MY EN

(ည)- ဦးစိုးတင့်နိုင်(မကွေးမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
အားကစားရေးရာဝန်ကြီးဌာန
မေးခွန်း
ဦးစိုးတင့်နိုင် (မကွေး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မကွေးမြို့နယ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရန် မြေနေရာရရှိထားပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ တည်ဆောက်နိုင်ခြင်းမရှိ သေးသည့်အတွက် တည်ဆောက်ပေးရန်အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း၊

မြန်မာနိုင်ငံတွင် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အားကစား သမားများ ရှာဖွေဖော်ထုတ်ရန်အပါအဝင်  ဦးတည်ချက် (၄)ရပ်ဖြင့် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း ၈ ကျောင်းအား တင်ပြပါမြို့နယ်များအတိုင်း ဖွင့်လှစ်ထားရှိပါကြောင်း၊ တင်ပြပါ နေရာ ၌ လွိုင်ကော်၊ ဟားခါးနှင့် စစ်တွေမြို့များမှာ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးချထားခဲ့သည်ကို ဝမ်းသာကျေနပ် မိသော်လည်း ၎င်းဒေသများထက် လူငယ်မျိုး ဆက်သစ် အားကစားသမားများနှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုများပြားပြီး ပြုစုပျိုးထောင်ပေးရန် လိုအပ် သည့် မကွေးတိုင်းဒေသကြီး၊ မြေလတ် ဒေသတွင်လည်း အားကစားနှင့် ကာယပညာ သိပ္ပံ ကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေးရန်လိုအပ်ချက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၁၈ ခုနှစ်၌ အားကစားနှင့် ကာယပညာ သိပ္ပံ ကျောင်းဖွင့်လှစ်ရန်အတွက် ခရိုင်မြေနေရာချထားရေးကော်မတီမှ သပြေစမ်းကျေးရွာအုပ်စု၊ ကွင်း အမှတ်(၁၆၇၀-ဂ) တွင် မြေဧရိယာ ၅၂.၀၉ ဧကအား ချထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ချထားပေးသည့်မြေနေရာ တွင် နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့မှ ၂၀၁၈ ခုနှစ်တွင် မြေလွှဲမိန့်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ မကွေးမြို့နယ် သတ်မှတ်နေရာတွင် အားကစားနှင့် ကာယသိပ္ပံပညာကျောင်း တည်ဆောက်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့်လည်း ဌာန ပိုင်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊

မကွေးတိုင်းဒေသကြီးအတွင်းမှ တင်ပြပါအတိုင်း နိုင်ငံ့လက်ရွေးစင်အဆင့် အားကစားသမား များ ပေါ်ထွန်းခဲ့သော်လည်း စနစ်တကျ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတစ်ကျောင်းလိုအပ်လျက်ရှိရာမကွေးတိုင်းဒေသကြီးမှလူငယ်မျိုးဆက်သစ် အားကစား သမားအနေဖြင့် မန္တလေးမြို့ရှိ အားကစားနှင့် ကာယသိပ္ပံပညာကျောင်းသို့သာ အများဆုံးသွား ရောက်သင်ကြားလေ့ကျင့်နေကြ သည်ကိုတွေ့ရှိရပါကြောင်း၊ အကယ်၍ မိမိဒေသအတွင်း၌သာ သင်ကြားလေ့ကျင့်ခွင့်ရရှိမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် သွားရောက်နိုင်ခြင်းမရှိသည့် လူငယ်မျိုးဆက်သစ်များအတွက်ပါအဆင်ပြေနိုင်ပြီးမြန်မာနိုင်ငံအားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် မကွေးတိုင်းဒေသကြီးမှ ထိရောက်စွာ စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၊ မြေလတ်ဒေသအတွင်းမှ လူငယ်မျိုးဆက်သစ် အားကစားသမား များပြုစုပျိုးထောင်လေ့ကျင့် မွေးထုတ်ပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ကတည်းကလျာထား သတ်မှတ်ခဲ့ပြီးဖြစ်သည့် မြေနေရာတွင် အားကစားနှင့် ကာယသိပ္ပံပညာ ကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးညီညီ က

မကွေးမြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရန် မြေနေရာရရှိ ထားပြီးဖြစ်သော်လည်း ယခုအချိန်ထိ တည်ဆောက်နိုင်ခြင်း မရှိသေးသည့်အတွက် တည်ဆောက် ပေးရန်အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြား သွားမည် ဖြစ်ပါကြောင်း၊

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရေးတွင် အထောက် အကူပြုစေရန်၊ ဒေသအလိုက် ရွက်ပုန်းသီးထူးချွန်အားကစားသမားများ ပိုမိုပေါ်ထွက်လာစေရန်၊ မြန်မာ့အားကစား အောင်မြင်မှုများတွင် ဒေသအသီးသီးမှ တိုင်းရင်းသားများအားလုံး ပါဝင်နိုင်စေရန် နှင့် ဒေသအလိုက် အားကစားလုပ်ငန်းများဖွံ့ဖြိုးပြီး တိုင်းရင်းသားပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်စသည့် ဦးတည်ချက်(၄)ရပ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ပညာရေးကို အားကစားနှင့်တွဲဖက်လျက် ဟန်ချက်ညီညီဖြင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်မွေးထုတ်နိုင်ရန်အတွက် အားကစား နှင့်ကာယပညာသိပ္ပံကျောင်း ၈ ကျောင်းကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်၊ စစ်တွေနှင့် ဟားခါးမြို့များတွင် တည်ဆောက်ခဲ့ပါကြောင်း၊ အားကစားနှင့်ကာယ ပညာ သိပ္ပံကျောင်း ၆ ကျောင်းဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်တို့အား တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး အားကစားနှင့်ပညာရေးကို အချိုးညီမျှစွာဖွံ့ဖြိုး တိုးတက်စေရန် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစား နှင့်ကာယပညာ သိပ္ပံ(စစ်တွေ) နှင့် (ဟားခါး)တို့မှာ တည်ဆောက်ပြီးဖြစ်သော်လည်း သဘာဝဘေးအန္တရာယ်နှင့် အကြောင်း အမျိုးမျိုးတို့ကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါကြောင်း၊

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့်လည်း မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတည်ဆောက်ထားခြင်း မရှိသေးသည့်အတွက် ဖွင့်လှစ်နိုင် ရန် ပထမဦးစားပေးမြေနေရာဖြစ်သည့် မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၀-ဂ)၊ အကွက်အမှတ်(တာလမ်းတောင်ကွင်း)၊ မြေကွက်အမှတ်(၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၈)၊ မြေ ဧရိယာ ၅၂.၀၉ ဧကရှိ ကျန်အခြားမြေ (OA)နှင့် ဒုတိယဦးစားပေးမြေနေရာဖြစ်သည့် မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၈၁-ခ)၊ အကွက်အမှတ်(တုံ့လဲကွင်း)၊ မြေဧရိယာ ၅၀.၁၃ ရှိ ကျန်အခြားမြေ(OA)နေရာများအား လျာထားခဲ့ပါကြောင်း၊ အဆိုပါလျာထားမြေနေရာ ၂ ခု အနက် ပထမဦးစားပေးမြေနေရာအား အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနပိုင် မြေပိုင်ဆိုင်မှုရရှိရန်အတွက် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့်ရရှိခဲ့ပါကြောင်း၊ အားကစားရေးရာ ဝန်ကြီးဌာန ပိုင်အခမဲ့ မြေလွှဲ မိန့်ရရှိရေးအတွက် တစ်နှစ်အတွင်းရေးဆွဲထားသောမြေစာရင်းပုံစံ(၁၀၅/၁၀၆)လိုအပ်သည့် အတွက် ရေးဆွဲ၍ မြို့နယ်မြေစာရင်းဦးစီးဌာနသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၀-ဂ)၊ အကွက် အမှတ်(တာလမ်းတောင်ကွင်း)၊ မြေကွက်အမှတ်(၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၈)၊ ရှိ မြေဧရိယာ ၅၂.၀၉ ဧကအား အားကစားရေးရာဝန်ကြီးဌာနပိုင် အခမဲ့မြေလွှဲမိန့်ရရှိပြီးပါက အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတည်ဆောက်နိုင်ရေးအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် ငွေကျပ်၈၃,၄၇၇.၂၆၀ သန်းအားနီးစပ်ရာ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ စာရင်းတွင်လျာထားတင်ပြ တောင်းခံ ပေးသွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ရှင်းလင်း ဖြေကြားခဲ့ပါသည်။