နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် တရုတ်နိုင်ငံအခြေစိုက် Shandong Huache Energy Technology Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၂.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဆ)- ဦးစိုးဝင်း(မိုးညှင်းမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးစိုးဝင်း (မိုးညှင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုးညှင်းမြို့နယ်၊ မိုးညှင်း-ညောင်ကိုင်း-ကာဒူလမ်းပေါ်တွင် သံကူကွန်ကရစ် နန့်ရင်းချောင်းကူး တံတား ၁ စင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်သည် ရပ်ကွက် ၂၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃၈ အုပ်စု၊ ကျေးရွာပေါင်း ၁၂၄ ရွာတို့ဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်လူဦးရေ ၈၉,၀၀၀ ကျော်၊ ကျေးလက်လူဦးရေ ၁၄၀,၀၀၀ ကျော်ရှိပါကြောင်း၊ ကျေးလက်နေလူဦးရေအများစုမှာ စပါးနှင့် အခြား သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်ကြသူများ ဖြစ်ပါကြောင်း၊ မိုးညှင်းမြို့နယ်သည် ပြည်နယ်၏ စပါး ကျီမြို့ဖြစ်သည်နှင့်အညီ စိုက်ပျိုးရရှိသောထုတ်ကုန်များကို ဈေးကွက်ရှိရာနေရာ ဒေသများသို့ သွားရောက်ရောင်းဝယ်ကြရာတွင် ကျေးရွာချင်းဆက်လမ်း၊ တံတားများကို အသုံးပြု သွားလာ နေကြရပါကြောင်း၊ ယခုအခါ အချို့သော လမ်း၊ တံတားများမှာ အချိန်ကြာမြင့်လာသည်နှင့် အညီ ပျက်စီးနေသည်များရှိသကဲ့သို့ အသစ်တည်ဆောက်ရန်လည်း လိုအပ်လျက်ရှိနေပါကြောင်း၊ မိုးညှင်း-ညောင်ကိုင်း-ကာဒူသို့သွားလာရာတွင် မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းနေသော နန့်ရင်း ချောင်း၏ နှစ်စဉ်မိုးရာသီကာလ ရေကြီးရေလျှံမှုများကြောင့် ဒေသနေ တောင်သူလယ်သမားများ အတွက် တံတားတစ်စင်းတည်ဆောက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊

ယခုလက်ရှိ အဆိုပါချောင်းပေါ်၌ အရှည် ၁၂၀ ပေ၊ အကျယ် ၅ ပေရှိသော စတီးသံမဏိဆိုင်း၊ စတီးအခင်းများဖြင့် တည်ဆောက်ထားသော တံတားတစ်စင်းရှိပါကြောင်း၊ အဆိုပါ တံတားအား ၂၀၀၉ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသား မစ္စတာတိုနီ ဆိုသူက ဝေးလံ၍ သွားလာရန် ခက်ခဲသော၊ ချောင်းနှစ်ဖက်တွင်ရွာရှိသော၊ အကျယ် ၂၀၀ ပေရှိသော မြန်မာနိုင်ငံအစွန်အဖျားဒေသများတွင် စတီးကြိုးတံတားပေါင်း ၃၀ ကို ဒေသအာဏာပိုင်များ၏ခွင့်ပြုချက်များဖြင့် ကိုယ်တိုင် သယ်ယူ ပို့ဆောင် အကုန်အကျခံ၍ အခမဲ့တည်ဆောက်လှူဒါန်းခဲ့ရာတွင် ပါဝင်သောတံတား တစ်စင်း ဖြစ်ပါ ကြောင်း၊ တံတားအကျယ်မှာ ၅ ပေသာရှိရာ လူနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းနိုင်ပြီး လယ်ယာ လုပ်ငန်းများအတွက် လိုအပ်သော မိုးတွင်းကာလ လယ်ယာလုပ်ငန်း မစိုက်ပျိုးမီ သွင်းအားစုများ သယ်ယူပို့ဆောင်ခြင်းနှင့် ထုတ်ကုန်များ သယ်ယူချိန်များတွင် များစွာအခက်အခဲ ရှိနေပါကြောင်း၊ မိုးရာသီကာလကုန်ဆုံးချိန် နောက်ကျ၍လည်းကောင်း၊ မိုးရွာသွန်းမှုများ၍ ချောင်းရေကျချိန် နောက်ကျလျှင်လည်းကောင်း ထွက်ရှိလာသော စပါးများတင်ပို့နိုင်ရန်အတွက် ချောင်းရေနည်းချိန်ကို စောင့်နေရပါသဖြင့် သီးနှံပျက်စီးမှုများ ဖြစ်ပေါ်နေရပါကြောင်း၊ အကယ်၍ အဆိုပါ နန့်ရင်း ချောင်းကူး တံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်မည်ဆိုပါက လယ်ဧက ၁,၂၀၀ ခန့်တွင် စိုက်ပျိုးလုပ်ကိုင်နေသော ညောင်ကိုင်း၊ သာယာကုန်း၊ နန့်ပုတ်၊ ပင်ရက်လှကျေးရွာ များရှိ တောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းဖြစ်နိုင်မည်ဖြစ်ပါ ကြောင်း ၊ သို့ပါ၍ မိုးညှင်းညောင်ကိုင်း-ကာဒူလမ်းပိုင်းပေါ်တွင် လိုအပ်လျက်ရှိသော အရှည် ၁၂၀ ပေ၊ အကျယ် ၂၀ ပေရှိသော သံကူကွန်ကရစ် နန့်ရင်းချောင်းကူးတံတားတစ်စင်း တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိနှင့် ရှိမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

ယခုတင်ပြသည့်ပုံသည် မိုးညှင်း-ကာဒူ-ညောင်ကိုင်းလမ်း တံတားတည်နေရာပြမြေပုံ ဖြစ်၍ မိုးညှင်း မှ ကာဒူ-ညောင်ကိုင်းလမ်းသည် အရှည် ၈ မိုင်နှင့် ၄ ဖာလုံရှိပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်နယ်မှ စီမံခန့်ခွဲသည့် Class (A) အဆင့်ရှိလမ်း ဖြစ်ပါကြောင်း၊ ၅ မိုင်ခန့် ကွာဝေး သော မိုးညှင်းမြို့ကို ညောင်ကိုင်းမှ ရွှေဘို-မြစ်ကြီးနား ကတ္တရာလမ်းမှလည်းကောင်း၊ ကာဒူကျေးရွာ သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင်သည့် ကွန်ကရစ်လမ်းမှ ရာသီမရွေးသွား လာ၍ရ သည်ကို တွေ့ရပါကြောင်း၊ တင်ပြပါမြေပုံမှာ မိုးညှင်းမြို့နယ်၊ မိုးညှင်း-ကာဒူ-ညောင်ကိုင်းလမ်း ပေါ်ရှိ တံတား၏ မှတ်တမ်းဓာတ်ပုံ ဖြစ်ပြီး အဆိုပါတံတားကို ဆွစ်ဇာလန်နိုင်ငံမှ လှူဒါန်းထားပြီး အရှည် ၂၁၀ ပေ၊ အကျယ် ၅ ပေရှိပြီး သံမဏိကြိုးဆိုင်းတံတား ဖြစ်ပါကြောင်း၊ အဆိုပါတံတား သည် မိုးရာသီမှအပကျန်ရာသီများတွင် ချောင်းအတွင်းမှ ယာဉ်များသွားလာနိုင်ပြီး တံတားပေါ်မှ ဆိုင်ကယ်နှင့်လူများရာသီမရွေးအန္တရာယ်ကင်းစွာ သွားလာကြသည်ကိုတွေ့ရပါကြောင်း၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာကို မိမိတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် အခါတွင် အောက်ပါအချက်များကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

တင်ပြပါ ညောင်ကိုင်းနှင့် ကာဒူကျေးရွာ တို့သည် (ရာသီမရွေးသွားလာနိုင်သည့် အနေ အထားရှိပါကြောင်း၊ဆက်သွယ်ရေးအရ ပြတ်တောက်မှု အနေအထားမရှိပါကြောင်း၊ အကျိုးပြုမှု အနေဖြင့်ကျေးရွာ ၂ ရွာ၊ အိမ်ခြေ ၄၆၅ အိမ်၊ လူဦးရေ ၂,၄၀၀ ဦး၊ စိုက်ပျိုးဧရိယာ၊ ကျန်းမာရေး၊ ပညာရေးအနေဖြင့်လည်း အလယ်တန်းကျောင်း ၂ ကျောင်းရှိပြီး ကျန်းမာရေးအနေဖြင့်လည်း မိုးညှင်းမြို့ကို ၅ မိုင်သာ ကွာဝေးပြီး ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်း၊ ကတ္တရာ လမ်းမ ကြီးမှ တစ်ဆင့်အချိန်မီသွားလာနိုင်ပါကြောင်း၊ လမ်းကွန်ရက်ချိတ်ဆက်မှုအရ ကျေးရွာ တစ်ရွာသည် လမ်း ၂ လမ်းရှိလျှင် အဓိက အကောင်းဆုံးလမ်းကို ရွေးချယ်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်း၊ တံတားသည် ဒုတိယဦးစားပေး အဆင့်လမ်းပေါ်တွင် တည်ရှိသည့် အတွက် သံကူကွန်ကရစ်တံတား အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်အတွက် လတ်တလော တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။