ဓနုဖြူမြို့နယ်၊ ဖန်ခါးကွင်း၊ ကျွဲတလင်းနှင့် ညောင်ကုန်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၏ အနောက်မြောက်ဘက် မြို့နှင့် မိုင် ၃၀ ခန့် ဝေးကွာသည့် ဖန်ခါးကွင်းကျေးရွာ၊ ကျွဲတလင်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဇီးဖျောက်ကျေးရွာ အစရှိတဲ့ရွာများသည် ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်များရှိ ကျေးရွာများနှင့် ထိစပ်လျက်ရှိပြီး ဓနုဖြူ မြို့ပေါ်နှင့် အလှမ်းဝေးကွာလှသည့် ရွာများဖြစ်ကြပါကြောင်း၊ ရွာသူရွာသားအများစုသည် လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းနှင့် ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြု နေထိုင် လျက်ရှိကြပါ ကြောင်း၊ လွန်ခဲ့ သည့် ၁၀ နှစ်ခန့်က ဇီးဖျောက်ရွာ ဇီးဖျောက်ကျောင်းတိုက်ဆရာတော်ဘုရားကြီး ဦးဆောင်ပြီး ဖန်ခါးကွင်း-ကျွဲတလင်း-ညောင်ကုန်းကျေးရွာချင်းဆက်လမ်း အရှည် ၈၅၀၀ ပေ၊ အကျယ် ၁၈ ပေ အား နီးစပ်ရွာကျေးရွာနေပြည်သူအများနှင့် ပူးပေါင်း ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ဇီးဖျောက်ကျေးရွာကျောင်းတိုက်ဆရာတော်မှ ယနေ့အထိ နှစ်စဉ်ဆိုသလို ဦးဆောင်ဦးရွက် ပြုပြီး ဒကာ၊ ဒကာမ၊ ရွာသူရွာသားများ၊ အလှူရှင်များနှင့်ပေါင်းစပ်ပြီး မဂ္ဂသမ္မာဓမ္မကုသလကမာန် ဖြစ်သည့် လမ်းဖောက်လုပ်ခြင်း၊ လမ်းပြင်ခြင်း၊ ကုသိုလ်ပြုခြင်းလုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်နေ ကြသဖြင့် ဇီးဖျောက်ရွာ၊ ညောင်ကုန်းရွာတို့မှ အလယ်တန်းကျောင်းသားကျောင်းသူ ၅၀ ဦးခန့်သည် စက်ဘီးကလေးများစီးပြီးကျွဲတလင်း အလယ်တန်းကျောင်းသို့ ကျောင်းတက်၊ ကျောင်းဆင်း ဖြတ်သန်းသွားလာနိုင်ခြင်းသာမက ရဟန်းရှင်လူပြည်သူများ အားထား၍ဖြတ်သန်းသွားလာနေရသည့် လမ်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့်လည်း ဇနီးသည်တာဝန်ကျရာ စခန်းကြီးကျေးရွာရှိ တော်ပြား (အ.ထ.က)သို့ လေးနှစ်ကျော်အတွင်း အကြို၊ အပို့ အခေါက်ပေါင်း ၂၀၀ ကျော်ခန့် အဆိုပါလမ်းကို အသုံးပြုခဲ့ရပါကြောင်း၊ အလွန်ကြမ်းတမ်းခက်ထန်ပြီး မြို့ပြနှင့်အလှမ်းဝေးကွာသည့် လမ်းလေးတစ်ခု ဖြစ်ပါကြောင်း၊ လွှတ်တော်နားနေချိန်တွင် သုံးကြိမ်ခန့် ကွင်းဆင်းပြီး မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒကို သိရှိခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ ဓနုဖြူမြို့နယ်ရှိ ဖန်ခါးကွင်းကျေးရွာ၊ ကျွဲတလင်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ တို့ရဲ့ ကျေးရွာချင်းဆက်လမ်းအရှည် ၈၅၀၀၊ အကျယ် ၁၈ ပေလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါက ရွာခွဲပေါင်း ၂၁ ရွာ၊ လူဦးရေ ၁၄,၃၁၀ဦးတို့မှာ အစစအရာရာအဆင်ပြေ ချောမွေ့မည်ဖြစ်ပါ၍ အဆိုပါလမ်းအား အဆင့်မြှင့်တင်ပေးမည့်အစီအစဉ်အား သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးက
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဖန်ခါးကွင်း-ကျွဲတလင်း-ညောင်ကုန်းကျေးရွာ ချင်းဆက်မြေသားလမ်း ၂ မိုင်၊ ၁ ဖာလုံရှိသည့်အနက် ကျောင်းစုကျေးရွာအုပ်စု၊ ဖန်ခါးကွင်းကျေးရွာ၊ ကျွဲတလင်းကျေးရွာ၊ ညောင်ကုန်းကျေးရွာများ၏ ကျေးရွာချင်းဆက်မြေသားလမ်းသည် ပေ ၈၅၀၀ ရှိပါ ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းစာရင်းတွင် ပါဝင်ခြင်း မရှိသည့် အတွက် ဌာနပိုင်စာရင်းတွင် ထည့်သွင်းခြင်းလုပ်ငန်းကို မိမိတို့ ဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း။
အဆိုပါလမ်းတွင် အကျယ် ၁၅ ပေခန့်သာရှိသည့် မြေသားလမ်းဖြစ်သည့်အတွက် လိုအပ် သော လမ်းအကျယ်ရရှိအောင် လမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသော လမ်းအကျယ်ရရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လမ်းကော်မတီများ၊ လယ်ယာမြေပိုင်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ် လမ်းကို လတ်တလော သွားလာမှုလွယ်ကူစေရန်အတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်း ခြင်းရန်ပုံငွေ အကန့်အသတ်အတွင်းမှ ပြင်ဆင်ပေးမည်ဖြစ်ပြီး ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ထပ်မံ လိုအပ်လျှင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကျန်အပိုင်းများအား ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။