နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(စ)- ဒေါက်တာကျော်ကျော်ဌေး(ထားဝယ်မဲဆန္ဒနယ်)

2026-09-23
နယ်စပ်ရေးရာဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာ ကျော်ကျော်ဌေး (ထား၀ယ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျောင်းမနေနိုင်သောလူငယ်များ အလုပ်အကိုင်ရရှိစေနိုင်သည့် အသက်မွေးဝမ်းကျောင်းမှု ပညာရပ် တစ်မျိုးမျိုး သင်ကြားတတ်မြောက်စေရန် စီမံဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့် နိုင်ငံတော်မှ ပညာရေးနှင့်စပ်လျဉ်း၍ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ အခွင့် အလမ်းများ ဖန်တီးထားရှိပေးပြီးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးမှ သည် အခြေခံပညာရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍ၊ ကျောင်းပြင်ပ ပညာရေးကဏ္ဍ၊’ သုံးလုံး စသည့် နည်းလမ်းပေါင်းစုံနှင့် ပညာရေးနှင့်စပ်လျဉ်း၍ ဖန်တီးထားခြင်းဖြစ်ပါကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးနှင့် ကျောင်းမနေနိုင်သည့် ကလေးများ အလုပ်အကိုင်ရရှိစေနိုင်သော အသက် မွေးဝမ်းကျောင်းပညာတစ်ရပ်ရပ်ကို သင်ကြားပေးသည့် အစီအစဉ် လိုအပ်နေသည်ဟု ယူဆသည့် အတွက် လူ့စွမ်းအားအရင်းအမြစ်များ မပြုန်းတီးရန်နှင့် ကျောင်းပညာရေးကို ဆက်လက်မသင်ကြား နိုင်သေးသော လူငယ်များ၊ အရည်အချင်းနှင့် စွမ်းအင်များ မဆုံးရှုံးစေရန်နှင့် လက်တွေ့အသုံးချနိုင် သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက် စေပြီး လူငယ်များအား အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိစေရန် မိသားစုဝင်ငွေ ရှာဖွေခြင်းကို ထောက်ကူနိုင်စေသည့် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်သော၊ မိမိဘဝကို ရပ်တည် နိုင်စေသော စသည့် တိုးတက်မြင့်မားရန်အတွက် ကျောင်းမနေနိုင်သည့်ကလေးများကို အလုပ် အကိုင်၊ အခွင့်အလမ်း ပိုမိုရရှိနိုင်စေသည့် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်မျိုး သင်ကြား တတ်မြောက် စေရန် စီမံဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၆ ခု၏ ဆောင်ရွက်ထားရှိမှုများကို ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် ပညာရေး ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် နယ်စပ်ဒေသရှိ ကျေးလက် နေလူငယ်များနှင့် အမျိုးသမီးငယ်များ အလုပ်အကိုင်ရရှိစေရေးအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း ၄၇ ကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း ၉ ကျောင်းတို့ကို ဖွင့်လှစ်ထားရှိပြီး ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် ၂ ကြိမ်၊ ရက်သတ္တ ၂၂ ပတ်နှင့် ၁၉၉၁-၁၉၉၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ သင်တန်းသား သင်တန်းသူ ၁၀၅,၂၀၆ ဦး မွေးထုတ်ပေးခဲ့ပြီး ၄၉,၀၁၂ ဦးကို အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ် သင်တန်းအဖြစ် ၄--၂ဝ၂၆ ရက်မှ ၂-၁၀-၂၀၂၆ ရက်အထိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း ၁၉ ကျောင်းတွင် သင်တန်းသား သင်တန်းသူ ၅၁၀ ဦးဖြင့်လည်းကောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ၄ ကျောင်းတွင် သင်တန်းသား သင်တန်းသူ ၁၅၈ ဦး ဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၁၉-၁၀-၂၀၂၆ ရက်မှ ၁၉--၂၀၂၇ ရက်အထိ ဒုတိယအကြိမ် သင်တန်းများကိုလည်း ဖွင့်လှစ်ရန် လျာထားပြီးဖြစ်ပါကြောင်းနှင့် ကျန်သင်တန်းကျောင်းများကို နယ်မြေတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်၍ သက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်မည် ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ အခြေခံပညာ အလယ်တန်းအဆင့်တွင် စက်မှုအတတ်ပညာ၊ အခြေခံစိုက်ပျိုးရေးပညာ၊ အခြေခံမွေးမြူရေးပညာ တို့ကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံ ပညာအလယ်တန်းအဆင့် သင်ယူပြီးမြောက်သူလူငယ်များ အထက်တန်းအဆင့်သို့ ဆက်လက် တက်ရောက်နိုင်ခြင်း မရှိပါက အလုပ်အကိုင်ရရှိစေနိုင်သည့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပညာရပ်များ သင်ယူမှုအခွင့်အလမ်းကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်တွေ့ ကျွမ်းကျင်သင်ကြားမှုအနေဖြင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်း ကျောင်း ၉၂ ကျောင်းကို ဖွင့်လှစ်ပြီး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးလျက်ရှိရာ Grade-12 အဆင့်မှ တက္ကသိုလ်သို့ ဆက်လက်တက်ရောက် နိုင်ခြင်းမရှိပါကလည်း လုပ်ငန်းခွင်သို့ အဆင်သင့်ဝင်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ကျောင်းပြင်ပပညာရေးအနေဖြင့် ကျောင်းနေအရွယ်လွန် ကလေးလူငယ်များအတွက် ကျောင်းပြင်ပမူလတန်းနှင့် အလယ်တန်းပညာရေးကို သတ်မှတ်ထားသည့် အခြေခံပညာအဆင့် ပြီးမြောက်စေရန် ရည်ရွယ်ပြီး သင်ယူမှုအခွင့်အလမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျောင်းပြင်ပ အလယ်တန်းသင်ရိုးတွင် အခြေခံ သက်မွေးဘာသာရပ်များကို စာပေဘာသာရပ်များနှင့် တွဲဖက်သင်ကြားပို့ချပေးလျက်ရှိပါကြောင်း။  

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ကာလတိုနည်းပညာဆိုင်ရာသင်တန်းနှင့် သက်မွေး ပညာဆိုင်ရာသင်တန်းများအနက် မူလတန်း KG+5 အဆင့် လူငယ်များအတွက် သင်တန်း ၉ မျိုး၊ အလယ်တန်း KG+9 အဆင့် လူငယ်များအတွက်သင်တန်း ၂၁ မျိုး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မအောင်မြင်သည့် KG+12 လူငယ်များအတွက် သင်တန်း ၈ မျိုး စုစုပေါင်း ၃၈ မျိုးကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ သင်တန်း ၄၂၈ ခု၊ သင်တန်းသား ၆၂,၈၄၃ ဦးအနက် အလုပ်အကိုင်ရရှိသူ ၂,၈၁၃ ဦး ရှိခဲ့ပါကြောင်း။ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍသင်တန်း များကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ သင်တန်းစုစုပေါင်း ၈၁ ကြိမ်၊ သင်တန်းသား ၂,၄၄၂ ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်တွင် သင်တန်း ၁၇ ကြိမ်ကို သင်တန်းသား ၄၃၀ ဦးနှင့် ဖွင့်လှစ်သင်ကြားပေးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး ကျောင်းမနေနိုင်သည့်လူငယ်များ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားတတ်မြောက်စေရေး အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာကဏ္ဍ အနေဖြင့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို သင်တန်းကာလ ၈ ပတ်ဖြင့်လည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှုသင်တန်းကို သင်တန်းကာလ ၄ ပတ်ဖြင့်လည်းကောင်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ မွေးမြူရေးကဏ္ဍတွင် သင်တန်းအမျိုးအစား ၅ မျိုးအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အထိ သင်တန်း ၄,၆၄၉ ကြိမ်နှင့် သင်တန်းသား သင်တန်းသူ ၈၈,၇၇၇ ဦးအား သင်တန်းပို့ချပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ငါးမွေးမြူ ရေးကဏ္ဍအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်း ၅ ကျောင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေးဆိုင်ရာ သင်တန်းစုစုပေါင်း ၁၀၄ ကြိမ်၊ သင်တန်းသားဦးရေ ၃,၂၅၄ ဦးဖြင့် ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါကြောင်း။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ဆင်းရဲနွမ်းပါးပြီး ပညာဆက်လက် သင်ယူရန် အခက်အခဲရှိသည့် KG+9 အဆင့်ရှိ လူငယ်များအား စာရင်းရေး၊ စာရင်းကိုင်ပညာနှင့် သက်မွေးဝမ်းကျောင်းပြုနိုင်စေရန် ရည်ရွယ်၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ သက်မွေးပညာ သင်တန်းကျောင်းများကို ၁၆--၂ဝ၂၂ ရက်မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်း ပြီးမြောက်သူများအနက်မှ အလုပ်အကိုင်ရရှိသူ ၃၄၁ ဦးရှိပြီး သင်တန်းထူးချွန်သူ ၆၂ ဦးအား သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပညာဆက်လက် မသင်ကြားနိုင်သည့် KG+9 လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း ၇ မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ သင်တန်း ၇,၄၅၅ ကြိမ်၊ သင်တန်းသား ၁၉၉,၆၄၄ ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိမှု ၄၁ ရာခိုင်နှုန်းရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းသင်တန်း ၂၆၀ ကြိမ် ဖွင့်လှစ်ပေး လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် မိသားစု ဝင်ငွေတိုးပွားပြီး အလုပ်လက်မဲ့ဦးရေ လျှော့ချနိုင်စေရန်အတွက် ကာလတိုသင်တန်းများနှင့် မိသားစုဝင်ငွေတိုး စီမံကိန်းသင်တန်းများကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသူများနှင့် ကျောင်းမနေနိုင်သော လူငယ်များအတွက် အလုပ်အကိုင်ရရှိစေရေး သီးခြားဆောင်ရွက်ပေးနိုင်သည့် သင်တန်းများအား Certificate Course အမျိုးအစား ၂ မျိုး ခွဲခြားပြီး ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေဖြင့် စက်မှုသင်တန်းကျောင်း ၈ ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားရှိပြီး အဆိုပါ စက်မှုသင်တန်းကျောင်းများတွင် စက်မှုကျွမ်းကျင် ၁ နှစ်နှင့် ၂ နှစ်သင်တန်းကို ဘာသာရပ် ၁၆ မျိုး ဖြင့် KG+12 ပြီးမြောက်သူများကိုလည်းကောင်း၊ ကျွမ်းကျင်မှုအဆင့် အခြေပြုကာလတို ၃ လ သင်တန်းကို ဘာသာရပ် ၄ မျိုးဖြင့် KG+9 ပြီးမြောက်သူများကိုလည်းကောင်း၊ စက်မှုနှင့်သက်မွေး ပညာရွေ့လျား ၂ ပတ် သင်တန်းကို ဘာသာရပ် ၃ မျိုးဖြင့် KG+5 ပြီးမြောက်သူများကိုလည်းကောင်း တက်ရောက်ဖွင့်လှစ်ရန် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အချိန်ထိ သင်တန်းသား စုစုပေါင်း ၁၃,၂၀၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ၁၂,၆၄၂ ဦးကို အလုပ်အကိုင်ရရှိစေခဲ့ကာ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်သူ ၃၄.၃ ရာခိုင်နှုန်း၊ ပြည်တွင်း/ပြည်ပကုမ္ပဏီများတွင် လုပ်ကိုင်သူ ၄၂.၅ ရာခိုင်နှုန်း ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ ၁၄.၈ ရာခိုင်နှုန်း၊ ပြည်ပတွင် သွားရောက် လုပ်ကိုင်သူ ၄.၁ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း အလုပ်အကိုင်ရရှိမှု ၉၅.၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းမနေနိုင်သော လူငယ်များကို အလုပ်အကိုင်ရရှိစေနိုင် သည့် အသက်မွေးဝမ်းကျောင်းမှုပညာရပ် သင်ကြားတတ်မြောက်စေရန်အတွက် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA-National Skills Standard Authority)၏ အစီအစဉ်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပညာရှင် များဖြင့် ဖွဲ့စည်းထားရှိပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေး ဆောက်လုပ် ရေး ဝန်ကြီး ဌာန၊ ဗဟိုသင်တန်း ကျောင်းတွင်သင်တန်း ၈ မျိုးအား ဖွင့်လှစ်ပေးလျက်ရှိပါကြောင်းနှင့် ပြည်တွင်းပြည်ပအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု လက်မှတ် များရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ကျောင်းမနေနိုင်သော လူငယ်များကို အလုပ်အကိုင်ရရှိစေနိုင်သည့် အသက် မွေးဝမ်းကျောင်းမှု ပညာရပ်တစ်မျိုးမျိုး သင်ကြားတတ်မြောက်စေရန်အတွက် အထက်တွင် တင်ပြခဲ့ သည့် ပြည်ထောင်စုဝန်ကြီးဌာန ၇ ခုတို့မှ ဘဏ္ဍာရေးနှစ်အလိုက် သင်တန်းအမျိုးအစား ပေါင်း ၁၀၆ မျိုးအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်းနှင့် အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။