MY EN

(ဋ)-ဦးခင်မောင်ဝင်း(မော်လမြိုင်ကျွန်းမဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးခင်မောင်ဝင်း (မော်လမြိုင်ကျွန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ရေတွင်းကုန်းလမ်း(၃၅/၇) မိုင်အား ရာသီမရွေးသွားလာ နိုင်သော လမ်းနှင့် မြစ်ကူးတံတားတည်ဆောက်ပေးရန်  အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

၂၀၀၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံတွင် ကြီးမားသော မကြုံဖူးသော တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ကြီးမားသော အသက် အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ နိုင်ငံတော်၏ ထုတ်ပြန်ချက်အရ လူဦးရေ ၁၂၀,၀၀၀ခန့် အသက်သေဆုံးခဲ့ပြီး ပျောက်ဆုံးစာရင်းအရ သောင်းနဲ့ချီပြီးရှိခဲ့ပါကြောင်း၊ မော်လမြိုင် ကျွန်း မြို့နယ်တွင်လည်း အသက်များစွာဆုံးရှုံးခဲ့ပါကြောင်း၊ မော်လမြိုင်ကျွန်း မြို့နယ်သည် ရေလမ်းဖြစ်သည့် မြစ်ချောင်းများကို အဓိကထား၍ သွားလာနေရသည့် မြို့ဖြစ်သည့်အတွက်ကြောင့် တစ်ရွာနှင့် တစ်ရွာ ကူးလူးဆက်ဆံရာတွင် အခက်အခဲများရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြို့နယ် တွင်ရှိသည့် ကျေးရွာများ ကူးသန်း သွားလာရာတွင် ဆက်သွယ်ရေးကောင်းသည့် မြေသားလမ်း၊ ကားလမ်းများကို တိုးတက်ဖောက်လုပ်ခြင်း ဖြင့် ကျေးရွာဒေသ တစ်ခုနှင့်တစ်ခု အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ မလွှဲမရှောင်သာသော သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ရပါက ဆုံးရှုံးမှုအမျိုးမျိုးမှကာကွယ် နိုင်ရန်ရည်ရွယ်ပြီး နိုင်ငံတော်အကြီးအကဲက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းချမှတ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနအား အကောင်အထည်ဖော်ရန် လမ်းဆောက်လုပ်ရေး အထူးအဖွဲ့ ၄ မှ မော်လမြိုင် ကျွန်း-လှိုင်းဘုန်း-သစ်ပုတ်-ကွင်းပေါက်- ပြင်စလူ လမ်းစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ၎င်းလမ်းစီမံကိန်းမှာ မြေသားလမ်း တချို့ပြီးမြောက်ပြီး တချို့မှာ ကျောက်ခင်း လမ်း အနည်းအကျင်း အဆင့်သာဆောင်ရွက်နိုင် ခဲ့ပါ ကြောင်း၊ ၂၀၀၈-၂၀၀၉ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လမ်းတံတားအဆင့်ထိ ယခုထိ မပြီးမြောက် သေးပါကြောင်း၊ အဆိုပါ မြေသားလမ်းမှာ နှစ်ကာလ ကြာမြင့်ပြီ ဖြစ်၍ မြေသားလမ်းများပျက်စီးပြီး တံတားအခင်းများပျက်စီးခြင်း၊ ချဉ်းကပ်လမ်းများ မြေသားနိမ့်ကျ၍ အသုံးပြု၍ မရခြင်း တို့ဖြစ် နေပါကြောင်း။ 

အဆိုပါလမ်းတံတား စီမံကိန်းအား ပြန်လည်ဖော်ထုတ်ဆောင်ရွက်ပေးပါက ဒေသခံပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးတို့ကို ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက အချိန်မီရွှေ့ပြောင်းနိုင်ခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် နိုင်ငံတော်၏ ပင်လယ်ထွက်ပေါက်မဟာဗျူဟာမြောက် အရေးပါသောလမ်းဖြစ်လာမည် ဖြစ်ပါ ကြောင်း၊  သို့ဖြစ်ပါ၍ မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ရေတွင်းကုန်း ၃၅မိုင်၊ ၇ ဖာလုံ မိုင်ရှည်နှင့် လိုအပ်သော ဖျာလိပ်မြစ်ကူးတံတား၂,၈၅၈ ပေ လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း တံတား များကို ရာသီမရွေးသွားလာနိုင်သောအဆင့်မီလမ်း တံတားအဖြစ်တည်ဆောက်ပေးပါရန် နှင့် ဆောင်ရွက် ပေးမည့် အစီအစဉ် ရှိ /မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

ပထမမေးခွန်းဖြစ်သည့် အဆိုပါလမ်းသည် မော်လမြိုင်ကျွန်း - လှိုင်းဘုန်း-သစ်ပုတ် - ကွင်းပေါက် - ပြင်စလူလမ်းတွင်ပါဝင်ပြီး ၂၀၀၈ ခုနှစ် နာဂစ်ကာလအပြီးတွင် ဖောက်လုပ်ခဲ့သော နာဂစ်လမ်း ကွန်ယက် ၁၁ လမ်းအနက်မှ အမှတ် ၂ လမ်းဖြစ်၍ ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲ သောလမ်းဖြစ်ပြီး စုစုပေါင်း မိုင်အရှည်က ၇၂ မိုင်၊ ၃ ဖာလုံရှိပါကြောင်း၊ မေးခွန်းတွင်ပါဝင်သည့် လမ်းအရှည် ၃၅ မိုင်၊ ၇ ဖာလုံ တွင် မိုင်တိုင် ၀/၀ မှ ၃၂/၄ အထိ ၃၂ မိုင်၊ ၄ ဖာလုံအရှည်ရှိသည့် မော်လမြိုင်ကျွန်းမြို့နယ် အပိုင်းဖြစ်ပြီး၊ မိုင်တိုင် ၃၂/၄ မှ ၃၅/၇ အထိ ၃ မိုင်၊ ၃ ဖာလုံအရှည်မှ ပြင်စလူမြို့နယ် အပိုင်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှ ၁၈ ပေအကျယ် အမာခံလမ်း ၁၈ မိုင်၊ ၂ ဖာလုံ၊ ၂၄ ပေအကျယ် အမာခံလမ်း ၁ မိုင်၊ ၃၄ ပေအကျယ် မြေသားလမ်း ၁၆ မိုင်၊ ၅ ဖာလုံဖြစ်ပြီး ကောင်းမွန်သောလမ်းအပိုင်းမှ ၁ မိုင်သာရှိပါကြောင်း၊ ပျက်စီးမှုများပြားနေသော လမ်းအပိုင်းမှ ၃၄ မိုင်၊ ၇ ဖာလုံဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းမိုင်ပေါင်း ၂,၇၅၃ မိုင်၊ ၄ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၈၄ မိုင်၊ ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၅၂ မိုင်၊ ၇ ဖာလုံ၊ကတ္တရာလမ်း ၁,၂ဝ၂ မိုင်ခန့်၊ ကျောက်လမ်း ၄၀၇ မိုင်၊ ၇ ဖာလုံ၊ အမာခံလမ်း ၂၂၈ မိုင်၊ ၇ ဖာလုံ၊ မြေသားလမ်း ၄၇၆ မိုင်၊ ၇ ဖာလုံ ဖြစ်ပါကြောင်း ။

အဆိုပါလမ်းပိုင်းတွင် ၂၀၂၆ -၂ဝ၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကညင်ချောင်းတံတားချဉ်းကပ်လမ်း၏ မြေသားတာဘောင်အသစ် တည်ဆောက်ခြင်းနှင့် အမာခံ လမ်းခင်းခြင်း ၂ ဖာလုံ ဆောင်ရွက်ရန်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ မော်လမြိုင်ကျွန်း - လှိုင်းဘုန်း - ရေတွင်း ကုန်း လမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်ရေးအတွက် ကျန်ရှိနေသည့် အမာခံလမ်းနှင့် မြေသား လမ်းပိုင်းများအား ပထမအဆင့်အနေဖြင့် ကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းအား ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ရန်ပုံငွေများ လျာထားသွားမည်ဖြစ်ပါကြောင်း၊  ဒုတိယ မေးခွန်းဖြစ်သည့် မြစ်ကူးတံတားတည်ဆောက်ပေးရန်နှင့်စပ်လျဉ်း၍ မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ရေတွင်းကုန်း အထိ ၃၅ မိုင်၊ ၇ ဖာလုံတွင် တံတား ၂၈ စင်းတည်ဆောက်ရန် လိုအပ်မည် ဖြစ်ပါ ကြောင်း၊ တည်ဆောက် ပြီးတံတား ၂၄ စင်း၊ အမြဲတမ်းသံကူကွန်ကရစ်တံတား ၄ စင်း၊ အောက်ထည်သံကူကွန်ကရစ်နှင့် အပေါ်ထည်ဘေလီတံတား ၉ စင်း၊ အောက်ထည်ကျောက်ကြီးစီ သံပိုက်ပိုင်နှင့် အပေါ်ထည် ဘေလီတံတား ၁၁ စင်းတို့ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် တံတားမှာ ၂,၈၅၈ ပေ အရှည်ရှိ ဧရာဝတီမြစ်ကူတံတား (ဖျာလိပ်) ဖြစ်ပါကြောင်း။  

အဆိုပါလမ်းပေါ်ရှိ တံတားများကြံ့ခိုင်မှုကောင်းမွန်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာနမှ နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အပေါ် ထည် ဘေလီ တံတား ၂၀ စင်းအနက် ဘေလီတံတား ၆ စင်းအား ကြံ့ခိုင်မှုကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်း မိုင်တိုင် ၁၇ မိုင်၊ ၄ ဖာလုံနှင့် ၁၈ မိုင်၊  ၂ ဖာလုံကြားရှိ ဧရာဝတီ မြစ်ကူးတံတား(ဖျာလိပ်) တည်ဆောက်ရန် လျာထား နေရာ၏ မြစ်ကမ်းနှစ်ဖက် အကွာအဝေးမှာ ခန့်မှန်း ၁,၉၂၀ ပေရှိပါကြောင်း၊ သို့သော် သင်္ဘော ကြီးများ ဖြတ်သန်းသွားလာနိုင်ရန် အတွက် တံတားအမြင့်ပေ ၄၀ ဆောက်ရသည့်အတွက် တံတား အရှည်မှာ ၂,၈၅၈ ပေခန့် တည်ဆောက် ရမည်ဖြစ်ပြီး လတ်တလော တည်ဆောက် ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့်  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့သော အချက် အလက် များနှင့် ပေါင်းစပ်ပြီး ပြန်လည်ဖြေကြားခဲ့ပါသည်။