နောက်ဆုံးရသတင်းများ
MY EN

(ခ)- ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)

2026-07-30
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ခ)- ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)

ဝမ်းတွင်း၊မြစ်သားနှင့်တံတားဦးမြို့နယ်များသို့ရေပေးဝေနိုင်ရေးအတွက်ကင်းတားလက်ဝဲမြောင်းမ

ကြီးအား အဆင့်မြှင့်တင်ပေးရန်မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

ကင်းတားရေလှောင်တမံမှ စိုက်ပျိုးရေဖြန့်ဝေပေးနေသော ကင်းတားလက်ဝဲမြောင်းမ ကြီးသည်၁၉၈၅-၁၉၈၆ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် တူးဖော်ဆောင်ရွက်ပေးခဲ့ပြီး ရေဖြန့်ဝေ ပေးရန် DY အလိုက် PC ၊ WC များ၊ Float များကို နိုင်ငံတော် အစိုးရက ပြုလုပ်ပေးခဲ့ပါကြောင်း၊ ကင်းတားလက်ဝဲမြောင်းမကြီးသည် ဝမ်းတွင်းမြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦး မြို့နယ် အတွင်းရှိ စိုက်ပျိုးမြေဧက ၇၀,၀၀၀ ကျော်ကို DY ၃၄ ခုဖြင့်လည်းကောင်း မိတ္တီလာ လွင်ပြင် စိမ်းလန်းစိုပြေရေးအတွက် မြစ်ရေတင်စနစ်ဖြင့် လျာထားဧက ၈၀၀၀ အနက် ၄၅၀၀ ဧကခန့် ကိုလည်းကောင်း ရေပေးဝေနေပြီး ယခုအခါ စီမံချက်ဖြင့် ခင်ဘန်းကွင်းတွင် ၇၀၀ ဧက, ဒိုင်ကောင်းကုန်း ကွင်းတွင် ၁၆၀၀ ဧက၊ ဘုရားဖြူကွင်းတွင် ၄၅၀ ဧက၊ ရွှေတောင်ကွင်းတွင် ၁၂၀၀ ဧက စုစုပေါင်း ၃၉၅၀ ဧကကို ဆိုလာစနစ်ရေတင်စီမံကိန်းဖြင့်လည်းကောင်း ထပ်မံပေးဝေနိုင်ရန် ဆောင်ရွက်နေသည်ကိုသိရှိရပါကြောင်း၊ ကင်းတားလက်ဝဲမြောင်းမကြီးသည် ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလတွင် မုန်တိုင်းသဘာဝဘေးအန္တရာယ်ကြောင့် စမုံရေငုပ်ပြိုပျက်စီးကာ DY ၈ အောက်ရှိ ရေသောက် DY များ သုံးစွဲခွင့် မရရှိခဲ့ပဲ ယခုအခါ ရေငုပ်ပြွန်ပြုပြင် ဆောင်ရွက်ပြီးစီးမှုကြောင့် ၁၅-၇-၂၀၂၆ ရက်မှစတင်ကာ တံတားဦး မြို့နယ်အထိ ရေဖြန့်ဝေနေပြီ ဖြစ်ကြောင်း ဆည်မြောင်းဦးစီး ဌာနက ပြုပြင်ထိန်းသိမ်း ခြင်းကို နှစ်စဉ်ဆောင်ရွက်နေသော်လည်း မြောင်းတိမ် ကောခြင်း၊ မိုးတွင်းကာလမြောင်းရေများပြား ချိန်တွင် မြောင်းဘောင်ရေလျှံ၍ ကျိုးပေါက်မှုများ ဖြစ်ပေါ်နေ၍ မြောင်းဘောင်မြှင့်တင်ရန် လိုအပ်နေပြီး ရေပေးဝေသည့်  DY ၃၄ ခု ရေသောက် စိုက်ဧကရှိ PC ၊ WCနှင့် ရေလွှတ်ဖော်အများအပြားသည် ပျက်စီးနေသည်ကို တွေ့မြင် သိရှိရပါ ကြောင်း၊

သို့ပါ၍ တူးဖော်ချိန်မှစ၍ နှစ် ၄၀ ခန့်ရှိလာပြီဖြစ်သည့် မြို့နယ် ၃ မြို့နယ်၏ တန်ဖိုး မဖြတ်နိုင်အောင် အသုံးဝင်လျက်ရှိသော ကင်းတားလက်ဝဲမြောင်းမကြီး၏ DY ၃၄ ခုရှိ ပျက်စီး နေသော PC ၊ WC ရေလွှတ်ဖော်များ ပြုပြင်ပေးရန်နှင့် DY ၃၄ ခု ရေသောက်ဧကများ၊ မိတ္ထီလာ လွင်ပြင်ရေသောက် လျာထားဧကများ ဆက်လက်ဆောင်ရွက်နေသည့် ဆိုလာစနစ်ရေတင်‌သောက် ဧကများ လုံလောက်စွာ ရေပေးဝေဖြန့်ဖြူးပေးနိုင်ရေးအတွက် ကင်းတာ လက်ဝဲ မြောင်းမကြီးအား အဆင့်မြှင့်တင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က

မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊

ကင်းတားရေလှောင်တမံသည်မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ်တွင်တည်ရှိပြီးအောက်ဘက်ရှိ ကင်းတားရေလွှဲဆည်မှတစ်ဆင့် လက်ယာမြောင်းမကြီး၊ လက်ဝဲမြောင်းမကြီး၊ ပန်းလောင် ရေသောက်စနစ်တို့တွင် လယ်မြေဧရိယာ ၁၅၁,၈၃၀ ဧကကို အကျိုးပြုလျက်ရှိပါကြောင်း၊ ကင်းတား လက်ယာမြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေသော လယ်မြေဧရိယာများသို့ မြို့ကြီး ရေလှောင်တမံမှ ရေကူဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့်ကင်းတားရေလှောင်တမံတွင်သိုလှောင်ရေပိုမိုလာသည့်အခြေအနေ

ဖြစ်ရာအဆိုပါပိုလျှံရေများအား ကင်းတား လက်ဝဲမြောင်း မှတစ်ဆင့် မိတ္ထီလာလွင်ပြင်နှင့် ဆက်စပ် ဧရိယာများသို့ပေးပို့၍ ရေပေးဝေနိုင်ရေး ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကင်းတားလက်ဝဲမြောင်းမကြီးသည် ၇၈.၈ မိုင်ရှည် လျားပြီး လက်တံမြောင်း ၃၄ ခုဖြင့် မြစ်သား၊ ဝမ်းတွင်း၊ ကျောက်ဆည်နှင့် တံတားဦး မြို့နယ်များ အတွင်းရှိစိုက်ပျိုးမြေဧရိယာ ၆၇,၅၄၀ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် တည်ဆောက်ထားရှိခဲ့ တာဖြစ်ပကြောင်း၊ ၎င်းဧရိယာများအား စိုက်ပျိုးရေ ပေးဝေရာတွင် ကင်းတားလက်ဝဲမြောင်းမ ကြီး၏ မူလရေသယ်ဆောင်နိုင်မှုမှာ ၁,၂၅၀ ကုဗပေ/ စက္ကန့် ဖြစ်ပါကြောင်း၊ 

နောင် တိုးချဲ့ရေပေးနိုင်မည့် မိတ္ထီလာလွင်ပြင်စိမ်းလန်းစိုပြည်ရေး ရေတင်စီမံကိန်းဧရိယာ အသစ် ၈,၄၅၀ ဧကနှင့် ကင်းတားလက်ဝဲမြောင်းမကြီး၏ လက်ဝဲဘက်ခြမ်းတွင် ဆိုလာရေတင်စနစ် ဖြင့် စိုက်ပျိုးရေပေးဝေရန် လျာထားသည့် စိုက်ပျိုးမြေဧရိယာအသစ် ၅,၁၀၀ ဧကခန့်ကို တိုးချဲ့ရေ ပေးဝေနိုင်မည်ဖြစ်၍ ကင်းတားလက်ဝဲမြောင်းမကြီးမှ စုစုပေါင်း စိုက်ပျိုးရေပေးဝေရမည့် ဧရိယာမှာ ၈၁,၀၀၀ ဧကကျော် ဖြစ်လာမည် ဖြစ်ပါကြောင်း၊၎င်းဧရိယာများအား စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ရန်အတွက် မြောင်းအတွင်း ယခင် ရေသယ်အား ၁,၂၅၀ ကုဗပေ/စက္ကန့်မှ ၁,၇၅၀, ကုဗပေ/ စက္ကန့်အထိ တိုးမြှင့်သယ်ဆောင်ရမည် ဖြစ်သဖြင့် ကင်းတားလက်ဝဲမြောင်းမကြီးအား အဆင့်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တူးမြောင်းမကြီး၏ လိုအပ်သော နေရာများ တွင် မြောင်းပေါင်မြှင့်တင်ခြင်း၊ လိုင်နင်စီခြင်း၊ မြောင်းအကွေ့နေရာများတွင် မြောင်းအားအလျောကာကွယ်ခြင်းနှင့်ဆက်စပ်ရေအားအဆောက်အအုံများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် ကင်းတားလက်ဝဲမြောင်းမကြီး၏ ရေသယ်နိုင်အား စမုံရေငုပ်ပြွန် အထက်ပိုင်းအထိ ၁,၄၀၀ ကုဗပေ/ စက္ကန့်အထိ သယ်ဆောင်နိုင်ရန် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကင်းတားလက်ဝဲမြောင်း၏ ပေတိုင်- ၁၃၄,၂၀၀ တွင် တည်ရှိသည့် စမုံမြစ်ဖြတ် ရေငုပ်ပြွန်သည် ၁၀ပေ အမြင့် ၆ပေ ၆ လက်မ အရွယ် အစား ၃ ပေါက်ပါရှိပြီး ၎င်း၏ရေသယ်အားမှာ ၁၂၅၀ ကုဗပေ/စက္ကန့်ဖြစ်ပါကြောင်း၊

၂ဝ၂၄ ခုနှစ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် အတွက်ကြောင့် ရေငုပ်ပြွန် အသစ်အား ၁,၇၅၀ ကုဗပေပါ စက္ကန့်အထိ သယ်ဆောင်နိုင်ရန် ၁၁ ပေ အကျယ် ၆ ပေ ၆ လက်မ အမြင့်အရွယ်အစား ၄ ပေါက်ဖြင့် အဆင့်မြှင့်တင်တည်ဆောက်ခဲ့ပြီးဖြစ်၍ မြစ်သား၊ ဝမ်းတွင်း၊ ကျောက်ဆည်နှင့် တံတားဦးမြို့နယ်များရှိ ၂၀၂၆-၂၀၂၇ မိုးစပါးလျာထားဧကများအတွက် စိုက်ပျိုး ရေပေးဝေလျက်ရှိပါ ကြောင်း၊ ထို့အပြင် ကင်းတားလက်ဝဲမြောင်းမကြီးမှတစ်ဆင့် နောင်တိုးရန် လျာထားသည့် စိုက်ပျိုးမြေဧရိယာအသစ်များအတွက် ရေရရှိရေးလုပ်ငန်းများကို နှစ်အလိုက် ဦးစား ပေးအစီအစဉ်ဖြင့် အဆင့်မြှင့်တင်ပြုပြင်ရန် ကြိုတင်တွက်ဆလျာထားလျက်ရှိပါကြောင်း၊ တည်ဆောက်ပြီး စမုံရေငုပ်ပြွန်အသစ်နှင့် ကင်းတား လက်ဝဲမြောင်းမကြီးအတွင်း စိုက်ပျိုးရေ ပေးဝေနေမှု မှတ်တမ်းဓာတ်ပုံများအားတင်ပြ အပ်ပါကြောင်း၊ ထို့အပြင် ကင်းတားရေလှောင်တမံမှ သိုလှောင်ရေများကို ကင်းတားလက်ဝဲမြောင်းမ ကြီးမှတစ်ဆင့် မိတ္ထီလာဒေသ၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များအတွင်းရှိ လယ်ယာမြေများ စိုက်ပျိုးရေ ရရှိရေးအတွက် ရေတင်စီမံကိန်းများကို နှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိရာတွင် မိတ္ထီလာလွင်ပြင် ရေတင် စီမံကိန်းမှ အကျိုးပြု နိုင်မည့် ဧရိယာ စုစုပေါင်း ၈,၀၀၀ အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၅,၀၀၀ ဧက ဆောင်ရွက် ပြီးစီးခဲ့ကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၁,၀၀၀ ဧက ကို ဆက်လက် ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ တိုးချဲ့ရေတင်စီမံကိန်း ၄ ခု ဖြစ်သည့် ခင်ဘန်း၊ ဒိုင်ကောင်းကုန်း၊ ဘုရားဖြူနှင့် ရွှေတောင် ရေတင်စီမံကိန်းများမှလည်း အကျိုးပြုဧရိယာ ၃,၉၅၀ဧက ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဆက်လက်၍ ၂၀၂၇ -၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာလွင်ပြင် ရေတင်စီမံကိန်းမှ ကျန်ရှိသည့် ဧက ၂,၀၀၀ အတွက် လျာထားဆောင်ရွက်ရမည် ဖြစ်သည့်အပြင် တိုးချဲ့ရေတင် စီမံကိန်း များဖြစ်သည့် ဘုရားစု၊ ညောင်ပင်လှ၊ ရွာရှည်၊ လွင်ပြင်(တိုးချဲ့) ရေတင်စီမံကိန်းများမှ ၁၈,၇၃၅ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် နှစ်အလိုက် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မိတ္တီလာခရိုင်အတွင်းတွင် ဆောင်ရွက်ရန် ရေတင်စီမံကိန်း တည်နေရာပြမြေပုံများ နှင့် မိတ္ထီလာလွင်ပြင် ရေတင် စီမံကိန်း၏ ရေတင်စက်ရုံများမှ ဆောင်ရွက်သည့် မှတ်တမ်းဓာတ်ပုံ များ ဖြစ်ပါကြောင်း၊ 

သို့ဖြစ်ပါ၍ ဝမ်းတွင်းမြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်အတွင်းရှိ လက်ရှိစိုက်ပျိုး မြေဧရိယာများအပြင် တိုးချဲ့ရေပေးဝေနိုင်မည့် စိုက်ပျိုးမြေဧရိယာများ အတွက်ပါ လုံလောက်သော ရေပေးဝေဖြန့်ဖြူးနိုင်ရန် ကင်းတားလက်ဝဲမြောင်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကာလတို၊ ကာလရှည်စီမံချက်များရေးဆွဲ၍ လုပ်ငန်းအလိုက် ခန့်မှန်းကုန်ကျငွေများ တွက်ချက်ပြီး ဦးစားပေး အစီအစဉ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်ထောင်စုရန်ပုံငွေတွင် နှစ်အလိုက်လျာထား တင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။