နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် တရုတ်နိုင်ငံအခြေစိုက် Shandong Huache Energy Technology Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၂.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဇ)- ဦးစိုင်းကံ(မိုင်းရှူးမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
အားကစားရေးရာဝန်ကြီးဌာန
မေးခွန်း
ဦးစိုင်းကံ (မိုင်းရှူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုင်းရှူးမြို့နယ်၌ အားကစားကွင်းပွဲကြည့်စင်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေး မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ယနေ့ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၏ မြို့နယ်အားကစားကွင်းသည် ဒေသအတွင်းရှိ လူငယ် မောင်မယ်များတို့နှင့် မိဘပြည်သူများတို့၏ ကာယ ဉာဏဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးတို့အတွက် အဓိကအားထားရသော နေရာတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ အားကစားကွင်းတွင် မြို့နယ်အဆင့် ဘောလုံး ပြိုင်ပွဲများ၊ ဌာနဆိုင်ရာ အလိုက် အားကစား ပွဲများနှင့် နိုင်ငံတော်အထိမ်းအမှတ်နှင့် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ် လျက်ရှိပါသော်လည်း လက်ရှိတွင် ပွဲကြည့်စင်အဆောက်အဦ မရှိခြင်းကြောင့် လာရောက်အားပေး ကြသော မိဘပြည်သူများ ဧည့်သည်တော်များနှင့် လူငယ်မောင်မယ်များတို့မှာ နေပူမိုးရွာဒဏ်ကို ခံကြရခြင်း၊ စနစ်တကျကြည့်ရှုကြရန် အခက်အခဲရှိခြင်းစသည့် အဆင် မပြေမှုများနှင့် ရင်ဆိုင်နေ ကြရပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းရှူးမြို့နယ်အတွင်းရှိ အားကစားသမားများ၊ မိဘပြည်သူများတို့နှင့် ပွဲကိုလာရောက် အားပေးကြည့်ရှုကြသူများ စိတ်အေးချမ်းသာစွာ အားပေးကြည့်ရှုနိုင်ရန်နှင့် အားကစား ပွဲစဉ်များကို ပိုမိုအဆင့်အတန်းရှိစွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် လျာထားသည့် RC ကွန်ကရစ် နှစ်ထပ် အလျား ၁၅၀ ပေ၊ အနံ ၃၀ ပေကျယ်ဝန်းသော ပွဲကြည့်စင် တစ်ဆောင်ကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေခွဲဝေချပေး၍ တည်ဆောက်ပေးပါရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  ဦးညီညီ

မိုင်းရှူးမြို့နယ်တွင် အားကစားကွင်း ပွဲကြည့်စင် ကွန်ကရစ် ၂ ထပ် အလျား ၁၅၀ ပေ၊ အနံ ၃၀ ပေ ကျယ်ဝန်းသော ပွဲကြည့်စင်တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ပြန် လည် ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုသည့်စကားအတိုင်း လူတစ်ယောက်တွင်ဘဝ၏ ကျန်းမာကြံ့ခိုင်မှုသည် အဓိကအကျဆုံး အခြေခံလိုအပ်ချက်ဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် လန်းဆန်းတက်ကြွသော စိတ်ဓာတ်ကိုရရှိစေရန်အတွက် Exercise is Medicine ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းသည် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့် မကူးစက်နိုင်သော နာတာရှည် ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါများ၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓါတ်များခြင်း၊ လေဖြတ်ခြင်း၊ အရိုးရောဂါများနှင့် စိတ်ကျရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်ဆိုသည့်စကားအတိုင်း ရောဂါများဖြစ်ပွားမှ ကုသခြင်းထက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ရောဂါများမဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ပေးနိုင်ရုံမက သက်သာ ပျောက်ကင်း စေနိုင်သဖြင့် အားကစားသည် ကျန်းမာသော လူ့အဖွဲ့အစည်း တည်ဆောက်ခြင်းကို များ စွာ အထောက်အကူပြုနိုင်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ ပြည်သူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာတိုးတက်မြင့်မားရေးနှင့်စပ်လျဉ်း၍ ဒေသအလိုက် အားကစားပြိုင်ပွဲများကျင်းပပြုလုပ် ပေးရန် နှင့် အားကစားကွင်းများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်အရ အား ကစားရေးရာဝန်ကြီးဌာနအနေဖြင့် စံချိန်စံညွှန်းမီ အားကစားကွင်း၊ အားကစားရုံများနှင့် ဒေသတွင်း အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေးနိုင်ရေးအတွက် ပွဲကြည့်စင်များကို ဖြည့်ဆည်းဆောင်ရွက် ပေး လျက်ရှိပါကြောင်း၊

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်တွင် လူဦးရေ ၁၇၄,၆၄၀ ဦးရှိပြီး မြေဧရိယာ ၄.၆၅ ဧကရှိသည့် မိုင်းရှူးမြို့နယ် အားကစားကွင်းမှာ နှစ် ၃၀ မြေဂရန် ရရှိထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ အားကစား ကွင်း အတွင်း အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေ ရှိ ကွန်ကရစ်ပွဲကြည့်စင် ၂ ထပ် တည်ဆောက် ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁,၁၇၀ သန်းအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စု ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားတင်ပြ တောင်းခံပေးသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားခဲ့ပါသည်။