MY EN

(ဋ) ဦးမြင့်ကို(တနိုင်းမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
အားကစားရေးရာဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးမြင့်ကို (တနိုင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

တနိုင်းမြို့နယ်၊ ကင်ဆားရပ်ကွက် ပြည်သူ့အားကစားကွင်း၌ ဘောလုံးကွင်းပတ်လမ်း၊ ပွဲကြည့်စင်၊ လူငယ်လေ့ကျင့်ရေးဘောလုံးကွင်းနှင့် ဖူဆယ်ဘောလုံးကွင်းရုံတို့ကိုတည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက်အတွင်းရှိ အားကစားရေးရာဝန်ကြီးဌာနပိုင်၊ အားကစား ဝင်းအတွင်း ၆ ပုံ ၂ ပုံကို တနိုင်းမြို့နယ်၏ လိုင်းပေါင်းစုံကားဂိတ်နှင့် ကားကြီးဝင်း များရှိနေခြင်း သည် အားကစားကွင်းနှင့် သဟဇာတမဖြစ်သကဲ့သို့ အားကစားကွင်းတွင်လာရောက် လေ့ကျင့်နေ သည့် လူငယ်အားကစားသမားများအတွက် မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်လာနိုင် ကြောင်း၊  တနိုင်းမြို့ပေါ် ၁၁ ရပ်ကွက်၊ မြို့တစ်မြို့၊ ကျေးရွာ ၁၃ ရွာဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါ် ကင်ဆားရာရပ်ကွက်မှ လက်ရှိအားကစားရေးရာဝန်ကြီးဌာန ပိုင်လက်အောက်ရှိ ပြည်သူ့ အားကစား ကွင်းအကျယ်အဝန်းမှာ အလျား ၆၆၈ ပေ၊ အနံ ၄၃ ပေရှိ မြို့နယ်အားကစားကွင်း တစ်ကွင်း ဖြစ်ပါကြောင်း၊  ယင်းအားကစားကွင်း အတွင်းမှ ဘောလုံးကွင်းတစ်ကွင်း၊လူ ၅၀၀ ဆံ့ ပွဲကြည့်စင် တစ်ခု၊ လူ ၂,၅၀၀ ဦးဆံ့ မိုးလုံလေလုံ အားကစားရုံတစ်ရုံနှင့်မြို့နယ်ရုံးတစ်ရုံးသာရှိပြီး ကျန်ရှိသည့် နေရာကို ကားကြီးကွင်းအား ငှားရမ်းထား သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်သွားပြီဖြစ်ကြောင်း။

တနိုင်းမြို့မှာ လူဦးရေ ၅၀,၀၀၀ ကျော်ရှိပြီး အထက်တန်း ကျောင်း ၄ ကျောင်း၊ အ.ထ.က (ခွဲ)ကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အ.လ.က(ခွဲ)   ၂ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၁ ကျောင်း၊ မူလတန်း(လွန်)၁၀ ကျောင်း၊ မူလတန်း ၁၃ ကျောင်း နှင့် မူလတန်း ကျောင်း (ခွဲ) ၁ ကျောင်း စုစုပေါင်း ၃၅ ကျောင်းရှိပါကြောင်း ၊ တနိုင်းမြို့မှာ နှစ်စဉ် လအလိုက် ဘောလုံး ပွဲများကျင်းပလျက်ရှိပြီး မြို့နယ်စီမံဥက္ကဋ္ဌ၏ ရပ်/ကျေး ဖလားပွဲ၊ ကျောင်းပေါင်းစုံ ဘောလုံးပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများ၊ ဝန်ကြီးချုပ်၏ တိုင်းရင်းသား ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖလားပြိုင်ပွဲ၊ နေ့ကြီး၊ ရက်ကြီး အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲအားလုံးကို မြို့နယ်ရှိ ပြည်သူ့အားကစားကွင်းတစ်ကွင်းကို အားကိုးပြီး ကျင်းပပြုလုပ်သည့် အခါ ဘောလုံးပွဲအနေဖြင့် အဆင်ပြေသော်လည်း မီတာအလိုက် အပြေး ပြိုင်ပွဲများ ၊ တခြားပြိုင်ပွဲများ ကျင်းပရန် နေရာမရှိသည်ကို တွေ့မြင်ရပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာ၌ အားကစားကဏ္ဍနှင့်စပ်လျဉ်းပြီး ၂၁ ရာစု ၏ နိုင်ငံတကာယှဉ်ပြိုင်မှုများသည် စိတ်အင်အား၊ စီးပွားရေး အင်အားနှင့် နည်းပညာအင်အားတို့ကိုသာ အခြေခံသည့် ယှဉ်ပြိုင်မှုများ မဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းအမြစ်နှင့် အရည်အသွေး၊ ပြည်သူလူထု၏ ကျန်းမာကြံ့ခိုင်မှု၊ ဆန်းသစ် တီထွင် နိုင်စွမ်း၊ အမျိုးသားစည်းလုံးညီညွတ်မှု နှင့် နိုင်ငံတကာတွင် ဩဇာလွှမ်းမိုးနိုင်စွမ်း စသည်များကို အခြေခံသည့် ဆန်းသစ်တီထွင်မှု အသွင်ပြောင်းလာ နေသည်ကိုလည်း တွေ့ရမည် ဖြစ်ပါကြောင်း ၊  ထိုသို့ပြောင်းလဲလာသည် နှင့်အတူ နိုင်ငံအသီးသီးမှ အားကစား ကဏ္ဍသည် ယခင်ကဲ့သို့ ပြိုင်ပွဲ ဝင်ရန်၊ ဆုတံဆိပ်ရရှိရန်မဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန်၊ လူငယ်များ၏ စည်းကမ်း၊ ခေါင်းဆောင်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ် မွေးမြူပေးနိုင်ရန် အမျိုးသား စည်းလုံး ညီညွတ်မှု တည်ဆောက်ပေးနိုင်ရန်နှင့် အထောက်အကူပြုစေနိုင်သည့် အပြင် နိုင်ငံတကာ အလယ် တွင် လည်း နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့် အတွက် အားကစားပြိုင်ပွဲများကို လက်နက် မပါသည့် တိုက်ပွဲများဟုပင် တင်စားလာသည် တွေ့ရှိရပါကြောင်း၊ မြန်မာ့အားကစားပြန်လည် ဖွံ့ဖြိုး တိုးတက်လာစေရေးကို ရှေးရှုပြီး အားကစားရေးရာဝန်ကြီးဌာနကိုလည်း သီးခြားဖွဲ့စည်းပေးခြင်း ဖြစ်သည်ဟု ပြောကြားသွားပါကြောင်း၊ ၂၀၂၂ ခုနှစ်မှစ၍ ခရိုင်အဆင့် တိုးမြှင့်ခြင်းခံထားရသည့် ခရိုင်မြို့တစ်မြို့ဖြစ်ပြီး လက်ရှိမြို့နယ်ခွဲတွင် အားကစားသမားများ၏ လေ့ကျင့်ရေးကွင်းသည် ပြိုင်ကွင်းဖြစ်သည့်အတွက် ရေရှည်တွင်ပြုပြင်ထိန်းသိမ်းနိုင်မှုမရှိလျှင် ပျက်စီးသွားနိုင် သည့်အတွက် အားကစားကွင်းအတွင်းတွင် လေ့ကျင့်ရေးတစ်ကွင်း၊ မီတာ ၄၀၀ ပြေးပတ်လမ်း၊ လူ ၅၀၀ ဆံ့ ပွဲကြည့်စင်တစ်စင်၊ ဖူဆယ်ဘောလုံးကွင်းတစ်ကွင်းတို့ကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ ပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို တိကျစွာဖြေကြားပေးပါရန် မေးမြန်း ခဲ့ ပါသည်။

အဖြေ
အဖြေ

အားကစားရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးညီညီက 

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်မှုနှင့် တိုက်ရိုက် ဆက်စပ် လျက်ရှိပြီး “ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်” ဆိုသည့်အတိုင်း နိုင်ငံသားတိုင်း ကျန်းမာ သန်စွမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ တိုးတက်သော နိုင်ငံတိုင်းက မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဘက်ပေါင်းစုံက ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ၊ ပြည်သူများ အားကစားကို ပိုမိုစိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲလာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် အားကစားဆိုင်ရာ အခြေခံ အဆောက် အအုံများကို စနစ်တကျ တိုးချဲ့တည်ဆောက်ပေးလျက်ရှိသည့်အပြင် Mass Sports အစီအစဉ် များဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း အားကစားကွင်းများ၊ အားကစားရုံများ၊ ပွဲကြည့်စင်များနှင့်ရေကူးကန်များကိုအဆင့်မြှင့်တင်ခြင်း၊တိုးချဲ့ တည်ဆောက်ခြင်း နှင့် အသစ်ထပ်မံတည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင် ရွက် လျက်ရှိပါကြောင်း ၊ ကချင်ပြည်နယ်၊တနိုင်းမြို့နယ် အားကစားကွင်းမြေဧရိယာ ၆.၇၆၂ ဧက သည် အားကစားရေးရာဝန်ကြီးဌာနပိုင်မြေအဖြစ် အခမဲ့မြေလွှဲမိန့်ရရှိပြီးသော မြေနေရာဖြစ်ပြီး အားကစား ကွင်းအတွင်းရှိ အားကစားခန်းမ ကြမ်းခင်းအသစ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၂၄၇.၅ သန်း၊ အားကစားကွင်းမြေဖို့ခြင်း ၄၅၀ ပေ၊ ၂၉၀ ပေ နှင့် Inner Fencing ၁၄၈၀ ပေ ကာရံခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ခန့်မှန်း ကုန်ကျငွေ ကျပ် ၆၀၇.၈ သန်း စုစုပေါင်း ငွေကျပ် ၈၅၅.၃ သန်းတို့အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ စာရင်း တွင် ထည့်သွင်းလျာထားဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက် ပြည်သူ့အားကစားကွင်းအတွင်းတွင် အားကစားခန်းမ၊ အထူးတန်းပွဲကြည့်စင်၊ Score Board နှင့် ရုံးအဆောက်အဦများ ဆောက်လုပ်ထားရှိပြီး စုစုပေါင်းမြေဧရိယာ အလျား ၄၉၀ ပေ၊ အနံ ၃၇၀ ပေ သာကျန်ရှိသည့် အတွက် တနိုင်းအားကစားကွင်း အတွင်း မီတာ ၄၀၀ပြေးလမ်းပါဘောလုံးကွင်း ဖောက် လုပ်ရန် အတွက် မြေနေရာလုံလောက်မှု မရှိပါသဖြင့် ဆောင်ရွက်ပေး၍မရနိုင်ပါကြောင်း၊ မြေဧရိယာ အကျယ်အဝန်း အလျား ၆၂၂ ပေ၊ အနံ ၃၃၄ ပေ ရှိမှသာ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ တနိုင်း မြို့နယ်အားကစား ကွင်း အတွင်း လက်ရှိပွဲကြည့်စင် ၁၀၀ ပေ x ၄၀ ပေ အား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေမှ ငွေကျပ် ၉၀ သန်း ဖြင့် တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း။

တနိုင်းမြို့နယ်အားကစားကွင်း ရိုးရိုးတန်းပွဲကြည့်စင် ၁၀၀ ပေ x ၄၀ ပေ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၇၂၀ သန်းနှင့် ဖူဆယ်အားကစားရုံ ၁၅၀ ပေ x ၁၁၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၃,၃၀၀ သန်း စုစုပေါင်း ငွေကျပ် ၄,၀၂၀ သန်းတို့အား ဦးစားပေးအလိုက် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေတွင် ထည့်သွင်းလျာထား နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြု ချက် ရရှိပါကဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ပေါင်းစပ် ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့ပါသည်။