နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(င) ဦးသက်နိုင်ဦး(ဘားအံမဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးသက်နိုင်ဦး (ဘားအံ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ယာယီနေရပ်စွန့်ခွာသူများ၏ဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မည်သို့အစီအမံများ ထားရှိထားသည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့၏လွှတ်တော်မေးခွန်းများသည် နိုင်ငံတော်အစိုးရအား အကြပ်ရိုက်စေလိုသည့် ရည်ရွယ်ချက် မပါဘဲ နိုင်ငံတော်အစိုးရနှင့်ပြည်သူအကြား  ယုံကြည်မှုပိုမိုခိုင်မာ အားကောင်း လာ စေရန် သာဖြစ်ကြောင်း၊ မေးခွန်းဆိုသော်လည်း အပြုသဘောအကြံပြုချက်သာဖြစ်ပါကြောင်း၊ 

၂၀၂၁-၂၀၂၅ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလ၌ လူမှုစီးပွားဘဝများ အိုးအိမ်တိုက်တာ နေရာထိုင်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြရသော ယာယီနေရပ်စွန့်ခွာ မိဘပြည်သူများ၏ ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပိုမိထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မည်သို့ အစီအမံများ ထားရှိသည်ကို သိရှိလိုသည့် မေးခွန်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု တိတိ ကျကျ ပြဋ္ဌာန်းထားသော်လည်း နိုင်ငံတော်သည် နိုင်ငံသူနိုင်ငံသား မိဘပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ချမ်းသာတို့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်ကို မတွေ့ရပါကြောင်း၊ ဘာကိုညွှန်းသလဲဆိုလျှင် ဒီနိုင်ငံမှာ လူသည် သစ်ပင်တစ်ပင်လောက် တန်ဖိုး ထားမခံရ၊ စာဖွဲ့မခံရဘူးဆိုသည့် အနက်အဓိပ္ပာယ်အထိ ရောက်သွားသည်ကို သတိပြုကြရန် ဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၃၈၁ တွင် အောက်ဖော်ပြပါအခြေအနေ နှင့် အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေအဖြစ် သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ -

(က)    တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်။

()     ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန်။

()     အရေးပေါ်အခြေအနေဖြစ်ပေါ်နေချိန်။ 

ပြန်ချုပ်လျှင် အကြမ်းဖက်ဘေး၊ လူလုပ်ဘေးသင့်ပြည်သူများ၏ ထိခိုက်နစ်နာမှုများသည် ဘယ်သူထံမှတာဝန်မရှိဘူး၊ ဘယ်သူမှတာဝန်ခံစရာမလိုဘူးဟု အဖြေထွက်ပါကြောင်း၊ နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသည် လူလုပ်ဘေး၊ အကြမ်းဖက်ဘေးသင့် ယာယီနေရပ်စွန့်ခွာများ၏  ဘဝပြန်လည်ထူထောင်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံနှင့်ဆောင်ရွက်နေကြကြောင်း သတင်းစာများ၊ ရုပ်မြင်သံကြား၊ မီဒီယာများတွင် နေ့စဉ်တွေ့နေကြရပါကြောင်း၊  ထိုအတွက်လည်း နိုင်ငံတော် အစိုးရနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်တွင် ယခုထက် ပိုမို လေးနက်သည့်တာဝန်ရှိမှု ရှိနေသည်ဟု အကြံပြုပါကြောင်း၊ ယာယီနေရပ်စွန့်ခွာသူများ ကြုံနေ ကြရသည့်ဘေးသည် အကြမ်းဖက်ဘေး၊ လူလုပ်ဘေးဖြစ်ပါကြောင်း၊ ဘယ်နိုင်ငံ၊ ဘယ်အစိုးရမှ မိမိနိုင်ငံ၊ မိမိပြည်သူများကို သဘာဝဘေးဒဏ်များမှ အပြည့်အဝအကာအကွယ် မပေးနိုင်ကြသော် လည်း အကြမ်းဖက်ဘေး၊ လူလုပ်ဘေးနှင့်ပတ်သက်လျှင် ပြည်သူများ ယခုလိုမခံစားရအောင် နိုင်ငံတော်တွင် တာဝန်ရှိသည်ဟု ရိုးရိုးသားသား နားလည်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံ မြင့်မားတိုးတက်ရန် အရေးကြီးဆုံးအခြေခံလိုအပ်ချက်သည် မိမိတို့ အားလုံး၏ စိတ်ဓာတ်များ မြင့်မားကြရန်ဖြစ်ပါကြောင်း၊ စိတ်ဓာတ်မမြင့်ဘဲ ဘဝမမြင့်နိုင်ပါကြောင်း၊  Universal True  ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ပြည်သူကို ဒုက္ခသည်လို့မြင်ရင်ဒီပြည်သူတွေသည် တစ်သက်လုံး ပေးမှ၊ ကျွေးမှ၊ ထောက်ပံ့မှ စားရမည့် ဒုက္ခသည်များအဖြစ်သာ ရှိနေမည် ဖြစ်ပါကြောင်း၊ ပြည်သူများကိုသာ ၎င်းတို့၏ ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် နိုင်ငံတော်မှ လျော်ကြေးပေးရမည့်သူများအဖြစ် တာဝန်သိစိတ်၊ တာဝန်ခံစိတ်၊   တာဝန်ယူစိတ်နှင့် တွေးလိုက် သည်နှင့် ပြည်သူများသည် ဒုက္ခသည်များမဟုတ်ဘဲ နိုင်ငံတော်ထံမှ အကြွေးရရန်ရှိသော အကြွေး ရှင်များအဖြစ် ရောက်ရှိသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည် မြင့်မားတိုးတက်ချင်လျှင် စိတ်ဓာတ်တွေ မြင့်မြင့်ထားရန်လိုသည်ဟု မိမိအကြံပြုချင်ပါကြောင်း၊ တင်ပြခဲ့သမျှ၏ တစ်ခုတည်းသော လိုရင်းအချုပ်မှာ ထိခိုက်နစ်နာသူများကို နိုင်ငံတော်မှ လျော်ကြေးပေးသင့် သည်ဟု သိစေလိုခြင်းဖြစ်ပါကြောင်း၊ လက်ရှိကိန်းဂဏန်းများအရ ယာယီနေရပ်စွန့်ခွာ ၆,၇၆၀၉ ဦး၊ အိမ်ထောင်စုအရွယ်အစားနှင့်တွက်လျှင် အိမ်ထောင်စုပေါင်း ၁၅၉,၀၀၀ စုကျော်ဖြစ်ပါကြောင်း၊ အိမ်ထောင်စုတစ်ခုလျှင် ဥပမာအားဖြင့် ကျပ်သိန်း ၅၀ လျော်ကြေးပေးပါက နိုင်ငံတော်မှ ဘီလီယံ ၈၀၀ ကုန်ကျမည်ဖြစ်ပါကြောင်း၊ လူဦးရေပေါ် အခြေခံတွက်ချက်ခြင်းဖြစ်ပါကြောင်း၊ လက်တွေ့ မြေပြင်တွင်ဖြစ်သည့် အခြေအနေများအပေါ် အခြေခံရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် ၂၀၂၁-၂၀၂၅ ခုနှစ် နိုင်ငံတော် နိုင်ငံရေးအကျပ်အတည်းကာလနှင့် လူမှုစီးပွားဘဝ များ အိုးအိမ်တိုက်တာနေရာထိုင်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြရသော ယာယီနေရပ် စွန့်ခွာ မိဘပြည်သူ များ၏ ဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ယခုအကြံပြုခဲ့သည့်အတိုင်း ဆောင်ရွက်သင့်ကြောင်း မေးမြန်းတိုက်တွန်း အကြံပြုခဲ့ပါသည်။

အဖြေ
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး က

          မေးခွန်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များအား ပေါင်းစပ်၍ ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ် များတွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ၁ လ၊ ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စုစုပေါင်းငွေကျပ် ၁၄၄.၃၅၈ ဘီလီယံ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနအနေဖြင့်လည်း ဦးစီးဌာန၏ လုပ်ငန်းတာဝန်ဖြစ်သည့် ဘေးသင့်ပြည်သူများ လတ်တလော စားဝတ်နေရေးပြေလည်စေရန် ထောက်ပံ့ခြင်း၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ် များကြောင့် ထွက်ပြေးတိမ်းရှောင်သူများအား ထောက်ပံ့ခြင်း စသည့်လုပ်ငန်းစဉ်များနှင့်အညီ နယ်မြေအခြေအနေကြောင့် နေရပ်စွန့်ခွာရသူများနှင့် နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ ပြန်လည်ဝင်ရောက်နေထိုင်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးသည့် နေအိမ်များအတွက် သတ်မှတ်ထောက်ပံ့ကြေးနှင့် မိသားစုသုံးပစ္စည်းစုံ၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်းစုံနှင့် မီးဖိုချောင်သုံးပစ္စည်းစုံ ထောက်ပံ့ခြင်းနှင့် ပြန်လည် ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ခဲ့မှုများအနေဖြင့် လတ်တလော စားဝတ်နေရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် စသည်များကို ထောက်ပံ့လျက်ရှိရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်မှ ချင်းပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ် ၄၇.၇၆၆ သန်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် ငွေကျပ် ၈၄၉.၂၂၅ သန်း၊ ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိလာသည့် ရခိုင် ပြည်နယ်၊ မြို့နယ် ၇ မြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ် ၂၇၂.၅၅၆ သန်း တန်ဖိုးရှိစားနပ် ရိက္ခာများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ နေပြည်တော်၊ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်းဒေသကြီးများတွင် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန် ၃၀၈,၄၀၇ အိတ်ကိုလည်း ထောက်ပံ့ပေးခဲ့ပါကြောင်း။

ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပညာရေးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ ပြန်လည် ပြုပြင်ရေးအတွက် ငွေကျပ် ၉,၄၁၅.၂၈၆ သန်း၊ ချင်းပြည်နယ်၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့တို့တွင် ဌာနဆိုင်ရာအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများနှင့် အများပြည်သူဆိုင်ရာ စာသင်ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတား၊ ရေ၊ မီး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး စသည့်ကဏ္ဍများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ငွေကျပ် ၁၃,၄၈၄.၂၂ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နှင့်ဖောင်းပြင်မြို့တို့တွင် ဘာသာရေးအဆောက်အဦများ ပြန်လည်ပြုပြင်ရန် ငွေကျပ် ၉.၅ သန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ဌာနဆိုင်ရာ အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများ ပြန်လည်ပြုပြင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များပြန်လည်ထူထောင်ရန်အတွက် ငွေကျပ်သန်း ၅,၀၀၀ နှင့် ဆီဆိုင်မြို့အတွင်း ဌာနဆိုင်ရာ အဆောက်အဦများ ပြန်လည်ပြုပြင်ရန် ငွေကျပ် ၅၁၄၈.၉၆၉ သန်း၊ စုစုပေါင်း ငွေကျပ် ၃၃,၄၈၁.  သန်း တို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပြီး ဆောင်ရွက်ခဲ့ ပါကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပညာရေး၊ ကျန်းမာရေး အသက်မွေးဝမ်းကျောင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် စသည့် ကဏ္ဍစုံဆောင်ရွက်ရသည့်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မန္တလေးငလျင် ကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ တပ်မတော်မှ နယ်မြေပြန်လည်စိုးမိုးနိုင်ခဲ့သော မြို့ရွာများ ကို  အကြမ်းဖက်သမားများ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းတံတား၊ ရေ၊ မီး၊ လျှပ်စစ် အစရှိသည့် အများပြည်သူဆိုင်ရာအခြေခံအဆောက်အအုံများ အတွက် ဦးစား ပေးပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း။

ထို့အတူ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း နေရပ်စွန့်ခွာ ပြည်သူများအတွက် လတ်တလောစားဝတ်နေရေးအဆင်ပြေစေရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေး၊ ပြန်လည်ထူထောင်ရေးကဏ္ဍများကို ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်အတွင်း ဌာနအလိုက် ဆောင်ရွက်ပေးမှုများ အနေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက  တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ ပြန်လည် ပြုလုပ်နိုင်ရန် ကြက်၊ ဝက်၊ ဆိတ်များ အခမဲ့ထောက်ပံ့ပေးခြင်း၊ မွေးမြူရေးဆိုင်ရာသင်တန်းများ ပို့ချပေးခြင်း၊ မွေးမြူတိရစ္ဆာန်များအတွက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ စီးပွားဖြစ်မွေးမြူလို သူများအတွက် အရင်းအနှီးလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးခြင်း၊ မျိုး၊ အစာ၊ ဈေးကွက်ရရှိရေး ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ နေရေးအဆင်ပြေစေရန် စုပေါင်း ဝန်ထမ်းအိမ်ရာများနှင့် အိုးအိမ်တိုက်တာ နေရာထိုင်ခင်းမရှိသူများ နေရေးအဆင်ပြေစေရန် ပြည်သူ့အငှားအိမ်ရာများကို မြေနေရာနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ထိခိုက်ပျက်စီး ခဲ့သည့် အခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းများ၊ တံတားများ၊ ရေမြောင်းများနှင့် အများပြည်သူသုံးအဆောက်အအုံများကို ဦးစားပေးအစီအစဉ်ဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်သွားလျက်ရှိပါကြောင်း၊ နေရပ်ပြန်လာ သည့် ပြည်သူများ အခြေချနေထိုင်သည့်နေရာများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်စိုက်ပျိုးရေး နည်းပညာပေးသင်တန်းများ  ဖွင့်လှစ်သင်ကြားပေးခြင်း၊ မျိုးစေ့များထောက်ပံ့ပေးခြင်း၊ လိုအပ်သော ရင်နှီးငွေများ ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန အနေဖြင့် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်း၊ ပြည်နယ်ရန်ပုံငွေဖြင့် မူလခွင့်ပြုငွေ ကျပ် ၇,၄၈၈.၉၇၁ သန်း၊ လုပ်ငန်းလွှဲပြောင်းသုံးစွဲငွေ ကျပ်သန်း ၅ဝဝ၊ ဖြည့်စွက်လျာထားချက် ကျပ် ၄,၅၃၇.၄၄၄ သန်း၊ စုစုပေါင်း ကျပ် ၁၂,၅၂၆.၄၁၅ သန်း ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုရန်ပုံငွေဖြင့် မူလခွင့်ပြုငွေ ကျပ် ၃,၁၇၈.၈၇၅ သန်း လျာထားပြီး ဖြစ်ပါကြောင်း။

သမဝါယမဦးစီးဌာနအနေဖြင့် ယာယီနေရပ်စွန့်ခွာ မိဘပြည်သူများ၏ ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် တောင်သူများ လိုအပ် သည့် မျိုးသွင်းအားစုများကိုလည်းကောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် ယာယီနေရပ်စွန့်ခွာ မိဘ ပြည်သူများ တစ်နိုင်တစ်ပိုင် သို့မဟုတ် စီးပွားဖြစ် မွေးမြူဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အရင်းအနှီးချေးငွေများကို ငွေများကိုလည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍအနေဖြင့် ဒေသထွက်ကုန် များအပေါ် အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ စီးပွားဖြစ်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည့်အရင်း အနှီးချေးငွေများကို သမဝါယမစနစ်ဖြင့် အသင်းအချင်းချင်းပံ့ပိုးငွေ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ လူမှုစီးပွားမြှင့်တင်ရေး သက်တန့်ရောင် စီမံကိန်းရန်ပုံငွေများမှရယူပြီး ပံ့ပိုး ဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း၊ သမဝါယမလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် သက်ဆိုင်ရာသမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး ပြည်သူများ၏လူမှုစီးပွားဘဝမြှင့်တင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့်၂ဝ၂၅-၂ဝ၂၆ဘဏ္ဍာရေးနှစ်တွင်ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေ၊ နိုင်ငံတော် အထောက်အပံ့ရန်ပုံငွေ စုစုပေါင်း ၅၀၂၄.၈၅ သန်းနှင့် ကုန်ထုတ်တံတား၊ ကျေးလက်ရေပေးရေး၊ အခြားတည်ဆောက်ရေးလုပ်ငန်းများ၊ ဆိုလာစနစ်စိုက်ပျိုးရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြ ကျေးရွာထူထောင်ရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် တွင်  ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေစုစုပေါင်း ၇၈၃၄.၅၂၇ သန်းနှင့် တွင်းတိမ်၊ တွင်းနက် ရေရရှိရေး၊ ဆိုလာစိုက်ပျိုးရေရရှိရေး၊ အိမ်သွယ်ရေတိုင်စနစ်၊ ရေသန့်စင်စနစ်၊ ယင်လုံ အိမ်သာ၊ ကုန်ထုတ်တံတားလမ်း၊ ရွာတွင်းကွန်ကရစ်လမ်း၊ ရွာတွင်းတံတားများ တည်ဆောက် ခြင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ခြင်း၊ Smart Village စီမံကိန်း၊  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ  နိုင်ငံတော်အစိုးရမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၁-၂၀၂၅ ခုနှစ် နိုင်ငံရေးအကြပ် အတည်းကာလ၌ လူမှုစီးပွားရေးဘဝများ၊ အိုးအိမ်တိုက်တာ နေရာထိုင်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြ ရသော ယာယီနေရပ်စွန့်ခွာ မိဘပြည်သူများ၏ ဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယာယီနေရပ် စွန့်ခွာသူများ၏ဘဝ ပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်း၍ ယာယီနေရပ် စွန့်ခွာသူများအနေဖြင့် ရောက်ရာဒေသများတွင် မိမိတို့၏ နေ့စဉ်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို တတ်ကျွမ်းရာ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိမှု၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး  ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူ့ကိုယ်စားလှယ်ကြီးများ၏ ကဏ္ဍ အလိုက် ပံ့ပိုးမှုတို့ဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းပြီး ဘေးကင်းလုံခြုံ၍ ဂုဏ် သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝများ ပြန်လည်တည်ဆောက်ရေးကို ဦးတည်နိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။