နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(ဌ)- ဦးမြင့်စိုးဆင့်(မော်လိုက်မဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးမြင့်စိုးဆင့်( မော်လိုက် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မော်လိုက်မြို့တွင် ချင်းတွင်းမြစ်ကူးတံတားကို ရေတို-ရေရှည်အစီအမံများ ချမှတ်၍ တည်ဆောက် ပေး ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မော်လိုက်ခရိုင်ကို မော်လိုက်မြို့နယ်၊ ဖောင်းပြင်မြို့နယ် ၂ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မော်လိုက်မြို့နယ်တွင်ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၈ အုပ်စု၊ ကျေးရွာ ၇၇ ရွာဖြင့် ဖွဲ့စည်း ထားပါကြောင်း၊ မော်လိုက်မြို့နယ်ကို ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာ ၄၀ အုပ်စု၊ ကျေးရွာပေါင်း ၁၇၆ ရွာဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မော်လိုက်ခရိုင်တွင် မော်လိုက်မြို့နှင့် ကျေးရွာ ၅၇ ရွာ တို့သည် ချင်းတွင်းမြစ်၏အနောက်ဘက်တွင် တည်ရှိကြပြီး ဖောင်းပြင်မြို့နှင့် ကျေးရွာပေါင်း ၂၁၆ ရွာတို့သည် ချင်းတွင်းမြစ်၏အရှေ့ဘက်တွင် တည်ရှိကြပါကြောင်း၊ ကျေးရွာအများစုသည် ချင်းတွင်းမြစ်၏ ဝဲ/ယာ ဘေးနှစ်ဖက်တွင် တည်ရှိကြပါကြောင်း၊ မော်လိုက်မြို့နှင့်ဖောင်းပြင်မြို့သည် မိုင် ၈၀ ကျော် ကွာဝေး ပါကြောင်း၊ မော်လိုက်ခရိုင်တွင် လူဦးရေ ၁၈၀,၀၀၀ ခန့်ရှိပြီး ၅ ပုံ ၄ ပုံခန့်သည် ချင်းတွင်းမြစ်၏ အရှေ့ဘက်မှာ နေထိုင်ကြပါကြောင်း၊ ပြည်သူအများစုသည် တောင်သူ လုပ်ငန်းကို အများဆုံးလုပ်ကိုင် ကြပါကြောင်း၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှု နည်းပါး ပါကြောင်း။

ကျန်းမာရေးအတွက် ကလေးမြို့ ကုတင် ၃၀၀ ဆေးရုံကို အားထားရပါကြောင်း၊ ခရီးသွား လာ ခြင်းလုပ်ငန်း၊ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ လူမှု စီးပွားဘဝအတွက် ရေလမ်းခရီးကိုသာ အဓိကထားအသုံးပြုရပါကြောင်း၊ ချင်းတွင်းမြစ်၏ အနောက် ဘက်တွင် မော်လိုက်၊ ကလေးဝနှင့် ကလေးသို့ ဆက်သွယ်ထားသော မော်လိုက်-ကလေးဝ လမ်းပိုင်း ရှိပါကြောင်း၊ မော်လိုက်မြို့မှတစ်ဆင့် ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ဖလမ်းမြို့များသို့လည်း သွားလာနိုင်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ဆောမြို့၊ ထီးလင်းမြို့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး (အောက်ပိုင်း)၊ ပုလဲမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များသို့လည်း သွားလာနိုင်ပါ ကြောင်း၊ ကလေးဝမြို့၊ မြစ်သာမြစ်ကူးတံတားမှတစ်ဆင့် ယာကြီးလမ်းကို အသုံးပြုပြီး မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့များသို့လည်း သွားလာနိုင်ပါကြောင်း၊ မော်လိုက်မြို့မှ တမူးမြို့သို့ ဆက်သွယ်ထား သော ဒေသအခေါ် လက်ဆေးကန်လမ်း၊ မော်လိုက်-တမူးလမ်း ပိုင်းရှိပါကြောင်း၊ ချင်းတွင်းမြစ်၏ အရှေ့ဘက်တွင် မုံရွာ-ဘုတလင်-ဒီပဲအင်း-ရေဦး-တန့်ဆည်-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးမြို့များသို့ ဆက်သွယ်ထားသောမဟာဗျူဟာလမ်းရှိ ပါ ကြောင်း၊ ၎င်းလမ်းသည် မော်လိုက်မြို့နယ်၊ မော်လိုက်မြို့၏ တစ်ဖက်ကမ်း ကင်းတပ်ကျေးရွာနှင့် တောင်အင်းကျေးရွာတို့မှ ဖြတ်သန်းသွားပါ ကြောင်း၊ အောက်မြေ မြို့မှတစ်ဆင့် စစ်ကိုင်းတိုင်း ဒေသကြီး (အထက်ပိုင်းအရှေ့ဘက်ခြမ်းရှိ မြို့၊ ရွာများနှင့် ကချင်ပြည်နယ်ရှိ မြို့၊ ရွာများသို့ သွားလာနိုင်ပါကြောင်း။

ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ မြို့၊ ရွာများသို့ သွားလာနိုင်သော ကလေး-မော်လိုက် လမ်းပိုင်း၊ တမူး-မော်လိုက်လမ်းပိုင်းနှင့် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ မြို့၊ ရွာများသို့ သွားလာ နိုင်သော မဟာဗျူဟာလမ်းကို ချိတ်ဆက်နိုင်ရန် မော်လိုက်မြို့တွင် ချင်းတွင်းမြစ်ကူးတံတား တစ်စင်း လိုအပ်လျက်ရှိပါကြောင်း၊ ချင်းတွင်းမြစ် (အောက်ပိုင်းအနောက်ဘက်ခြမ်းရှိ မြို့၊ ရွာများ နှင့် ချင်းတွင်းမြစ် (အထက်ပိုင်းအရှေ့ဘက်ခြမ်းရှိ မြို့၊ ရွာများသို့ ချိတ်ဆက်ပေါင်းကူး ပေးသော တံတားဟု ဆိုရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်မှ ချင်းတွင်းမြစ်ကူးတံတားကို တည်ဆောက်ပေးမည်ဆိုပါက မော်လိုက်ခရိုင် အတွင်းရှိ ပြည်သူများနှင့် ချင်းတွင်းမြစ်၏ ဝဲ/ယာ ဘေးနှစ်ဖက်ရှိ မြို့၊ ရွာများ၌ နေထိုင်ကြသော ပြည်သူများသည် ခရီးသွားလာခြင်း လုပ်ငန်း၊ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဘဝများတိုးတက်ဖွံ့ဖြိုးရန်အတွက် များစွာအထောက်အကူပြု စေနိုင် ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရန် အဓိကအထောက်အကူ ဖြစ်စေနိုင် သည့်အတွက် မော်လိုက်မြို့၌ ချင်းတွင်းမြစ်ကူးတံတားကို ရေတို-ရေရှည်အစီအမံများချမှတ်၍ တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် စတင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့တွင် ချင်းတွင်းမြစ်ကူးတံတား (မော်လိုက်တည်ဆောက်လိုသည့်နေရာတွင် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမှ ခွဲထွက်လာ သည့် မော်လိုက်မြို့အဝင်လမ်းအဆုံး မိုင်တိုင် ၇/၀ တွင် တည်ရှိပါကြောင်း၊ မော်လိုက်မြို့မှ ကလေးဝ-မော်လိုက်လမ်းအတိုင်း ၃၅ မိုင်အကွာတွင် ကလေးဝမြို့တည်ရှိပြီး ကလေးဝမြို့၏ အရှေ့ မြောက်ဘက်ရှိ ချင်းတွင်းမြစ်ကူးတံတား(ကလေးဝအသုံးပြု၍ မြစ်အရှေ့ဘက်ကမ်းရှိ စစ်ကိုင်း-မုံရွာ-ရေဦး-တန့်ဆည်-ကလေးဝလမ်းနှင့် သက္ကယ်ကျင်း- ဖောင်းပြင်ဟုမ္မလင်းခန္တီးလမ်းများသို့ ချိတ်ဆက်သွားလာနိုင်ပါကြောင်း၊ ကလေးဝမြို့၏ တောင်ဘက်ရှိ မြစ်သာမြစ်ကူးကြိုးတံတား (ကလေးဝ)ကို အသုံးပြု၍ မုံရွာ-ယာကြီး-ကလေးဝလမ်းကိုလည်း ချိတ်ဆက် သွားလာနိုင်ပါ ကြောင်း၊ ထို့အပြင် မော်လိုက်-ပြောင်ဘုတ်-စော်ဘွားရေရှင်လမ်းမှတစ်ဆင့် ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ် သို့ ချိတ်ဆက်၍ တမူးမြို့နှင့် ကလေးမြို့များသို့လည်း ဆက်သွယ်သွား လာနိုင် ပါကြောင်း။

လတ်တလော အခြေအနေများအရ ချင်းတွင်းမြစ်ကူး တံတား(မော်လိုက်)တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် မည်သည့်နှစ်တွင်ဆိုသည့်အခြေအနေသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်မှစ၍ ၂၀၄၅-၂၀၄၆ ဘဏ္ဍာရေးနှစ်အထိရှိသည့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍ ရှိသည့် နှစ် ၂၀ စီမံကိန်းရှိပါကြောင်း၊ ထိုရေရှည်စီမံကိန်းတွင် ဒုတိယ ၅ နှစ် စီမံကိန်းဖြစ်သည့် ၂၀၃၁-၂၀၃၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်အထိ ဒုတိယ ၅ နှစ် နှစ်တိုစီမံကိန်းအတွင်း စတင်အကောင်အထည်ဖော် လျာထားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။