နောက်ဆုံးရသတင်းများ
MY EN

(က)-ဦးတင့်လွင်(လောင်းလုံးမဲဆန္ဒနယ်)

2026-07-30
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(က)-ဦးတင့်လွင်(လောင်းလုံးမဲဆန္ဒနယ်) 

ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ ဖြည့်ဆည်း ပေးရန်အစီအစဉ်ရှိ မရှိနှင့် ဓာတ်ခွဲခန်းဝန်ထမ်းအင်အား သီးခြားဖွဲ့စည်းပုံ ဖွဲ့စည်းပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် သီးနှံစိုက်ပျိုးရေးဧရိယာ ၁,၂၄၂ ,၃၄၄ ဧကရှိသည့်အနက် ရိတ်သိမ်း ဧရိယာ ၅၀၉,၅၆၁ ဧကရှိပြီး ၂,၂၃၀,၀၉၉ ဧကထွက်ရှိပါကြောင်း၊ တနင်္သာရီတိုင်း‌ ဒေသကြီးအတွင်း စပါး၊ ဆီအုန်း၊ ရော်ဘာ၊ ကွမ်းသီး၊ ငရုတ်ကောင်း၊ ဝဥ၊ ကိုကိုး၊ ငှက်ပျော၊ အုန်း၊ ထန်း၊ ဓနိ စသည့်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ထားဝယ်ခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာန ရုံးဝင်းအတွင်း ၂၀၁၈ ခုနှစ်က မြေဆီလွှာဓာတ်ခွဲခန်းကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်က မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းတစ်ခုကိုလည်းကောင်း တည်ဆောက်ပြီးစီးခဲ့ပါ ကြောင်း၊ မြေဆီလွှာဓာတ်ခွဲခန်းအရွယ်အစားမှာ ၄၀ x ၄၀ x ၁၁ ပေရှိပြီး သွပ်မိုးအုတ်ကာ ကွန်ကရစ်ခင်း အဆောက်အဦ ဖြစ်ပါကြောင်း၊ ၎င်းအဆောက်အဦဆောက်လုပ်‌ပြီးစီးသည့် ၂၀၁၈ ခုနှစ်တွင် ဓာတ်ခွဲခန်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဓာတ်ခွဲခန်းပြီးစီးအခြေအနေမှာ လုပ်ငန်း လည်ပတ်နိုင်သည့်အဆင့် ရှိပါကြောင်း၊ လက်ရှိအချိန်တွင် Ph၊ Ec၊ Pk၊ Fe၊ Ma ဓာတ်ခွဲစစ်ဆေး ဆောင်ရွက် နိုင်ပြီး ရေ၊ မြေ၊ သဘာဝနှင့် သဘာဝမြေဩဇာနမူနာများကို ရန်ကုန်ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး လျက်ရှိပြီး ထိုဓာတ်ခွဲခန်းမှ ဓာတ်ခွဲအဖြေ၊ ဓာတ်မြေဩဇာနှုန်းထားများ ထုတ်ပြန် ပေးခြင်း ကို ဆောင်ရွက်လျက်ရှိပါတယ်။ 

တိုင်းဒေသကြီး၊ မြေအသုံးချမှုဌာနအောက်ရှိ အဆိုပါဓာတ်ခွဲခန်းတွင် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း လက်ထောက်ဦးစီးမှူးတစ်ဦးသာရှိပြီး ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း ဖြည့်ဆည်းခန့်ထားပေးရန် လိုအပ် လျက်ရှိပါကြောင်း၊ မြေဆီလွှာဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းဝန်ထမ်းအင်အား ဖွဲ့စည်းပုံသီးခြား မရှိပါကြောင်း၊  မျိုးစေ့ဓာတ်ခွဲခန်းအရွယ်အစားမှာလည်း ၄၀ x ၄၀ x ၁၁ ပေရှိပြီး သွပ်မိုးအုတ်ကာ ကွန်ကရစ်ခင်း အဆောက်အဦဖြစ်ပြီး ဆောက်လုပ်ပြီးစီးသည့် ၂၀၁၉ ခုနှစ် တွင် ဓာတ်ခွဲခန်းလုပ်ငန်း များကို စတင်ဆောင်ရွက်ခဲ့သောလည်း လုပ်ငန်းမလည်ပတ်နိုင်ခြင်းမရှိသေးပါကြောင်း၊ အဆိုပါ ဓာတ်ခွဲခန်း ကို လက်ရှိအခြေအနေတွင် ခရိုင်လိုက် မျိုးစေ့ထုတ်စိုက်ခင်းများမှ ပေးပို့လာသည့် မျိုးစေ့နမူနာများကိုစုစည်းပြီး အောက်မြန်မာပြည် မျိုးစေ့ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး မျိုးစေ့ဌာနအောက်မှာရှိသည့် အဆိုပါမျိုးစေ့ဓာတ်ခွဲခန်းအား ကျွမ်းကျင် ဝန်ထမ်း လက်ထောက်ဦးစီးမှူးတစ်ဦးသာရှိပြီး ကျွမ်းကျင်ဝန်ထမ်းများ ဖြည့်ဆည်းခန့်ထားပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်း ဝန်ထမ်းများ သီးခြားဖွဲ့စည်းပုံ မရှိပါ ကြောင်း၊ သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းမှ၄၀ x ၄၀ x ၁၁ ပေရှိပြီး RC တစ်ထပ်အဆောက်အဦ ဖြစ်ပြီး မိုက်ခရိုစကုပ်ကိုအသုံးပြုပြီးရောဂါပိုးလက္ခဏာခွဲခြားခြင်း၊ ကာကွယ်နှိမ်နင်းခြင်းနှင့် အကြံပြု ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အဆိုပါဓာတ်ခွဲခန်းမှ ပစ္စည်းကိုအသုံးပြုပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသောသီးနှံများ၏ မျိုးဆောင်ပိုး ရောဂါများကိုစစ်ဆေးခြင်း၊ ကျရောက်သောဖျက်ပိုးများ အမျိုးအစားကိုခွဲခြားပြီး ကာကွယ်နှိမ်နင်းခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

တနင်္သာရီတိုင်းဒေသကြီး၊ သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းဌာန၏အောက်တွင် တာဝန်ခံဦးစီး အရာရှိတစ်ဦးနှင့် ဒုတိယလက်ထောက် ၁ ဦး၊ ဦးစီးမှူး ၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းတွင် သီးသန့်ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားမရှိ၍ ဖွဲ့စည်းပုံနှင့် တာဝန်ယူ ဆောင်ရွက်မည့်တာဝန်ခံနှင့် ဝန်ထမ်းခန့်ထားပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ ၍ ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက်ထားသည့် မြေဆီလွှာ ဓာတ်ခွဲ ခန်း၊ မျိုးစေ့ ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းတို့တွင် ဓာတ်ခွဲခန်းကျွမ်းကျင် ဝန်ထမ်း ဖြည့်ဆည်း ခန့်ထားပေးရန်အစီအစဉ်ရှိ /မရှိနှင့် ၎င်းဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းဝန်ထမ်းအင်အား သီးခြား ဖွဲ့စည်းပုံ ဖွဲ့စည်းပေးနိုင်ခြင်းရှိ/ မရှိတို့ကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တည်ဆောက် ထားသည့် မြေဆီလွှာဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်း၊ သီးနှံဓာတ်ခွဲခန်းများသည် တိုင်းဒေသကြီး မြေဆီလွှာ၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးတာဝန်ခံအသီးသီး၏ ဖွဲ့စည်းပုံကွပ်ကဲမှုအောက်တွင် လည်ပတ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြေအသုံးချရေးဌာန ခွဲတွင် ဝန်ထမ်းအင်အားဖွဲ့စည်းပုံ ခွင့်ပြုအရာထမ်း ၂ ဦး၊ အမှုထမ်း ၆ ဦး စုစုပေါင်း ၈ ဦးဖြစ်ပါကြောင်း၊ ခန့်ထားအင်အားမှာ အရာထမ်း ၁  ဦး၊ အမှုထမ်း ၂ ဦး စုစုပေါင်း ၃ ဦးဖြစ်ပါကြောင်း၊  မျိုးစေ့ဌာနခွဲတွင် ဝန်ထမ်းအင်အားဖွဲ့စည်းပုံ ခွင့်ပြုအရာထမ်း ၂ ဦး၊ အမှုထမ်း ၅ ဦး စုစုပေါင်း ၇ ဦးရှိပြီး ခန့်ထား အင်အားမှာ အရာထမ်း ၁ ဦး၊ အမှုထမ်း ၂ ဦး စုစုပေါင်း ၃ ဦးရှိပါကြောင်း၊ သီးနှံကာကွယ်ရေး ဌာနခွဲတွင် ဝန်ထမ်းအင်အားဖွဲ့စည်းပုံ ခွင့်ပြုအရာထမ်း ၂ ဦး၊ အမှုထမ်း ၅ ဦး စုစုပေါင်း ၇ ဦးရှိပြီး ခန့်ထား အင်အားမှာ အရာထမ်း ၁ ဦး၊ အမှုထမ်း ၁ ဦး စုစုပေါင်း ၂ ဦးရှိပါကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနအနေနှင့် အဆိုပါဓာတ်ခွဲခန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒုတိယဦးစီးမှူး(စိုက်ပညာရှင်) ရာထူးဝင်ပေါက်ခန့်အပ်ခြင်း၊ အရာထမ်း၊ အမှုထမ်း အဆင့်အလိုက် ရာထူးတိုးမြှင့်ခြင်းလုပ်ငန်းတွေဆောင်ရွက်သည့်အခါတွင် ရုံးချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ် လစ်လပ်ရာထူးများ၌ ခန့်အပ်တာဝန်ပေးအပ်လျက်ရှိပါကြောင်း။ 

တနင်္သာရီတိုင်းဒေသကြီး၊ မြေဆီလွှာ၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးတာဝန်ခံများ၏ ဖွဲ့စည်းပုံ လစ်လပ်နေရာများတွင် ဒုတိယလက်ထောက်ဦးစီးမှူး(စိုက်ပညာရှင်) ရာထူးဝင်ပေါက်ခန့်အပ်ခြင်း၊ အရာထမ်း၊ အမှုထမ်းအဆင့်အလိုက် ရာထူးတိုးမြှင့်ခြင်းများမှခန့်အပ်၍ ဝန်ထမ်းအင်အားရရှိမှု အပေါ် မြေဆီလွှာဓာတ်ခွဲခန်းကျွမ်းကျင်မှုအတွက် ရန်ကုန်မြို့မှာရှိသည့် မြေဆီလွှာဓာတ်ခွဲခန်းတွင် လည်းကောင်း၊ မျိုးစေ့ဓာတ်ခွဲခန်းကျွမ်းကျင်မှုအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ဓာတ်ခွဲခန်း များတွင်လည်းကောင်း၊ သီးနှံကာကွယ်ရေးကျွမ်းကျင်မှုအတွက် ရန်ကုန်မြို့မှာရှိသည့် ဓာတ်ခွဲခန်း တွင် လည်းကောင်း အဆိုပါဝန်ထမ်းများကို စာတွေ့၊ လက်တွေ့သင်တန်းများဖွင့်လှစ်ပေးပြီး ဒေသရှိ ဓာတ်ခွဲခန်းများတွင် ကျွမ်းကျင်ဝန်ထမ်းများအဖြစ် မွေးထုတ်ဆောင်ရွက်လျက်ခြင်းဖြစ်ပါကြောင်း။

ထားဝယ်ခရိုင်တွင်တာဝန်ပေးအပ်ထားသည့် မြေဆီလွှာ၊မျိုးစေ့နှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲ ခန်း ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဝန်ထမ်းအင်အားပြုန်းတီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းများရှိပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်ဒုတိယလက်ထောက်ဦးစီးမှူး(စိုက်ပညာရှင်) ရာထူးဝင်ပေါက်ခန့်အပ် ခြင်း၊ အရာထမ်း၊ အမှုထမ်းအဆင့်အလိုက် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းမှ ရရှိလာမည့်ဝန်ထမ်းအင်အား ရရှိမှုအပေါ်မူတည်၍ ဓာတ်ခွဲခန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ တက်ရောက်စေပြီး ကျွမ်းကျင် ဝန်ထမ်းများအဖြစ် တာဝန်ပေးဆောင်ရွက်လျက်ရှိပါကြောင်း ၊ အဆိုပါဓာတ်ခွဲခန်းများသည် တိုင်းဒေသကြီးရှိ မြေဆီလွှာ၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးတာဝန်ခံအသီးသီး၏ ဖွဲ့စည်းပုံကွပ်ကဲမှု အောက်မှာ လည်ပတ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည့်အတွက်ကြောင့် လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြသည့် ဓါတ်ခွဲခန်းဝန်ထမ်းအင်အား သီးခြားဖွဲ့စည်းပုံ ဖွဲ့စည်းပေး နိုင်ခြင်းမရှိပါကြောင်း ဖြေကြားခဲ့ပါသည်။