နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(က)ဦးတင့်လွင်(လောင်းလုံးမဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးတင့်လွင် (လောင်းလုံး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသတွင် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း(SME)များကိုဖော်ထုတ်၍ ဈေးကွက်ချိတ်ဆက်မှုရရှိအောင် စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ တနင်္သာရီဒေသကြီး အတွင်း လူဦးရေ ၁.၄ သန်းခန့်ရှိပြီး မြို့ပြမှာ ၃၇၀,၀၀၀ ကျော်ရှိ၍ ကျေးလက်ဒေသမှာ ၁,၀၂၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါကြောင်း၊ တနင်္သာရီဒေသကြီးအတွင်း ကျေးလက်ဒေသမှာနေထိုင်သည့် ဒေသခံတိုင်းရင်းသားများဖြစ်သည့် ထားဝယ်၊ မြိတ်၊ ကရင်၊ မွန်၊ ဆလုံ တို့သည် ရေထွက်ကုန်နှင့် ရေထွက်ကုန်အချောထုတ်သည့် SME လုပ်ငန်း၊ စိုက်ပျိုးရေးအခြေပြု SME လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ လက်မှုအနုပညာ SME လုပ်ငန်း၊ ခရီးသွားဆိုင်ရာ SME လုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိပါကြောင်း၊ အဆိုပါ တိုင်းရင်းသားတို့ လုပ်ကိုင်နေသည့် ရိုးရာရက်ကန်းနှင့် ရိုးရာလုံချည်လုပ်ငန်း၊ ရိုးရာမြေအိုးလုပ်ငန်း၊ လက်မှုလုပ်ငန်းတို့သည် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် လက်မှုအနုပညာများဖြစ်၍ မပျောက်ပျက်သွားစေရန်၊ ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝေးလံခေါင်သီသည့် တိုင်းရင်းသားဒေသရှိ ဒေသခံတိုင်းရင်း သားများ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များအတွက် ရရာဒေသတွင်  အစဉ်မပြတ် ဝင်ငွေရရှိရန် ဒေသတွင်းစီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်မည့် SME လုပ်ငန်းများ ဖော်ဆောင်နိုင်ခြင်းဖြင့် ရွှေ့ပြောင်းအလုပ်သမားပြဿနာကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။

          ဆက်လက်၍ တိုင်းရင်းသားတို့ ထူးဆန်း ဆန်းသစ်သည့် လက်မှုအနုပညာ၊ ရိုးရာထုတ်ကုန် များကို ပြည်တွင်းပြည်ပခရီးသွားများဆွဲဆောင်၍ ခရီးသွားကဏ္ဍမြှင့်တင်နိုင်မည်ဖြစ်သလို ကျေးလက် ဒေသရှိ မိရိုးဖလာလုပ်ကိုင်နေသည့် အခြေခံလူလတ်တန်းစားများ၏ စီးပွားရေးကိုမြှင့်တင်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေတိုးတက်ပြီး ဒေသတွင်းဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ရန် အထောက်အကူရရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိရိုးဖလာ SME လုပ်ငန်းများ ရေရှည်ရှင်သန်ပြီး ဈေးကွက်ရရှိစေရန် မိရိုးဖလာ လက်ရာမပျက်စေဘဲ ထုတ်လုပ်မှုပိုမိုမြန်ဆန်ပြီး အရည်အသွေးပိုမိုကောင်းမွန်လာစေရန် ခေတ်မီ စက်ကိရိယာများနှင့် နည်းပညာများကို ပံ့ပိုးပေးရန်လိုအပ်သကဲ့သို့ ခေတ်ရေစီးကြောင်း နှင့်အညီ ဆွဲဆောင်မှုရှိပြီး သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသော ထုတ်ပိုးမှုစနစ်များဖြစ်လာစေ ရန် ဒီဇိုင်း နှင့်ထုတ်ပိုးမှု Packaging တို့ကို မွမ်းမံသင်ကြားပေးမှုများ လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိရိုးဖလာ SME လုပ်ငန်းများအတွက် အတိုးနှုန်းသက်သောချေးငွေများ ဖြည့်ဆည်းပေးခြင်း၊ အရင်းအနှီး အခက်အခဲရှိသော တိုင်းရင်းသားလုပ်ငန်းစဉ်များအတွက် အ‌ပေါင်ပစ္စည်းမလိုဘဲ ရယူနိုင်မည့် Microfinance သို့မဟုတ် အထူး SME ချေးငွေများကို ဖန်တီးပေးရန်နှင့် လိုအပ်သလို အွန်လိုင်းမှ တစ်ဆင့် ပြည်တွင်းပြည်ပသို့ တိုက်ရိုက်ရောင်းချနိုင်ရန် ဆိုရှယ်မီဒီယာနှင့် E-commerce Website များကို အသုံးပြုသင်ကြားပေးခြင်း၊ တိုင်းရင်းသားရိုးရာထုတ်ကုန်ပြပွဲများကို ကျင်းပပေးပြီး ကုန်သွယ်မှု ကွန်ရက် Net Working ချိတ်ဆက်ပေးခြင်းဖြင့် တိုင်းရင်းသားဒေသထွက်ကုန်များကို မူပိုင်ခွင့်ကာကွယ် ပေးခြင်းဖြင့် တုပအန္တရာယ်မှကာကွယ်တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားတို့ မိရိုးဖလာ လုပ်ကိုင်နေသော SME လုပ်ငန်းများကို ပိုမိုရှင်သန်နိုင်ရေးအတွက် (SME Clusters) SME အစုအဖွဲ့များ ဖွဲ့စည်းပေးခြင်းနှင့် ၎င်းတို့ထုတ်ကုန်များ Brand များကိုဆောင်ရွက် နိုင်အောင် ဝိုင်းဝန်းကူညီပေးခြင်း အားဖြင့် SME ကဏ္ဍပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တိုင်းရင်းသားတို့မိရိုးဖလာလုပ်ကိုင်နေသော SME လုပ်ငန်းများကိုမြှင့်တင်ခြင်းသည် တိုင်းရင်းသားတို့၏ စားဝတ်နေရေးနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရုံသာမက နိုင်ငံတော်၏ အခြေခံစီးပွားရေးကို အောက်ခြေမှစ၍ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ခြင်းဖြစ်၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ‌ကျေးလက်ဒေသတွင် တိုင်းရင်းသားတို့လုပ်ကိုင် နေသော မိရိုးဖလာအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကိုဖော်ထုတ်၍ မြှင့်တင်ပေးခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှုရရှိအောင် စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က 

        တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ရေသယံဇာတ အဓိကပေါကြွယ်ဝသည့် တိုင်းဒေသကြီးဖြစ်သည့်အားလျော်စွာ တိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများဖြစ်သည့် ရေထွက်ကုန်ပစ္စည်း၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးအခြေပြုလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်း၊ လက်မှုအနုပညာလုပ်ငန်း၊ ခရီးသွားဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချပေးခြင်း၊ နည်းပညာရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ထုတ်ကုန်ပစ္စည်းများ ပြသရောင်းချနိုင်ရေး၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်းစသည့် MSME ဝန်ဆောင်မှုများဖြင့် ပံ့ပိုးဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ တနင်္သာရီ တိုင်းဒေသကြီး၏ MSME Agency နှင့် One Stop Service များမှတစ်ဆင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်ကို တိုက်ရိုက်သိရှိဖြေရှင်းနိုင်ရန်တို့အတွက် MSME  ဗဟိုကော်မတီ၊ MSME  လုပ်ငန်း ကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ငန်း မှတ်ပုံတင် ပေးရုံ၊ သင်တန်းပေးရုံ၊ ချေးငွေချိတ်ဆက်ပေးရုံနှင့် မလုံလောက်ဘဲ လုပ်ငန်းတစ်ခု ရေရှည်တည် တံ့နိုင်ရန် အသိပညာမှ နည်းပညာ၊ အရည်အသွေးမှ ထုတ်ကုန်၊ ထုပ်ပိုးမှုမှ ဈေးကွက်၊ ရင်းနှီးမတည်မှုမှ ဘဏ္ဍာရေးဆိုသည့် လုပ်ငန်းစဉ်တစ်လျှောက် လိုအပ်သည့်အချက်များကို ပံ့ပိုးနိုင် အောင် တစ်ဆက်တည်း စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုအတွက် လုပ်ငန်းဖော်ထုတ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊ နည်းပညာပံ့ပိုးခြင်း၊ ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ ငွေကြေးရရှိရေး ချိတ်ဆက်ပေးခြင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်း၊ ဒီဂျစ်တယ်နည်းပညာ အသုံးချနိုင်ရေးနှင့် ဒေသအလိုက် MSMEs လုပ်ငန်းဝန်ဆောင်မှုစနစ် တည်ဆောက်ပေးခြင်းတို့ကို တစ်စုတစ်စည်းတည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ သစ်တောနှင့် အခြားဒေသ အရင်းအမြစ်များရှိသော်လည်း ကုန်ကြမ်းအဖြစ်သာ ဈေးနည်းနည်းနှင့် ရောင်းချနေလျှင် ဒေသအတွင်း ဝင်ငွေနှင့်အလုပ်အကိုင် အနည်းငယ်သာကျန်ရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကုန်ကြမ်းကို ဒေသအတွင်း သန့်စင်၊ အဆင့်ခွဲ၊ ပြုပြင်ထုတ်လုပ်၊ ထုပ်ပိုးပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဖန်တီးရမည်ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုရှိရုံနှင့် မလုံလောက်ဘဲ ကုန်ကြမ်း၊ လုပ်သား၊ စက်ပစ္စည်း၊ အချိန်နှင့် စွမ်းအင်တို့ကို ထိရောက်စွာအသုံးချပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ရပါကြောင်း၊ အရည်အသွေးသည် တစ်ကြိမ်ကောင်းရုံ မဟုတ်ဘဲ တသမတ်တည်းရှိရပါမည်ဖြစ်ပါကြောင်း၊ ထုပ်ပိုးမှုသည် ပစ္စည်းကိုကာကွယ်ပေးရမည့်အပြင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်ရက်၊ သက်တမ်းနှင့် ထုတ်လုပ်သူအချက်အလက်တွေကို မှန်ကန်စွာ ဖော်ပြပေးရမည်ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်ဆို သည်မှာ Logo တစ်ခုသာမဟုတ်ဘဲ ဖောက်သည်ကို ပေးသည့်  အရည်အသွေးကတိကဝတ် ဖြစ် ပါကြောင်း။

MSMEs လုပ်ငန်းများသည် အရင်းအနှီးအနည်းငယ်နှင့် စတင်နိုင်ပါကြောင်း၊ ဒေသထွက် ကုန်ကြမ်း ကို အသုံးချနိုင်ပါကြောင်း၊ ဖောက်သည်လိုအပ်ချက်ကို မြန်မြန်တုံ့ပြန်နိုင်ပါကြောင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေကို ဒေသတွင်းဖြန့်ဝေပေးနိုင်ပါကြောင်း၊ MSMEs ဖွံ့ဖြိုးတိုးတက်ရေးသည် လုပ်ငန်းရှင်တစ်ဦးချင်း အမြတ်ရရှိရေးသက်သက် မဟုတ်ဘဲ လုပ်ငန်းတစ်ခုတိုးတက်လာလျှင် ကုန်ကြမ်းပေးသွင်းသူ၊ ထုပ်ပိုးသူ၊ သယ်ယူပို့ဆောင်သူ၊ အရောင်းနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုပေးသူများ အတွက်ပါ အလုပ်အကိုင် ဖြစ်ပေါ်စေပါကြောင်း၊ အလုပ်အကိုင်သည် မိသားစုဝင်ငွေကိုတိုးစေပြီး ဒေသစီးပွားရေးကို လှုပ်ရှားစေပါကြောင်း၊ အရည်အသွေးမီ ပြည်တွင်းထုတ်ကုန်တွေများလာလျှင် သွင်းကုန်အစားထိုးနိုင်ပြီး နောက်ဆုံးတွင် ပို့ကုန်အဖြစ် တိုးချဲ့နိုင်ပါကြောင်း၊ နိုင်ငံ့ဝင်ငွေနှင့် လူနေမှုဘဝတိုးတက်လာမည်ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းကိုကူညီရာတွင်  အရင်ဆုံးဆန်းစစ် ရန်လိုပါကြောင်း၊  MSMEs လုပ်ငန်းတစ်ခုကို ကူညီရာတွင် ချေးငွေ သို့မဟုတ် စက်ပစ္စည်းကို တန်းပေးသည်ထက် လုပ်ငန်း၏လက်ရှိအခြေအနေကို ဦးစွာဆန်းစစ်ရန်လိုပါကြောင်း၊ ဈေးကွက်၊ ထုတ်လုပ်မှုစွမ်းအား၊ စက်အခြေအနေ၊ လုပ်သားကျွမ်းကျင်မှု၊ ကုန်ကျစရိတ်၊ အရည်အသွေးနှင့် ငွေသားစီးဆင်းမှုတို့ကိုစစ်ဆေးပြီး အမှန်တကယ်လိုအပ်သည်မှာ ငွေကြေးလား၊ နည်းပညာလား၊ ဈေးကွက်လား၊ စံချိန်စံညွှန်းလားဆိုသည်ကို ဖော်ထုတ်ရပါမည်ဖြစ်ပါကြောင်း၊ လက်ရှိစက်ကို ပြုပြင်ခြင်း၊ လုပ်ငန်းစဉ် ပြန်လည်စီခြင်း၊ တိုင်းတာရေးကိရိယာများတပ်ဆင်ခြင်း၊ ဒီဂျစ်တယ်မှတ် တမ်းအသုံးပြုခြင်းနှင့် လိုအပ်သည့် Automation ပြုလုပ်ခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ စက်အသစ်ဝယ်တိုင်း ထုတ်လုပ်မှုဘယ်လောက်တိုးမလဲ၊ အပယ်ပစ္စည်း ဘယ်လောက် လျော့မလဲ၊ ရင်းနှီးမြှုပ်နှံငွေ ဘယ်လောက်ကြာမှ ပြန်ရမလဲဆိုသည်ကို  တွက်ချက် ရပါကြောင်း၊ အရည်အသွေး၊ ဈေးနှုန်း၊ ထုတ်လုပ်နိုင်မှုပမာဏနှင့်  ပစ္စည်းပို့ချိန်တို့ တည်ငြိမ်လာလျှင် MSMEs သည် လုပ်ငန်းကြီးများ၏ ပေးသွင်းသူဖြစ်လာနိုင်ပါကြောင်း၊ လုပ်ငန်း ကြီးသည် နည်းပညာ သတ်မှတ်ချက်၊ အရည်အသွေး စနစ်နှင့်  ပုံမှန်အမှာစာကိုပေးပြီး MSMEs သည် ကုန်ထုတ် စွမ်းအားနှင့်  အရည်အသွေးကိုတိုးတက်စေသည့် အခါတွင် ပြည်ပမှတင်သွင်းနေသည့် အစိတ်အပိုင်း များကို ပြည်တွင်းမှာ အစားထိုးထုတ်လုပ်နိုင်ပါကြောင်း၊ နောက်ဆုံးတွင်  လုပ်ငန်းကြီး မှတစ်ဆင့် ဖြစ်စေ၊ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်စေ ပို့ကုန်ထုတ်လုပ်မှု ကွင်းဆက်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်ပါကြောင်း။

          တနင်္သာရီဒေသအတွက် ဦးစားပေးလုပ်ငန်းများ- မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော် ၏မူဝါဒဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ် အရှိန်မြှင့်တင်ဦးတည်ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊  တနင်္သာရီ တိုင်းဒေသကြီး၏ ဒေသထွက်ကုန်များကို ပိုမိုထင်ရှားသည့် ဒေသထုတ်ကုန်အဖြစ် ဖော်ဆောင်နိုင်ရေး အတွက် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region, One Product - OROP)ကို အထူးအလေးထားဆောင်ရွက်နေပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက် ကွမ်းသီး၊ ငှက်သိုက်ထုတ်ကုန်များ၊ ဆီအုန်း၊ ရော်ဘာ၊ ရေထွက်ကုန်မှာ ငါး၊ ပုစွန်၊ ဂျင်းခရုစတဲ့ ဖော်ပြထားသည့် OROP ထုတ်ကုန်များပါဝင် ပါကြောင်း၊ ထို့ကြောင့် ထိုဒေသထွက်ထုတ်ကုန်များ ကို ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် ခေတ်မီစက်မှုနည်းပညာများအသုံးချ၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲခြင်း၊ အရည်အသွေးမြှင့်ခြင်း၊ ထုပ်ပိုးခြင်း၊ Brand တည်ဆောက်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်းတို့ကို ပိုမိုအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

အရည်အသွေးနှင့် လုပ်ငန်းကျွမ်းကျင်မှုပံ့ပိုးမှုတနင်္သာရီတိုင်းဒေသကြီးအတွက် ဝန်ကြီးဌာနအနေဖြင့် ယခင်က MSMEs ဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက် ပေးခဲ့ပါ ကြောင်း၊ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် တွင်  ပြည်တွင်းထုတ်ကုန်များ အားပေးမြှင့်တင်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်း ဒေသကြီးမှ လုပ်ငန်းရှင်များအပါအဝင် MSMEs လုပ်ငန်းရှင် ၄၅ ဦးအတွက် MSMEs ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တင်ပို့ခြင်းလုပ်ငန်းစဉ်များတွင်  ကြုံတွေ့နေရသည့် အခက်အခဲ၊ အတားအဆီး များကို လျော့နည်းစေရေးနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသထွက် ကုန်ရှိရုံနှင့်မပြီးဘဲ အရည်အသွေးကောင်းသည့် ထုတ်ကုန်အဖြစ်ပြောင်းလဲ နိုင်ရန် နည်းပညာက အရေးကြီးပါကြောင်း၊  တနင်္သာရီတိုင်းဒေသကြီး၏ အရေးပါသည့် ဒေသထွက်ကုန် များဖြစ်သည့် ဆီအုန်းကဏ္ဍကလည်း အရည်အသွေးကောင်းမွန်သည့် စားအုန်းဆီထုတ်လုပ်နိုင်ရေး Refinery နည်းပညာဆိုင်ရာ အသိပညာဆွေးနွေးပွဲများကိုလည်း ၂၀၂၃ ခုနှစ်တွင်  ၃ ကြိမ်ပြုလုပ်ပေးခဲ့ပြီး တနင်္သာရီ တိုင်းဒေသကြီး ဆီအုန်းလုပ်ငန်းရှင် ၁၁ ဦးပါဝင်ခဲ့ပါကြောင်း၊ ထိုဆောင်ရွက်မှု၏ အဓိက ရည်ရွယ်ချက်မှာ တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့်ကုန်ကြမ်းကို အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲရန် နည်းပညာပံ့ပိုးခြင်းဖြစ်ပါကြောင်း။

          ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးမှ MSMEs လုပ်ငန်းရှင်များအတွက် Packaging, Labelling & Food Hygiene စသည့် နည်းပညာပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ MSMEs လုပ်ငန်းများ ဈေးကွက်ပိုမိုရရှိနိုင်ရန် ထုတ်ကုန်ကောင်းရုံနှင့် မလုံလောက်ဘဲ သန့်ရှင်းမှု၊ အရည်အသွေး၊ ထုပ်ပိုးမှုနှင့် Labelling သည်လည်း အရေးကြီးသော်ကြောင့် နိုင်ငံတကာ အဆင့်မီ ခေတ်မီထုတ်လုပ်မှု၊ ထုပ်ပိုးမှုနှင့် လုပ်ငန်းခွင်အရည်အသွေး စီမံခန့်ခွဲမှုနည်းပညာတွေ ပံ့ပိုး ပေးခဲ့သည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျေးလက်ဒေသမှ မိရိုးဖလာလုပ်ငန်းများသသည် ထုတ်ကုန် အရည်အသွေးကောင်းသော်လည်း ထုပ်ပိုးမှုနှင့် Brand တည်ဆောက်မှုတွင် လိုအပ်နေသဖြင့် ဈေးကွက် တွင်ကျယ် မရရှိနိုင်ပါကြောင်း၊ ထိုအချက်ကိုလည်း ဝန်ကြီးဌာနမှ အလေးထားပြီး ကူညီ ဆောင်ရွက်ပေးနေသည်ဖြစ်ပါကြောင်း။

ဒေသခံများအတွက် သင်တန်းများ-တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ဒေသခံပြည်သူ လူထုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများ၊ လူမှုစီးပွားဘဝမြင့်မား တိုးတက်စေရန်ဒေသထွက် စိုက်ပျိုးထွက်ကုန်များ၊ ရေထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့်စား သောက်ကုန် သင်တန်း၊ အုန်းလက်မှုထည်သင်တန်း၊ လူငယ်များနှင့် အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း များရရှိစေရန် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆိုင်ကယ် ပြင်သင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင်ခြင်းသင်တန်း၊ သံဂဟေဆက်သင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

          နည်းပညာအကြံဉာဏ်ပေးခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း- တနင်္သာရီတိုင်းဒေသကြီး၏ မိရိုးဖလာလုပ်ငန်းများသည် စီးပွားရေးတန်ဖိုးရှိသလို ဒေသယဉ်ကျေးမှုတန်ဖိုးလည်းရှိပါကြောင်း၊  ရိုးရာကိုထိန်းသိမ်းရုံသာမက ခေတ်မီနည်းပညာ၊ အရည်အသွေးနှင့် ဈေးကွက်လိုအပ်ချက် နှင့်ကိုက် ညီအောင် တိုးတက်လာစေရန် လိုအပ်ပါကြောင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုနှင့် လက်မှုလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထားဝယ်ရိုးရာလုံချည်ကို ဒေသယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ရေရှည်တည်တံ့ ပြန့်ပွားစေရန် မိရိုးဖလာရက်ကန်းလုပ်ငန်းတွေဖြစ်သည့် “ရွှေဥဩ” စက်ရက်ကန်း လုပ်ငန်းနှင့် “လွန်းရွှေဝါ” လက်ရက်ကန်းလုပ်ငန်းတို့ကို နည်းပညာအကြံဉာဏ်ပေးခြင်း၊ ဈေးကွက် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊  မိရိုးဖလာလုပ်ငန်းများကို ခေတ်မီလုပ်ငန်း အဖြစ် ပြောင်းလဲပစ်သည် မဟုတ်ဘဲ မိရိုးဖလာအရည်အသွေးနှင့် ယဉ်ကျေးမှုတန်ဖိုးကိုထိန်းသိမ်းပြီး ခေတ်မီဈေးကွက်နှင့် ကိုက်ညီအောင် တိုးတက်စေခြင်းဖြစ်ပါကြောင်း။

ဈေးကွက်ဖော်ဆောင်ပေးခြင်း- ယနေ့ခေတ်တွင် ထုတ်ကုန်ထုတ်လုပ်နိုင်ရုံနှင့်မလုံလောက်ဘဲ ဈေးကွက်ရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊  ထို့ကြောင့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ စပြီးE-Market Place for Myanmar Products Platform ကိုတည်ထောင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ထုတ်ကုန်များကို Online မှ တစ်ဆင့် ပြသရောင်းချနိုင်အောင် ဆောင်ရွက်ထား ပါကြောင်း၊  တနင်္သာရီတိုင်းဒေသကြီးတွင်လည်း လုပ်ငန်း ၇ ခု၏ ထုတ်ကုန် ၄၇ မျိုးကို E-Market Place တွင် ရောင်းချနိုင်အောင် ချိတ်ဆက်ပေးထားပါကြောင်း။ 

ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်များသည် MSMEs ထုတ်ကုန်များ ဈေးကွက်ပိုမိုချဲ့ထွင်လာနိုင် စေရန်အတွက် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် E-Market Platform ပေါ်ရှိ MSMEs ထုတ်ကုန် အရောင်းပြခန်းကိုလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်း ထောင့်တွင် စတင်ဖွင့်လှစ်ပြီး Offline Platform တစ်ခုအနေနှင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အထိ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လုပ်ငန်းရှင် ၁၂၄ ဦး၏ ထုတ်ကုန်အမျိုးအစား ၆၃၂ မျိုး၊ ပစ္စည်းအရေအတွက် ၈,၀၀၀ ကျော်ကို ဈေးကွက်ချိတ်ဆက်ရောင်းချပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ လုပ်ငန်းရှင် ၆ ဦးပါဝင်ပြီး ငှက်သိုက်၊ ကမ်းဇော်ဆီအပါအဝင် ပစ္စည်း အမျိုးအစား ၃၅ မျိုး၊ ပစ္စည်းအရေအတွက် ၁,၀၀၀ ကျော်ကို တင်ပြရောင်းချပေးလျက် ရှိပါကြောင်း၊ MSMEs လုပ်ငန်းရှင်များအတွက် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်များကို ကျင်းပပေးခြင်း၊ ဈေးကွက်ချိတ်ဆက်မှုများ ဖော်ဆောင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊  ရှေ့ဆက်ပြီး တနင်္သာရီတိုင်းဒေသကြီးမှ ဒေသထွက်ကုန်များ ဒီဂျစ်တယ်ဈေးကွက်နှင့် ပိုမိုချိတ်ဆက်ပေးနိုင်ရေးအတွက်လည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ SME အသိအမှတ်ပြု Member Card ထုတ်ပေးထားမှုအခြေအနေ ဖြစ်ပါကြောင်း၊ MSMEs ကို အစိုးရ၏နည်းပညာ၊ ငွေကြေးနှင့် အခြားပံ့ပိုးမှုများကို ချိတ်ဆက်ပေးနိုင်ရန် လုပ်ငန်းများကို စနစ်တကျဖော်ထုတ်သိရှိရန်လိုပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်အထိ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ထုတ်လုပ်မှုလုပ်ငန်း ၄၆၆ ခု၊ ရောင်းဝယ်မှုလုပ်ငန်း ၂၈၈ ခု၊ ဝန်ဆောင်မှုလုပ်ငန်း ၁၇၃ ခု၊ အခြားလုပ်ငန်း ၈၁၆ ခုဖြင့် စုစုပေါင်း ၁,၇၄၃ ခုကို SME အသိအမှတ်ပြု Member Card ထုတ်ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ စနစ်တကျ မှတ်ပုံတင်ဖော်ထုတ်ထားနိုင်ခြင်းသည် လုပ်ငန်း များ၏ လိုအပ်ချက်ကိုပိုမိုသိရှိပြီး သက်ဆိုင်ရာပံ့ပိုးမှုတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေး နိုင်ရန်ဖြစ်ပါကြောင်း။

          ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးပေးခြင်းနှင့် ချေးငွေအစီအစဉ် ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများတိုးတက်ခိုင်မာရေး အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ဘဏ္ဍာရေးအရင်းအနှီးပံ့ပိုးမှု အပိုင်းအနေနှင့် MSMEs ချေးငွေရန်ပုံငွေတွင် အသေးစားလုပ်ငန်းများအတွက် ကျပ်သန်း ၅၀ ၊ အလတ်စားလုပ်ငန်း များအတွက် ကျပ်သန်း ၁ဝဝ၊ Fixed Capital အတွက်ကို အတိုးနှုန်း ၃ ရာခိုင်နှုန်းနှင့် Working Capital အတွက်ကို အတိုးနှုန်း ၄ ရာခိုင်နှုန်းနှင့်  ထုတ်ချေးပေးပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် အထိ လုပ်ငန်းရှင် ၂၈၇ ဦးအတွက် ကျပ်သန်း ၁၁,၃၇၁ ထုတ်ချေးပေးပြီးဖြစ်ပါကြောင်း၊ ပြည်တွင်း စားသုံးမှုဖူလုံစေရေးသည်  အရေးကြီးကဏ္ဍ တစ်ရပ်ပါဝင် သည့်  ဆီစက်လုပ်ငန်းများအတွက် ကျပ်သန်း ၁၀ မှ ၅၀၀ အထိ အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဦးလျှင် ကျပ်သန်း ၁၀၀၊ အစုအဖွဲ့တစ်ဖွဲ့လျှင် ကျပ်သန်း ၂၀၀ အတိုးနှုန်း ၆ ရာခိုင်နှုန်းဖြင့် ချေးငွေပံ့ပိုးပေးထားပြီး ဆီစက်လုပ်ငန်းရှင် ၄၉ ဦးအတွက် ကျပ်သန်း ၈,၄၁၃ ထုတ်ချေးထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု MSMEs ၂,၂၃၂ ဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ ကျပ်သန်း‌ပေါင်း ၁၀,၇၆၆ ထုတ်ချေးပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အပေါင်ပစ္စည်းမတင်ပြနိုင်သည့် လုပ်ငန်းရှင်များအတွက် CGI စနစ်ဖြင့် ကျပ်သန်း ၅၀ အထိ အတိုးနှုန်း ၅ ရာခိုင်နှုန်းနှင့် ချေးငွေရရှိနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

          MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ ဖြစ်ပါကြောင်း၊ ယခုဆိုရင် တနင်္သာရီတိုင်းဒေသကြီးတွင် MSMEs လုပ်ငန်းများကို ဒေသနှင့်နီးကပ်ပြီး ပိုမိုထိရောက်စွာ ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ဝန်ကြီး၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ဘာသာရပ်ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့ဝင် ၂၉ ဦး နှင့် ဒေသဆိုင်ရာ MSMEs Agency ကို ဖွဲ့စည်းပေးထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် တနင်္သာရီ တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များအတွက် နေပြည်တော်၊ ရန်ကုန် စသည့်နေရာများတွင် သွားရောက်ပြီး ဝန်ဆောင်မှုရှာဖွေရသည်ထက် ဒေသအတွင်းတွင် လိုအပ်သည့်ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရရှိစေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် One Stop Service(OSS) ရုံးများကိုလည်း စတင်ဖွင့်လှစ်ထားပြီး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

တနင်္သာရီ တိုင်းဒေသကြီးတွင် သဘာဝအရင်းအမြစ်ကောင်း၊ ဒေသထွက်ကုန်ကောင်း၊ မိရိုးဖ လာအသိပညာ ကောင်း၊ လုပ်ငန်းအတွေ့အကြုံကောင်းများရှိပြီးဖြစ်ပါကြောင်း၊ ထိုအင်အား များကို နည်းပညာ၊ အရည်အသွေး၊ ဘဏ္ဍာရေး၊ ဈေးကွက်တို့နှင့် ပေါင်းစပ်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ လောင်း လုံးမြို့နယ် အပါအဝင် ကျေးလက်ဒေသများတွင် ရိုးရာမြေအိုးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း စ သည့်  မိရိုးဖလာလုပ်ငန်းများ မပျောက်ကွယ်ဘဲ မျိုးဆက်သစ်များဆီ ဆက်လက် လက်ဆင့်ကမ်းနိုင်ရေး၊ ဒေသခံလူငယ်များနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ တိုးပွားလာစေရေး၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ပြောင်းလဲပြီး ပြည်တွင်းပြည်ပ ဈေးကွက် များ အထိ ရောက်ရှိနိုင်ရေး၊ တိုင်းရင်းသားဒေသထွက်ကုန်များအတွက် မူပိုင်ခွင့်အကာ အကွယ်ရရှိ ရေးတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ MSMEs Agency၊ အသင်းအဖွဲ့များ၊ ဘဏ်များနှင့် ပုဂ္ဂလိ ကလုပ်ငန်းရှင်များ ချိတ်ဆက်ပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ကျေးလက်ဒေသ MSMEs ၊ SME တိုင်းရင်းသားထုတ်ကုန်၊ SME ရိုးရာကျွမ်းကျင်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်ကိုအခြေခံသည့် SME ဖြစ်ပါကြောင်း၊ ထိုသုံးခု၏ ထင်ရှားသည့်ဝိသေများမှာ ဒေသခံထွက်ကုန်ကြမ်းကိုသုံးခြင်း၊ ရပ်ရွာလုပ်အားအပေါ်မှီခိုခြင်း၊ SME အနေနှင့် တိုင်းရင်းသား များ၏ အမှတ်သညာ၊ ဒေသန္တရ၊ ဒီဇိုင်း၊ ရိုးရာဗဟုသုတ၊ ထုတ်ကုန်တန်ဖိုးရှိမှု၊ မိရိုးဖလာ SME အနေဖြင့် မျိုးဆက်အလိုက်သင်ယူလာသည့် နည်းစနစ်များ၊ လက်လုပ်အရည်အသွေးများ၊ ထူးခြားသည့် အရသာနှင့် လက်ရာရှိသည်များကိုစုပေါင်းမေးထားခြင်းနှင့် စပ်လျဉ်း၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအေဂျင်စီနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်ချက် များကို ဆက်လက်ပံ့ပိုးဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။