MY EN

(ဈ)- ဦးထွန်းထွန်းအောင်(မိုးကောင်းမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
အားကစားရေးရာဝန်ကြီးဌာန
မေးခွန်း
ဦးထွန်းထွန်းအောင် (မိုးကောင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုးကောင်းမြို့၊ မြို့နယ်အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ အောက်ခင်း ကြမ်းပြင် ပြုပြင်ပေးရန်နှင့် ဘောလုံးကွင်းပွဲကြည့်စင်တစ်ခု ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မိုးကောင်းမြို့နယ်သည် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၃၆ ခု၊ လူဦးရေ ၁၅၂၀၀၀ ခန့်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး အားကစားကိုစိတ်ဝင်စားသည့် မြို့နယ်သူ မြို့နယ်သားတွေဖြစ်ကြပါကြောင်း ၊ မိုးကောင်းမြို့ပေါ်တွင် ပွဲကြည့်စင်တစ်ခုပါ ဘောလုံးပွဲကြီး တစ်ခု မိုးလုံလေလုံအားကစားရုံနှင့် မြို့နယ် အားကစားဌာနရုံးဝန်ထမ်းနေအိမ်များ ပါဝင်သည့် မြို့နယ် ပြည်သူ့ အားကစား ကွင်းတစ်ခုရှိပါကြောင်း၊  နေ့စဉ်လိုလို ဘောလုံးကွင်းအတွင်း ဘောလုံးကစားနေကြသူများနှင့် မိုးလုံလေလုံအားကစားရုံ အတွင်းတွင် ဂျွမ်းဘားအက ကနေကြသူများ ပိုက်ကျော်ခြင်း၊ ကြက်တောင် ကစားနေကြသူများနှင့် စည်ကားလျက်ရှိတာကြောင့် ဝမ်းသာပိတိဖြစ်ကြရပြီး ယခု အခါတွင်  မိုးလုံလေလုံအားကစားရုံ၏ အောက်ခင်းသစ်သားကြမ်းပြင်သည် ပြုလုပ်စဉ် ကာလ က အသားကောင်း မသုံးခဲ့သည့်အပြင်နှစ်စဉ် မိုးရာသီရောက်တိုင်း ရေဝင်ရေမြုပ်ခြင်း ကြောင့် ဆွေးမြည့် ပျက်စီးလျက်ရှိပြီး အားကစား လုပ်ကြသူတွေဟာ မကျွံအောင်သတိထားကစား နေကြရပါကြောင်း၊ မိုးလုံလေလုံ အားကစားရုံ၏ အောက်ခင်းကြမ်းပြင်ကို သင့်လျော် သလို ပြန်လည်ပြင်ဆင်ပေးရန် တင်ပြတောင်းဆိုပါကြောင်း၊ မြို့နယ် ဘောလုံးကွင်းအတွင်းရှိ ပွဲကြည့်စင်သည် လည်း ဘောလုံးပွဲကျင်းပနေချိန်များတွင် ပရိတ်သတ် များပြားပြီး လုံလောက် မှုမရှိ၍ အများစုသည် ဘောလုံးကွင်းကိုကာရံထားသည့် သံဇကာခြံကို ကပ်မှီပြီး ကြည့်ကြ ရသည့် အတွက် သံဇကာခြံများ ပျက်စီးတာကိုတွေ့ရပြီး သင့်လျော်သည့် ဘောလုံးပွဲ ကြည့်စင်တစ်ခု ထပ်မံ တည်ဆောက်ပေးရန် လည်း တင်ပြတောင်းဆိုရန်လိုပါကြောင်း၊ မိုးကောင်းမြို့ ပြည်သူ့ အားကစားကွင်း  အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၏ ပျက်စီးနေ သည့် အောက်ခင်းကြမ်းပြင် ကို သင့်လျော်သလို ပြန်လည် ပြုပြင်ပေးပါရန်နှင့်ဘောလုံးပွဲ ပွဲကြည့်စင် တစ်ခုထပ်မံ ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်များရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေး မည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။

 

အဖြေ
အဖြေ

အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးညီညီက     

အားကစားသည် ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်ရေးအတွက်သာမက စည်းကမ်းပြည့်ဝမှု၊ ဇွဲရှိမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ ပျိုးထောင်ပေးတဲ့ အကောင်းဆုံးအရာတစ်ခု ဖြစ်ပြီး အားကစားကဏ္ဍ သည် ပြည်သူလူထုတစ်ရပ်လုံး၏ ကိုယ်ခန္ဓာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မရှိမဖြစ်လိုအပ်သော အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်သည့်အတွက် အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ “ မျိုးဂုဏ်ဝင့်ကြွား မြန်မာ့အားကစား ” ဆိုသည့် ဆောင်ပုဒ် နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတကာ အားကစား ပြိုင်ပွဲ များတွင် အောင်မြင်မှုများရရှိရေး၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး အားကစားကို ပိုမို စိတ်ပါဝင်စား လာစေရေး တို့အတွက် အားကစားကွင်းများ၊ အားကစား ခန်းမများ၊ ပွဲကြည့်စင်များနှင့် ရေကူး ကန်များ အဆင့်မြှင့် တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်းနှင့် အသစ်ထပ်မံ တည်ဆောက်ခြင်း လုပ်ငန်းများကို တိုင်း ဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်၊ မြို့နယ်များအထိ တိုးချဲ့တည်ဆောက် အဆင့်မြှင့်တင်ပေး လျက်ရှိပါကြောင်း။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ အလျား ၁၂၀ ပေ၊အနံ ၉၀ ပေ အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းမှ ငွေကျပ် ၂၆၆.၃ သန်း ဖြင့်လည်းကောင်း၊ မိုးကောင်းမြို့နယ် အားကစားကွင်း၏ အနောက်ဘက်တွင် အထူးတန်း ပွဲကြည့်စင် အလျား ၁၀၀ ပေ ၊ အနံ ၄၀ ပေ ၁ ခုအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းမှ ငွေကျပ် ၈၈.၂ သန်းဖြင့် လည်းကောင်း တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၏ ပျက်စီး နေသော အောက်ကြမ်းခင်းပြုပြင်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၄၀ သန်း နှင့် အထူးတန်း ပွဲကြည့်စင်၏ ဘယ်ဘက်တွင် ရိုးရိုးတန်းပွဲကြည့်စင် အလျား ၈၀ ပေ၊ အနံ ၃၀ ပေ ၁ ခုအား တည်ဆောက် နိုင်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၆၄ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ် ၁၁၀၄ သန်းတို့အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်း လျာထားနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရထံ တင်ပြခွင့်ပြုချက် ရယူ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက် ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက် နှင့်အတူ ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ပါသည်။