နောက်ဆုံးရသတင်းများ
MY EN

(ဆ)- ဦးခင်မောင်မြင့်၊ (တိုက်ကြီးမဲဆန္ဒနယ်)

2026-07-30
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ဆ)- ဦးခင်မောင်မြင့်၊ (တိုက်ကြီးမဲဆန္ဒနယ်)

တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံ-မြိုင်ဟေဝန်လမ်းမကြီး၏ ကျန်လမ်းပိုင်း ၁၀/၃ မိုင်ကို ကွန်ကရစ် လမ်းခင်းပေးပါရန်နှင့် ခင်းပြီး ၂/၁ မိုင်အား ချဲ့ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

          တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံ-မြိုင်ဟေဝန်လမ်းမကြီးသည် ရန်ကုန်-ပြည်ကားလမ်းမှ မြိုင်ဟေဝန် ဆင်စခန်းထိ ၁၂ မိုင်၊ ၄ ဖာလုံအရှည်ရှိသော လမ်းမကြီးဖြစ်ပြီး ၁၂ ပေအကျယ် ၉ လက်မထု ကွန်ကရစ်လမ်းအား ၂ မိုင်၊ ၁ ဖာလုံသာခင်းပြီးဖြစ်ပါကြောင်း၊ ဖလုံမှ မြိုင်ဟေဝန်ဆင် စခန်းထိ လူဦးရေများပြား သောကျေးရွာများကို ဖြတ်သန်းရခြင်း၊ ပုဂ္ဂလိကပိုင်နှစ်ရှည်သစ်တော စိုက်ခင်းများရှိခြင်း၊ ဌာနပိုင် ဆင်များထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများရှိခြင်း၊ အ-ထ-က ကျောင်း တစ်ကျောင်း၊ အ-ထ-က (ခွဲ)ကျောင်းတစ်ကျောင်း၊ အ-လ-က(ခွဲ)ကျောင်းတစ်ကျောင်း၊ မူလွန်ကျောင်းတစ်ကျောင်းနှင့်           အ-မ-က ၁၂ ကျောင်းရှိသည့်အတွက် ယာဉ်ကြီး၊ ယာဉ်ငယ်၊ ထော်လာဂျီ၊ သုံးဘီး၊ မော်တော် ဆိုင်ကယ်နှင့် စက်ဘီးများသွားလာမှုအလွန်များပြားသောလမ်း ဖြစ်သောကြောင့် လမ်းကျဉ်းသောကြောင့် ယာဉ်အန္တရာယ်အလွန်များပြား လျက်ရှိပြီး ယာဉ်မတော် တဆမှုများလည်း မကြာခဏဖြစ်ပွားလျက် ရှိပါကြောင်း။

          ကျန် လမ်းအပိုင်း ၁၀ မိုင်၊ ၃ ဖာလုံအား ၁၆ ပေအကျယ် ၉ လက်မထု ကွန်ကရစ်လမ်းခင်း ပေးရန်နှင့် ကွန်ကရစ်ခင်းပြီး ၂ မိုင်၊ ၁ ဖာလုံ၊ ၁၂ ပေအကျယ်လမ်းအား ၁၆ ပေအကျယ် ဖြစ်စေ ရန်အတွက်  တစ်ဖက် ၂ ပေစီ တိုးချဲ့ပေးရန် အစီအစဉ် ရှိ မရှိ သိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

ဖလုံ-မြိုင်ဟေဝန်လမ်းသည် ရန်ကုန်-ပြည်လမ်းမှစတင်ပြီးခရိုင်ချင်းဆက်လမ်း အမှတ်(၁)ကို ဖြတ်သန်းကာ ဖလုံမြိုင်ဟေဝန် ဆင်စခန်းကိုဆက်သွယ်ထားသော လမ်းအရှည် ၁၂ မိုင် ၄ ဖာလုံရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း ၊ လက်ရှိလမ်းအခြေအနေမှာ ၁၂ ကြောင်း၊ ပေအကျယ် ကွန်ကရစ်လမ်း ၂ မိုင် ၁ ဖာလုံ၊ ကွန်ကရစ်ဘီးလမ်း ၅ မိုင် ၂ ဖာလုံ၊ မြေလမ်း ၅ မိုင် ၁ ဖာလုံရှိပြီး စုစုပေါင်း ၁၂ မိုင် ၄ ဖာလုံခန့် ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လမ်းမိုင်ပေါင်း ၉၆၀ မိုင် ၂ ဖာလုံခန့်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်(AC) လမ်း ၁၃၁ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၅၀၀ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၂၂၀ မိုင် ၁ ဖာလုံ၊ ကျောက်ခင်းလမ်း ၄၄ မိုင်၊ အမာခံလမ်း ၃ မိုင်ခန့်နှင့် မြေသားလမ်း ၆၁ မိုင်ဖြစ်ပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အဆိုပါ လမ်းပေါ်တွင် အရှည် ၂၀ ပေ သံကူကွန်ကရစ် တံတား ၁ စင်း တည်ဆောက်ရန်လျာထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါလမ်းနှင့်စပ်လျဉ်း၍ ပထမအဆင့်အနေဖြင့် မြေသားလမ်း ၅ မိုင်၊   ၁ ဖာလုံ အနက် ၁ မိုင်၊ ၁ ဖာလုံအား ကျောက်ခင်းလမ်းအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏           ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသောလမ်းပိုင်းများအား နှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

အဆိုပါလမ်းပိုင်းမှ ကွန်ကရစ်ဘီးလမ်း ၅ မိုင်၊ ၂ ဖာလုံအနက် ၄ ဖာလုံအား ကွန်ကရစ်လမ်း အဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိလမ်းပိုင်းများအား နှစ်အလိုက်ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။

ဆက်လက်၍ လက်ရှိ ၁၂ ပေ အကျယ် ကွန်ကရစ်လမ်း ၂ မိုင်၊ ၁ ဖာလုံ အား ၁၆ ပေအထိတိုးချဲ့ရန် အစီအစဉ်ရှိ မရှိနှင့်စပ်လျဉ်း၍ မြေသားလမ်းမှ ကျောက်လမ်းအဆင့်နှင့် ကျောက်လမ်းအဆင့်မှ ကွန်ကရစ်လမ်းအဆင့်သို့မြှင့်တင်ရန် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါသဖြင့် ကွန်ကရစ်လမ်းအကျယ် ချဲ့ခြင်းလုပ်ငန်းကို လတ်တလောတွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့်ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။