိုင်းသည် ပျက်စီးမှု ဖြစ်ပေါ်နေသောလမ်းအရှည် ၁ မိုင်အား ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းအား လျာထားပေးသွားမည်ဖြစ်ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်ပြီး ဖြေကြားခဲ့ပါသည်။