နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့စတင်ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(င)- ဦးအောင်ကိုလတ်(တမူးမဲဆန္ဒနယ်)

2026-09-21
တတိယအကြိမ်
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးအောင်ကိုလတ် (တမူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

တမူးမြို့၊ မြို့မအမှတ်(၂)ရပ်ကွက်၊ အ.မ.က-၂(မူလွန်)ကျောင်းရှိ ကျောင်းဆောင်ဟောင်းအား မည်သည့် ကာလတွင် အသစ်ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့သည် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နှင့် နီးကပ်စွာ တည်ရှိနေသည့် နယ်စပ်မြို့ဖြစ်သည့်အတွက် စီးပွားရေးအသင့်အတင့် ကောင်းမွန်စေရန် နယ်စပ် ဒေသလုံခြုံရေးကို အထူးအလေးထားဆောင်ရွက်နေကြရသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးအနေဖြင့် တမူး-ကလေးအာရှလမ်းမကြီးတစ်ခုတည်းကိုသာ အဓိကထားအားကိုးနေရ သည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ကားလမ်းတစ်ခုတည်းကိုသာ အားထားနေရသည့်မြို့ဖြစ်သည့် အတွက် မြို့နေမိဘများသည် မိမိတို့၏ ကလေးသူငယ်များအား ကလေးမြို့အပါအဝင် အခြားမြို့ကြီး များသို့ သွားရောက်ကျောင်းထားရန် ခက်ခဲပါကြောင်း၊ ကျောင်းသားမိဘများသည်လည်း ပညာရေး ကို အထူးအလေးထား ဦးစားပေးကြပါကြောင်း၊ တမူးမြို့နယ်အတွင်းတွင် အခြေခံပညာအထက်တန်း ကျောင်း ၈ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၉ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း ၁၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၁၆ ကျောင်း၊ အခြေခံပညာမူလတန်း လွန်ကျောင်း ၂၃ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၉ ကျောင်းတို့ရှိကြပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ၂၀၂၁ ခုနှစ် နိုင်ငံတော်အာဏာထိန်းသိမ်း ခဲ့သည့်ဖြစ်စဉ်များသည် ဒေသအသီးသီးအလိုက် နယ်မြေတည်ငြိမ်မှုမရှိသည့်အတွက် တမူးမြို့နယ် အတွင်းကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိတော့ဘဲ တည်ငြိမ် အေးချမ်းသော မြို့ပေါ်သို့သာ စစ်ဘေးတိမ်းရှောင်ရောက်ရှိလာကြပြီး အခြေခံပညာကျောင်းများ တွင်သာ မိမိတို့၏ သားသမီးများကို ကျောင်းအပ်နှံထားခဲ့ကြရပါကြောင်း၊ တမူးမြို့၊ မြို့မအမှတ်(၂) ရပ်ကွက်အတွင်းရှိ အ.မ.က-၂(မူလွန်)ကျောင်းသည် ၁၉၇၄-၁၉၇၅ ပညာသင်နှစ်ကတည်းက မိဘ ပြည်သူများမှ ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့သော (၁၂၀ x ၃၀)ပေ ပျဉ်ခင်းပျဉ်ကာ၊ သွပ်မိုး၊ တစ်ထပ်သစ်သား ကျောင်းဆောင်တစ်ဆောင်၊ ပညာသင်ကြားပေးခဲ့သည်မှာလည်း ၅၂ နှစ်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကျောင်းဆောင်တစ်ခုလုံးမှာ ကျောင်းတိုင်လုံးအောက်ခြေများ ဆွေးမြည့်ခြင်း၊ ကြမ်းခင်းယပ်မများ ဆွေးမြည့်ခြင်း၊ ကြမ်းခင်းများဆွေးမြည့်ခြင်း၊ နံရံများဆွေးမြည့်ပျက်စီးခြင်း၊ သွပ်မိုးများသံချေးကိုက် ဆွေးမြည့်ခြင်းများ ဖြစ်ပေါ်နေသဖြင့် ၎င်းကျောင်းဆောင်မှာ ကလေးများ အတွက် အန္တရာယ်ရှိနေ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစပြီး အသုံးပြုခြင်းမရှိတော့ဘဲ ရပ်နားထားခဲ့ ရပါကြောင်း။

တမူးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင် မိသားစုများ များပြားလာသည်နှင့်အမျှ ကျောင်းအပ်နှံ ချိန်တွင်လည်း ကျေးရွာအသီးသီးမှ ကျောင်းသူ ကျောင်းသားလေးများ မြို့ပေါ်ရှိ ကျောင်းဖွင့်နိုင်သည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းလွန်၊ မူလတန်းကျောင်းများတွင်သာ ကျောင်းအပ်နှံကြရပြီး ကျောင်းတက်ကြရသဖြင့် နှစ်စဉ်ကျောင်းသားဦးရေသည် မြို့ပေါ်တွင် ဖွင့်လှစ်နိုင်သော ကျောင်းတိုင်းလိုလို တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားနေပါကြောင်း၊  တမူးမြို့၊ အမှတ်(၂)ရပ် ကွက်ရှိ အ.မ.က-၂(မူလွန်)ကျောင်းမှာလည်း KG တန်းမှ Grade-8 အထိ ပညာသင်ကြားပေးလျက် ရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသူ ကျောင်းသား ၅၀၆ ဦး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် ၆၀၉ ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၆၆၁ ဦး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ၆၈၀ ဦးရှိသဖြင့် ကျောင်းအပ်နှံမှုကျောင်းသားဦးရေသည် တစ်နှစ်ထက် တစ်နှစ် တိုးတိုးလာနေသည်ကို တွေ့ရှိနေရပါကြောင်း၊ ကျောင်းသားကျောင်းသူများ များပြားလာသည်နှင့်အမျှ သစ်သားကျောင်း ဆောင်မှာလည်း တစ်နှစ်ထက်တစ်နှစ် ဟောင်းနွမ်းဆွေးမြည့်လာပြီး အန္တရာယ်ရှိသော ကျောင်းဆောင် ဖြစ်လာသည့်အတွက် ၎င်းကျောင်းဆောင်ဟောင်းတွင် ပညာသင်ကြားပေးခြင်းမရှိတော့ဘဲ ကျောင်းဝင်းအတွင်းရှိ (၆၀ x ၃၀)ပေ အုပ်ညှပ်နံကပ် တစ်ထပ်ကျောင်းဆောင် နှစ်ဆောင်တွင်သာ ကျပ်ကျပ်သိပ်သိပ် ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့ရသော ကျောင်းသားကျောင်းသူလေးများအား စေတနာထား၍ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Placement Text စစ်ဆေးပြီး ကျောင်းအပ်လက်ခံ ဆောင်ရွက် ပေးခဲ့သဖြင့် ကျောင်းအပ်နှံလာကြသည့် ကျောင်းသားကျောင်းသူစုစုပေါင်း ၆၉၉ ဦးအထိ ရှိလာနေပြီ ဖြစ်သဖြင့် ကျောင်းသားအရေအတွက်နှင့် ကျောင်းဆောင်မျှတမှုမရှိတော့ဘဲ ကျပ်တည်းစွာ ပညာ သင်ကြားနေရပါကြောင်း၊ ထို့အပြင် အဆိုပါ အ.မ.က-၂(မူလွန်)ကျောင်း၏ ခေတ်အဆက်ဆက် တာဝန်ကျပြီး ပြောင်းရွှေ့ရောက်ရှိလာကြသည့် ကျောင်းအုပ်ဆရာများမှာလည်း ဝန်ထမ်းနေအိမ် သတ်သတ်မှတ်မှတ်မရှိဘဲ ဟိုယခင်ကျောင်းအကျိုးတော်ဆောင်များမှ ဆောက်လုပ်လှူဒါန်းပေးထားသော ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးတစ်ထပ်ကျောင်းဆောင်နေအိမ်အဟောင်းတွင်သာ နေထိုင်ခဲ့ကြရပြီး မိသားစုများပါလာသော ကျောင်းအုပ်ဖြစ်ပါက ကျောင်းဆောင်အဟောင်းပေါ်တွင်တက်၍ နေထိုင် ကြရသဖြင့် နောင်တွင် ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များမှ မလိုလားအပ်သော ဆရာ၊ မိဘအထင်အမြင် လွဲမှားစရာများဖြစ်ပေါ်လာနိုင်ပြီး ပညာရေးဝန်ထမ်းနှင့် ကျောင်း၏ဂုဏ် သိက္ခာများ ထိခိုက်လာနိုင်၍လည်းကောင်း ဝန်ထမ်းနေအိမ်ရှိထားပြီးဖြစ်ပါက နောင်တွင် အသစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြမည့် ဝန်ထမ်းများအတွက်လည်း နေအိမ်အဆင် သင့်ရှိနှင့်ပြီးဖြစ်သဖြင့် ပင်ပန်းမှုမရှိဘဲ ၎င်းတို့၏ ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ ကောင်းမွန်စွာ တာဝန်ထမ်းဆောင်လာကြမည်ဟု မျှော်လင့်၍လည်းကောင်း၊ ကျောင်းအုပ်ဆရာနေအိမ်တစ်လုံးလည်း မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်း။

          သို့ဖြစ်ပါ၍ တမူးမြို့၊ မြို့မအမှတ်(၂)ရပ်ကွက်ရှိ အ.မ.က-၂(မူလွန်)ကျောင်းဝင်းရှိ ဟောင်းနွမ်း ဆွေးမြေ့နေပြီဖြစ်သော (၁၂၀ x ၃၀)ပေ ပျဉ်ခင်းပျဉ်ကာ၊ သွပ်မိုးသစ်သားတစ်ထပ်ကျောင်း ဆောင်ဟောင်းအား ဖျက်သိမ်း၍ နောင်တွင်တိုးပွားလာမည့် ကျောင်းသားဦးရေအား မျှော်မှန်းလျက် (၁၄၀ x ၃၀)ပေ ၂၅ ပေရှိသော RC နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့် ဝန်ထမ်းနေအိမ်တစ်လုံး ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅၉၃ သန်းနှင့် လုပ်ငန်း ၅၄ ခုကို စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ကလေးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့မအမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် မူလတန်းအဆင့်ကျောင်းသား ၅၆၇ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၁၃၃ ဦး စုစုပေါင်း ကျောင်းသား ၇၀၀ ဦးရှိပြီး ကျောင်းတွင် အန္တရာယ်ဆောင် (၁၂၀ x ၃၀)တစ်ထပ်၊ (၆၀ x ၃၀)အုတ်ညှပ်တစ်ထပ်၊ (၉၀ x ၃၀) အုတ်ညှပ် တစ်ထပ်၊ (၁၂၀ x ၃၀) အုတ်ညှပ်တစ်ထပ် စုစုပေါင်း ကျောင်းဆောင် ၄ ဆောင်၊ စာသင်ခန်း ၉ ခန်းရှိပြီး ကျောင်းသားနှင့် စာသင်ခန်းအချိုးအရ စာသင်ခန်းထပ်မံလိုအပ်နေပါကြောင်း။

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့မအမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျောင်းသားဦးရေအရ လိုအပ်နေသည့် စာသင်ခန်း ၈ ခန်း စာအတွက် ကျောင်းဆောင်ဆောက်လုပ်ပေးနိုင်ရန် အန္တရာယ်ဆောင်ဖြစ်သည့် (၁၂၀ x ၃၀) သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းတစ်ထပ်ဆောင်ကို ဖျက်သိမ်းပြီး (၁၄၀ x ၃၀) RC နှစ်ထပ် ဆောက်လုပ်နိုင်ရန် အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပညာရေးဝန်ကြီး ဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းမြေကျယ်ဝန်းပြီး ဝေးလံဒေသများမှ လာရောက် တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်းများရှိသည့် အခြေခံပညာကျောင်းများတွင် ဝန်ထမ်း အိမ်ရာများကို ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ နှစ်စဉ် ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့မအမှတ်(၂)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ မူလတန်း (လွန်)ကျောင်းတွင် ကျောင်းအုပ်ကြီးအပါအဝင် သင်ကြားရေးဝန်ထမ်း စုစုပေါင်း ၂၀ ဦးရှိပြီး ရပ်ဝေးမှ လာရောက်တာဝန်ထမ်းဆောင်သူ ၅ ဦးရှိပါကြောင်း၊ အဆိုပါ ဝန်ထမ်း ၅ ဦးသည် အိမ်ငှားနေထိုင်ပြီး အိမ်ငှားစရိတ်ခံစားနေရသူများဖြစ်သည့်အတွက် အဆိုပါကျောင်းတွင် (၉၀ x ၃၀) ပေတစ်ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီးတန်းစီဇယားဖြင့် ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။