ဧရာဝတီမြစ်ကမ်း ဆိပ်ဖြူဘက်ခြမ်းတွင် သောင်တူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပြန်လည် သုံးသပ် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီမြစ် သဲသောင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀-၁၂-၂၀၂၅ မှ ၂၁-၁၂-၂၀၂၅ ရက်အထိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တို့ကို သွားရောက်သည့်ခရီးစဉ်အတွင်းတွင် ဧရာဝတီမြစ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့သည်ဟု သိရှိခဲ့ရပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး အနေဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အသက်သွေးကြော၊ အသည်းနှလုံးဟုတင်စားလောက် သည့် ဧရာဝတီမြစ်ကြီး၏ ကျန်းမာရေးချို့ယွင်းနေသည့် အနေအထားကို ကယ်တင်နိုင်ရန်အတွက် မြစ်ကြောင်းအတွင်းမှ သဲနုန်းများ ပို့ချပြီး မြစ်ကြောင်းတိမ်ကောခြင်းနှင့် ကျဉ်းမြောင်းလာခြင်းကို သိရှိသည့်အတွက် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးကို ရှေးရှုပြီး စေတနာမေတ္တာတရားကြီးမားစွာနှင့် လမ်းညွှန်မှာကြားခိုင်းစေခဲ့သည်ဟု သိရှိရပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် စေတနာ မေတ္တာတရားကြီးမားစွာနှင့် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးကို ရှေးရှုပြီး ခိုင်းစေခဲ့သည့်အတွက် မဲဆန္ဒနယ်ပြည်သူများနှင့် နိုင်ငံသူနိုင်ငံသားများအားလုံးမှ အထူးတလည် ဝမ်းမြောက် ကျေးဇူးတင် လျက်ရှိပါကြောင်း။
ထိုကဲ့သို့ ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ၁၈-၂-၂၀၂၆ ရက်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဧရာဝတီမြစ်ကြီးတွင် သဲသောင်များ ထွန်းပြီး မြစ်ကြောင်းကျဉ်းနေပါကြောင်း၊ မူလလမ်းကြောင်းအတွင်းသို့ သဲသောင်များ ပမာဏ များပြားစွာနှင့် ရှေ့တွင်တိုးနေပါကြောင်း၊ ထိုလမ်းကြောင်း မူလအတိုင်း ပြန်လည်တူးဖော်ရန် လမ်းညွှန်မှာကြားထားသည်ဟု သိရှိရပါကြောင်း၊ ထိုသို့ တူးဖော်သည့်နေရာတွင် မြစ်ကြောင်း မူလလမ်းကြောင်းအတိုင်း တူးမြောင်းသဖွယ်တူးပြီး မြစ်ကမ်းဘက်ကို တချို့သော သဲသောင်များကို ပို့ပြီး တချို့သဲသောင်များကို ဒီဘက်ကကမ်းဘက်ကို တင်နေပါကြောင်း၊ သဲထိုးသည့်စက်နှင့်ထိုးပြီး ဧရာဝတီမြစ်ထဲသို့ သဲနုန်းများကို မျောပါကြောင်း၊ မြစ်ကြောင်းတိမ်ကောသည့် အနေအထားကို ကယ်တင်ချင်သည့်အတွက် လမ်းညွှန်မှာကြားသည်ဟု သိရှိရပြီး သဲများ မြစ်ထဲသို့ ပြန်လည်ထိုးချနေ သည့် အနေအထားကို တွေ့ရှိရပြီး မိမိတို့အနေဖြင့် ဒီအပေါ်မှာ နားလည်မှု လွဲနေသည်ဟု သဘောပေါက်ပါကြောင်း၊ ကမ်းပေါ်ကိုတင်သည့် သဲများကလည်း မြစ်အတွင်းထဲမှ ကမ်းပေါ် တင်ထားခြင်းဖြစ်သည့်အတွက် ထိုသဲများသည် ယခုအချိန် ရေတက်ချိန် ရေနှင့်အတူ မျောပါပြီး မြစ်ကြမ်းပြင်တွင် အနည်ပို့ချခြင်းနှင့် မလိုလားအပ်သော နေရာများတွင် သောင်ထွန်းခြင်း များဖြစ်ပေါ်နိုင်ပါကြောင်း။
ယခု မိမိအနေဖြင့် မေးမြန်းချင်သည့်အကြောင်းအရာများမှာ -
(၁) ယခုလိုလုပ်ငန်းလုပ်ဆောင်သည့် အတိုင်းအတာမှာ ပြီးစီးမှုစံချိန်စံညွှန်း၊ စာချုပ်ပါ အချက်အလက်များနှင့် စစ်ဆေးသည့်အဖွဲ့အစည်းကို မည်သည့်ဌာနများဖြင့် ဖွဲ့စည်း ထားပြီး အကြိမ်ရေမည်မျှ လာရောက်စစ်ဆေးထား တယ်ဆိုသည့် အကြောင်းအရာ ကိုလည်း ဒေသခံပြည်သူများက မေးမြန်းခြင်းကို သိရှိပါကြောင်း၊
(၂) ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ကိုင်နေသည့် ခွင့်ပြုပမာဏ ကျပ်သန်းပေါင်း ၂,၇၅၀ မှာဆိုလို့ရှိလျှင် လုပ်ငန်းစုစုပေါင်းပမာဏ၏ ၃၀ ရာခိုင်နှုန်းသာဖြစ်နေပြီး နောက်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်လုပ်ကိုင်ရန် အစီအစဉ်ရှိသည်ဟု သိရှိရပြီး ဆက်လက်လုပ်ကိုင်မည်ဆိုလျှင်လည်း ယခုလိုမျိုး မြစ်ကမ်းအတွင်းမှာပဲ သဲသောင်များကို တင်ခြင်းမဟုတ်ဘဲ မြစ်ကမ်း၏ယာဘက် လွတ်ကင်းရာသို့ အလုံးစုံ ဖယ်ရှားရှင်းလင်းသော အနေအထားကို လုပ်ဆောင်ရန် ရှိ မရှိ၊
(၃) နိုင်ငံတော်၏အခြေအနေသည် တည်ငြိမ်အေးချမ်းသာယာရေးကိုသွားရမည့် အခြေ အနေဖြစ်သည့်အတွက် ထပ်မံပြီးအသုံးချမည့် ၇၀ ရာခိုင်နှုန်းသော ဘဏ္ဍာငွေများကို တည်ငြိမ်အေးချမ်းရေးခေါင်းစဉ်အောက်ကို ပြောင်းလဲပြီး အသုံးချရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က
ဆိပ်ဖြူမြို့၏အရှေ့ဘက်ကမ်း ဧရာဝတီမြစ်ရှိပြီး ချောက်မြို့အနီးတွင် အနော်ရထာ တံတားရှိပါကြောင်း၊ ထိုအနော်ရထာတံတားသည် ချောက်မြို့နှင့် ဆိပ်ဖြူမြို့သို့ ဆက်သွယ် သွားလာနေသော ဒေသခံပြည်သူများအတွက် အလွန်အင်မတန်မှ အရေးကြီးပြီး အသုံးဝင်သည့် တံတားတစ်ခုဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့မြောက်ဘက်တွင် ယောချောင်းရှိပြီး ယောချောင်းမှ ဧရာဝတီ မြစ်ဘက်သို့ ထွက်လာသည့် သောင်ခုံရှိပါကြောင်း၊ ဒါကို ရှင်းလင်းသည့်အချိန်တွင် လွှတ်တော် ကိုယ်စားလှယ်ကြီးအနေဖြင့် နားလည်မှုလွဲမှားသည့်အခြေအနေ၊ နားမလည်နိုင်သည့် အခြေအနေ၊ တချို့ဒေသခံများမှ မေးမြန်းသည့် အခြေအနေအပေါ် ဖြေရှင်းသွားမည်ဖြစ်ပါကြောင်း။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဧရာဝတီမြစ်အတွင်း ရေကြောင်းပို့ဆောင်ရေးမြှင့်တင်နိုင်ရန် ရေလမ်းကြောင်း ကောင်းမွန်ရေး၊ ရေကြီးရေလျှံမှုလျော့နည်းစေရေးနှင့် မြစ်ရေတင်စက်များ ရေရရှိရေးအတွက် သောင်တူးဖော်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်တစ်လျှောက်ရှိ မြို့ရွာများမှ ပုဂ္ဂလိကလုပ်ငန်းရှင်များသည် မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများနှင့် ဒေသတွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် အတွက် မြစ်သဲကျောက်တူးဖော်ခြင်းလုပ်ငန်းများမှ နှစ်စဉ်မြစ်သဲကျောက်တန်ချိန် ၁၀ သန်းနှင့် အထက် တူးဖော်ထုတ်ယူသုံးစွဲနေသည့်အတွက် မြစ်အထက်ပိုင်းမှ အကြောင်းအမျိုးမျိုးကြောင့် မြစ်အတွင်း ကျဆင်းလာသည့် သဲနုန်းပမာဏ၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ထုတ်ယူဖယ်ရှား နိုင်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြမ်းပြင် မြင့်တက်ခြင်းနှင့် သဲသောင်ဖြစ်ထွန်း ခြင်းများ ဖြစ်ပေါ်လျက်ရှိနေပါကြောင်း၊ ယောချောင်းနှင့် ဧရာဝတီမြစ်ဆုံသည့် တင်ပြပါနေရာတွင် အောက်ဘက်၌ ချောက်မြို့နှင့် ဆိပ်ဖြူမြို့တို့ကို ဆက်သွယ်ထားပြီး ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အလွန်အရေးပါသည့် အနော်ရထာဧရာဝတီမြစ်ကူးတံတား တည်ရှိပါကြောင်း၊ ချောက်မြို့တစ်ဖက်ကမ်းရှိ ယောချောင်း မှ သဲသောင်များ စုပုံကျဆင်းလာသည့်အတွက် ယောချောင်းနှင့် ဧရာဝတီမြစ်ဆုံနေရာများတွင် ဧရာဝတီမြစ်ရေလမ်းကြောင်းသည် ပင်မအစီအမံအရ ရှိရမည့်မြစ်အကျယ်ထက် တဖြည်းဖြည်း ကျဉ်းမြောင်းလာသည့်အတွက် မြစ်ရေသည် ကျဉ်းမြောင်းသည့်နေရာသို့သာ စီးပါကြောင်း၊ ကျဉ်း မြောင်းနေရာသို့ စီးလာသည့်အခါ အနောရထာတံတား၏ ညာဘက်မှ နှစ်တိုင်မြောက်နေရာတွင် သူရှိရမှာသည် ရေပြင်မှ အောက်အနက် ၁၀.၃ မီတာဖြစ်ပါကြောင်း၊ ယခု သဲသောင်ထွန်းလာသည့် အတွက် သဲသောင်မရှိသည့်နေရာမှ ရေလမ်းကြောင်းစီး၍ တိုက်စားသွားသည်မှာ ၁၂.၇ မီတာ ဖြစ်သည့်အတွက် ၂.၄ မီတာ၊ အကြမ်းဖျဉ်းအားဖြင့် ၈ ပေလောက် တံတား၏အောက်ထဲမှ မြစ်ကြမ်း ပြင်ကို တိုက်စားပြီး စီးဆင်းသွားပါကြောင်း၊ ထိုအတိုင်းဆက်ထားလျှင် တံတားတိုင် မကြာခင် ပြိုသွားမည်ဖြစ်သဖြင့် မြစ်ကြောင်းတစ်လျှောက်လုံး ရေသည် မျှတစွာစီးဆင်းရန်လိုပါကြောင်း၊ တံတားကို အဓိကထားပြီးလုပ်ရသည့်အတွက် ဟိုဘက်သဲသောင်မြေမှ မဖြစ်မနေတူးဖော်ရန် လိုအပ် လာနိုင်ကြောင်း။
ထို့ကြောင့် ဧရာဝတီမြစ်၏ ပင်မအစီအမံအပြင် တံတားကြီး၏ရေရှည်ကြံ့ခိုင်မှုအတွက် စဉ်းစားပြီး ကနဦးအကောင်အထည်ဖော်ရန် လိုအပ်သည့် မြစ်အတွင်းကျဆင်းနေသည့် သဲသောင်ကို အလျား ၂,၀၁၃ မီတာ၊ အကျယ် ၁၇၀ မီတာနှင့် အနက် ရေစစ်မျဉ်းအောက် ၂ မီတာကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေနှင့်တူးပြီး ၈-၆-၂၀၂၆ ရက်တွင် လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ ယခင်လျာထားအစီအမံတွင် ဧရာဝတီမြစ်၏ ပင်မ အစီအမံနှင့်အညီ သဲသောင်ဖြတ်ထုတ်ခြင်းလုပ်ငန်းနှင့်အတူ ယောချောင်းအတွင်းတွင် ချောင်းဖြောင့် ခြင်းလုပ်ငန်းကိုပါ ထည့်သွင်းလျာထားခဲ့ပါကြောင်း၊ သို့သော် ရန်ပုံငွေအခြေအနေအရ ချောင်းဖြောင့် ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် သောင်စွယ်ဖြတ်ထုတ်ခြင်းလုပ်ငန်းကို အရေး ပေါ်အနေဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ချောင်းဖြတ်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်သည့်အခါ ထိုနေရာကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောင်တူးရေယာဉ်များကိုပို့ရန် အခက်အခဲရှိသည့်အတွက် တင်ပြ ထားသည့် Dozer များ၊ Backhoe များနှင့် ကုတ်ပြီးတင်ရပါကြောင်း၊ သောင်တူးရာမှ ထွက်ရှိ လာသည့် မြေစာများကို ကမ်းနားဘက်ကိုပဲ တင်ပြီး ပစ္စလက်ခတ်တင်ထားခြင်းမဟုတ်ဘဲ တူးသည့် Backhoe နှင့် Dozer များနှင့် သေသေချာချာဖိနှိပ်ပြီး တမံအနေအထားရအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သောင်တူးသည့်အခါတွင်လည်း လုံးဝရှိသမျှသောင်များအားလုံး မြစ်ထဲသို့ သဲ တစ်မှုန်မှမပါဘဲ ကမ်းဘေးနားကို ရောက်သည်ဆိုတာ တစ်ခါမှမရှိပါကြောင်း၊ တချို့ မြစ်ထဲပါသွားသည့်အရာများလည်း ရှိပါကြောင်း၊ ထိုဟာများကို မိမိတို့က မြစ်ထဲသို့ တမင်တကာ စွန့်ထုတ်ခြင်း မဟုတ်ဘဲ တူးရင်းနှင့် ဂေါ်တစ်ဂေါ်ကော်လိုက်လျှင် ဂေါ်၏ ၁၀ ပုံ ၁ ပုံ နှုန်းက မြစ်ထဲသို့ပါသွားပါကြောင်း၊ မြစ်ထဲပါသွားသည့်အရာသည်လည်း ဒီနားမှာပဲ တင်နေခြင်းမဟုတ်ဘဲ မြစ်ရေစီးကြောင်းဖြင့် ပါသွားခြင်းဖြစ်ပြီး တချို့အရာများ ပါသွားသည့်အရာများ မကျန်ခဲ့ဘဲ မြစ်ရေ စီးကြောင်းအရ အောက်ဘက်သို့ ပါသွားပါကြောင်း၊ မိမိတို့တူးပေးသည့် အရာအားလုံးသည်လည်း ဘေးကကမ်းပေါ်တင်ပြီး တမံကဲ့သို့ဖြစ်အောင် Dozer များ၊ Backhoe များနှင့် သေချာကြိတ်ပြီး ထားခဲ့ပါကြောင်း။
နောက်တစ်ချက်အနေဖြင့် ထိုအရာကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပဲ လုပ်ပြီး ပြီးလျှင်ပြီးရော ပစ်သွားခြင်း မဟုတ်ပါကြောင်း၊ Third Party QC အနေဖြင့် လည်း ဆောင်ရွက်ထားပါကြောင်း၊ နေ့စဉ်ကြီးကြပ်ဆောင်ရွက်ပြီး Third Party QC အဖွဲ့ကို မိမိတို့က အပတ်စဉ်တိုင်းတာပြီး သူတို့ကိုလုပ်ခိုင်းပါကြောင်း၊ ၎င်းတို့၏ အာမခံချက်ရမှာသာလျှင် တစ်ဆင့်ခြင်းသွားပါကြောင်း၊ QC ကုမ္ပဏီအနေဖြင့် ဇေမင်းကုမ္ပဏီ ဖြစ်ပါကြောင်း၊ ဇေမင်းကုမ္ပဏီ ကို ပိုက်ဆံပေးငှားပြီး ကောင်းကောင်းမွန်မွန်ဖြစ်အောင်စစ်ခိုင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ချောက်မြို့ ရေလမ်းကောင်းမွန်စေရေးအတွက် ယောချောင်းဝမှ ကျဆင်းလာသည့် သဲသောင်များကို တူးဖော်ဖယ်ရှားဆောင်ရွက်ခြင်းဖြင့် ဧရာဝတီမြစ်၏ မူလရေစီးကြောင်းကို ပြောင်းလဲစေနိုင်သည့် အတားအဆီးများကို လျော့နည်းသွားစေပြီး ချောက်မြို့ရှေ့ ဧရာဝတီရေလမ်းကြောင်းကို မူလ အကျယ် ပြန်လည်ရရှိလာမည်ဖြစ်ပါကြောင်း၊ တံတားအဝင် ရေလမ်းကြောင်း လုံလောက်သည့် မြစ် အကျယ်ကို ရရှိစေသည့်အတွက် တံတားတိုင်အောက်ခြေတိုက်စားမှုကို လျှော့ချနိုင်ပြီး တံတားတိုင် အမှတ်(၂) သည် ယခုမူလအတိုင်း ၁၀ မီတာသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း၊ တံတား ကြီး၏ကြံ့ခိုင်မှုကို ရောက်ရှိလာသည့်အတွက် ချောက်မြို့နှင့် ဆိပ်ဖြူမြို့အတွင်း နေထိုင်ကြသည့် ပြည်သူများအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ပေးနိုင်သည့်အကျိုးကိုလည်း ရရှိခဲ့ပါကြောင်း၊ ထို့အပြင် အောက်ဘက်ရှိ ဥမင်ကိုးပေါက် မြစ်ရေတင်စက်အတွက်လည်း မြစ်ရေကို အခက်အခဲမရှိ စုပ်ယူနိုင်သည့်အပြင် မကွေးတိုင်းဒေသ ကြီး၏ အနောက်ဘက်ခြမ်းရှိ စလင်းမြို့မှ ကျေးရွာများကိုလည်း ရေတိုက်စားကမ်းပြိုမှုဘေးမှ လျှော့ချနိုင်မည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း။
မေးမြန်းချက်တွင်ပါသည့် လုပ်ငန်းရန်ပုံငွေများကို မြို့နယ်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးခေါင်းစဉ်သို့ ပြောင်းလဲ၍ အသုံးချခွင့်ပြုမည်ဆိုပါက ပိုမိုအကျိုးများပြီး ဒေသခံပြည်သူများမှ များစွာကျေးဇူးတင်နေကြမည်ဟု ဖော်ပြထားပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ သုံးစွဲမှု လုပ်ထုံးလုပ်နည်းနှင့်အညီ ညီညွတ်မှုမရှိပါကြောင်း၊ ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ၁.၄.၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း အမိန့်ကြော်ငြာစာအမှတ်(၃၅/၂၀၁၇)၊ အပိုဒ် ၅၇ အရ ရန်ပုံငွေများကို သုံးစွဲရပါကြောင်း၊ လုပ်ငန်းပြီးစီးမှုနှင့် အရည်အသွေးစစ်ဆေးမှုခံယူရခြင်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယောချောင်းနှင့် ဧရာဝတီမြစ်ဆုံရာနေရာ ယောချောင်းဝတွင် ချောင်းဖြောင့်ပေးခြင်း၊ ရေရှည် သဲနုန်းစုပုံခြင်း မဖြစ်စေရန် ရေလမ်းထိန်းသိန်းအဆောက်အဦ Guide Wall တည်ဆောက်ခြင်းနှင့် လိုအပ်သောနေရာတွင် ကမ်းထိန်းလုပ်ငန်းများကို ဧရာဝတီ မြစ်ရေ လမ်းကြောင်း ပင်မအစီအမံများနှင့်ချိတ်ဆက်ပြီး ဆောင်ရွက်ရန် လျာထားသွား မည်ဖြစ်ကြောင်း။
ထို့ကြောင့် ဦးအောင်ဇော်ထက်၊ ဆိပ်ဖြူမဲဆန္ဒနယ်၊ မကွေးတိုင်းဒေသကြီး၏မေးခွန်းနှင့် စပ်လျဉ်းပြီး ဧရာဝတီမြစ်ကမ်း ဆိပ်ဖြူဘက်ခြမ်းတွင် သောင်တူးဖော်ခြင်းလုပ်ငန်းမှ ဧရာဝတီမြစ် ပင်မအစီအမံအရ လိုအပ်သည့် မြစ်အကျယ်ရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ခြင်း၊ သောင်တူး ရာမှ ထွက်ရှိလာသည့် တူးစာများကို ဆိပ်ဖြူဘက်ကမ်းတွင် စွန့်ပစ်ရာတွင် အလွယ်တကူ ပြန်လည် ပို့ချခြင်း၊ မျောပါခြင်းမရှိစေရန်အတွက် စက်ကြီးတွေနှင့် စနစ်တကျ ဖိကြိတ်ဆောင်ရွက်ထားခြင်း၊ မြစ်အကျယ်ချဲ့ခြင်းဖြင့် အနော်ရထာတံတား၏ တံတားတိုင်ရေတိုက်စားဒဏ်ခံရမှု လျှော့ချပေးနိုင် ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ကာကွယ်ပေးနိုင်သည့်အတွက် အမှန်တကယ်ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် လေ့လာဆန်းစစ်မှုများ သေချာစွာလုပ်ပြီးမှ သာလျှင် ဆောင်ရွက်ခဲသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ အနာဂတ်အစီအမံဖြစ်သည့် ယောချောင်း ရေစီး ရေလာကောင်းမွန်စေရန် ယောချောင်းဝဖြောင့်တန်းခြင်းလုပ်ငန်းနှင့်အတူ ကမ်းထိန်းလုပ်ငန်းများ ကိုလည်း လိုအပ်ပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးအောင်ဇော်ထက်(ဆိပ်ဖြူမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ဖြေကြားသွားသည့်အထဲတွင် ယခုမြေထိုးစက်နှင့်ထိုးပြီး သဲပို့နေသည်မှာ မြစ်ထဲသို့ တိုက်ရိုက်ပို့ခြင်းဖြစ်ပါကြောင်း၊ ထိုအကွက်၏ ထောင့်စွန်းရှိ Backhoe နှင့်ကော်ပြီး မြောင်းတူးပြီး အပြာဘက်မှ အပေါ်ကိုတင်တာက မြစ်ကမ်းဘက်က တူးမြောင်းသဖွယ်တူးပြီး တစ်ဖက်ကို တင်ခြင်းဖြစ်ပါကြောင်း၊ တင်သည့်သဲလည်း Backhoe ထိုးသည့်သဲများက မြစ်ထဲကို မျောပြီး သဲများ မြစ်ကမ်းတွင်အနည်ထိုင်သည်နှင့် မခြား မလိုလားအပ်သော ကမ်းများတွင် သောင်ထွန်းတာကလွဲပြီး သဲ မဖြစ်နိုင်ပါကြောင်း၊ နောက်ပြီး နောင်လာမည့် ဆက်စပ်ဘဏ္ဍာရေးနှစ်များတွင် ကျန် ၇၀ ရာခိုင်နှုန်းသောလုပ်ငန်းများကို ထပ်မံပြီး လုပ်ရန်ရှိလျှင် စေတနာ၊ မေတ္တာကြီးမားစွာဖြင့် ညွှန်ကြားထားသည့် ညွှန်ကြားချက်ကို သိရှိသဘောပေါက်ပြီး ဒီသဲကို မြစ်ကမ်းမှ လုံးဝကို အပြင်ကို ဖယ်ရှားသည့်စနစ်၊ မြေသယ်ယာဉ်များဖြင့်သယ်ပြီး အပြင်ကို ဖယ်ထုတ်ပေးနိုင်မည်ဆိုလျှင် ရည်ညွှန်းသည့်အတိုင်းပဲ ဖြစ်လိမ့်မည်ဟု ဒေသခံပြည်သူများမှ ဝိုင်းဝန်းဆွေးနွေးရာ အဖြေထွက်ခဲ့ ပါကြောင်း၊ ထိုသို့ လုပ်ပေးနိုင်မည်ဆိုလျှင် ပိုပြီးထိရောက်လိမ့်မည်ဟု မိမိအနေဖြင့် အကြံပြု ဆွေးနွေးရင်း လာမည့် ၇၀ ရာခိုင်နှုန်းသောလုပ်ငန်းများကို ဆက်ပြီးလုပ်မည်ဆိုလျှင် ထိုသို့ အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က
လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသလို မိမိတို့က အကောင်းဆုံးဖြစ်အောင် တိုင်းတာပြီး လွှတ်တော်ကိုယ်စားလှယ်တို့နှင့် ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်သွားပေးပါ၊ ဒေသခံများ ဖြစ်ချင်သည့်အရာ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတို့က ဖြစ်သင့်ပါသည်ဟုပြောသည့်အပေါ် မိမိတို့က လုပ်နိုင်တယ်ဆိုလျှင် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ရန် အတွက်ကိုလည်း ဒါကို တိုင်းတာရေးဆင်းပြီး FS အရင်လုပ်ပြီး မိုးကုန်၍ ပွင့်လင်းရာသီရောက်လျှင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်လျှင် အကောင်းဆုံးနှင့် ရေရှည်အတွက်လည်း ကြံ့ခိုင်မှုရှိသည့် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဖြစ်လာမည်ဆိုသည့်အကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။