နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဈ)- ဦးသက်နိုင်ဦး(ဘားအံမဲဆန္ဒနယ်)

2026-07-30
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ဈ)- ဦးသက်နိုင်ဦး(ဘားအံမဲဆန္ဒနယ်)

အစိုးရအငှားအိမ်ရာများ တည်ဆောက်ပေးရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

တိုင်းပြည်၏ အခက်အခဲနှင့် ပြည်သူများ၏ ဘဝအကျပ်အတည်း၊ အခြေအနေများကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁.၄ သန်း၊ မြို့ပေါ်နေ ၃၁ ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် ၁၅.၇ သန်း၊ ကျေးလက်နေ ၆၉ ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် ၃၅.၇ သန်းရှိပါကြောင်း၊ မြို့ပေါ်နေပြည်သူများ၏ ၂၃ ရာခိုင်နှုန်းသည် အိုးပိုင် အိမ်ပိုင်မရှိ ငှားရမ်းနေထိုင်ကြပြီး လူဦးရေအားဖြင့် ၃.၆၁၁ သန်း၊ အိမ်ထောင်စု ၉၅၀,၀၀၀ ကျော်ဖြစ်ပါကြောင်း၊ ကျေးလက်နေ ၄ ရာခိုင်နှုန်းသည် အိုးပိုင်အိမ်ပိုင်မရှိ ငှားရမ်းနေထိုင်ကြပြီး လူဦးရေအားဖြင့် ၁.၄၂၈ သန်း၊ အိမ်ထောင်စု ၃၇၀,၀၀၀ ကျော်ဖြစ်ပါကြောင်း၊ အချုပ်ပြောရလျှင် ပြည်သူ ၅ သန်းကျော်၊ နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် အိုးပိုင်အိမ်ပိုင်မရှိဘဲ ငှားရမ်းနေထိုင် ကြရပါကြောင်း။

ကမ္ဘာ့ဘဏ်၏ International Poverty Line သတ်မှတ်ချက်အရ PPP 3 ဒေါ်လာထက် နည်းရင် Extreme Poverty ဖြစ်ပါကြောင်း၊ အလွန်အမင်း ဆင်းရဲမွဲတေမှုအခြေအနေဟု သတ်မှတ် ပါကြောင်း၊ PPP-3 ဒေါ်လာဆိုသည်မှာ တစ်နေ့ဝင်ငွေ ၃ ဒေါ်လာ ရရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ GDP per Capita လည်းမဟုတ်ပါကြောင်း၊ Purchasing Power Parity ဖြစ်ပါကြောင်း၊ လူတစ်ဦး၏ နေ့စဉ်ဘဝ လိုအပ်ချက်တွေအတွက် အမြင့်ဆုံးသုံးစွဲနိုင်သည့် ငွေပမာဏဖြစ်ပါကြောင်း၊ National အနေဖြင့် စဉ်းစားလျှင် ဥပမာအားဖြင့် လစာ ၃ သိန်းရသူတစ်ယောက်၏ အမြင့်ဆုံးတစ်နေ့တာသုံးနိုင် သည့် PPP သည် ၁၀,၀၀၀ ကျပ်ဖြစ်ပြီး ငွေ ၁၀,၀၀၀ ကျပ်နှင့် စားရေး၊ နေရေး၊ ဝတ်ရေး၊ ပညာရေး၊ ကျန်းမာရေးများကို မည်သို့သုံးစွဲမည်လဲကို သုံးသပ်ခြင်းဖြစ်ပါကြောင်း၊ အဆင်ပြေလျှင်တောင်မှ ထိုဟာသည် (Extreme Poverty)အလွန်အမင်းဆင်းရဲမွဲတေသည့် အခြေအနေသာ ရှိသေးပါကြောင်း၊ အဆင်မပြေလျှင် မည်သည့်အခြေအနေကိုရောက်သွားမည်ကို ဆက်လက်တွေးကြရန်ဖြစ်ပါကြောင်း။

United Nations Sustainable Development Goals 2030 မျှော်မှန်းချက်နှင့် နိုင်ငံတော် အစိုးရများသည် ပြည်သူများ၏ လူနေမှုစီးပွားဘဝများ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်အတွက် ဆောင်ရွက်ရာတွင် ပြည်သူများ၏ နေ့စဉ်ဝန်ထုပ်ဝန်ပိုးများတွင် မည်သည့်အချက်ကို လျှော့ချ ပေးနိုင်မည်လဲဆိုသည်ကို သုံးသပ်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် လက်တွေ့အကျဆုံး နည်းလမ်းဖြစ်ပါကြောင်း၊ အထက်ကဖော်ပြခဲ့သည့် ပြည်သူ ၅ သန်းကျော်၊ အိမ်ထောင်စုပေါင်း ၁၃ သိန်းကျော်၏ စားဝတ်နေရေးထဲမှ နေရေးကိစ္စအပေါ် နိုင်ငံတော်အနေဖြင့် သုံးချိုးနှစ်ချိုးလောက် လျှော့ချပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် ပိုလျှံလာသည့် ငွေများသည် ပြည်သူများ၏ အခြားအရေးကိစ္စများတွင် သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အငှားအိမ်ရာစနစ် များကို တည်ဆောက် အကောင်အထည်ဖော်ရန်ဖြစ်ပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ရာတွင် အိမ်ခြံမြေဈေးကွက်အပေါ် တိုက်ရိုက်ထိန်းကျောင်းနိုင်သည့်၊ ကောင်တာထိန်းကျောင်းနိုင်သည့် အခြေအနေရရှိမည်ဖြစ်ပါကြောင်း၊ ယခုလို တိုင်းပြည်၏ အခြေအနေ၊ ယာယီနေရပ်စွန့်ခွာများ၊ အိုးပျက်အိမ်ပျက်များ ရှိနေသည့် အခြေအနေတွင်လည်း ထိုကိစ္စသည် ဆောင်ရွက်သင့်သည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသအသီးသီးဆီ အိုးပိုင်အိမ်ပိုင်မရှိသော ချို့တဲ့နွမ်းပါးသူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ငှားရမ်းနေထိုင်ရေး အစိုးရအငှားအိမ်ရာများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြို့ပြနေပြည်သူများအတွက် သင့်လျော်ကောင်းမွန် သော အိမ်ရာများကို ဆောက်လုပ်ဖြည့်ဆည်းပေးရန် ရည်မှန်းချက်ထားရှိ၍ ဝင်ငွေနည်းပြည်သူများ အတွက် ပြည်သူ့အငှားအိမ်ရာများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူနေထူထပ်၍ အိမ်ရာ လိုအပ်ချက်များပြားသော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ပြည်ထောင်စုဝန်ကြီးဌာန အစီအမံဖြင့် ပြည်သူများ သက်သာသော ငှားရမ်းခနှုန်းထားဖြင့် နေထိုင်ရန် ပြည်သူ့အငှားအိမ်ရာ စီမံကိန်း အခန်းပေါင်း ၅,၃၁၆ ခန်းကို ၂၀၂၁ မှ ၂၀၂၆ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နောက်ထပ် ၆၂၄ ခန်းကိုလည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့်လည်း မိမိတို့ဒေသ တွင်းရှိ မြို့ကြီးများတွင် ပြည်သူ့အငှားအိမ်ရာများကို မြေနေရာရရှိမှုနှင့် နှစ်စဉ်ဘဏ္ဍာငွေလျာထား ပေးနိုင်မှုအရ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ ၃,၅၆၂ ခန်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၌လည်း ကရင်ပြည် နယ်တွင် ၂၄ ခန်းနှင့် ရှမ်းပြည်နယ်တွင် ၃၆ ခန်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်ရာ ငှားရမ်းနေထိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များထံ လျှောက်ထားရမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် အငှားအိမ်ရာများကို အိမ်ရာလိုအပ်ချက်များပြားသည့် ဒေသများတွင် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ပြည်သူ့အငှားအိမ်ရာများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်လည်း ဒေသခံပြည်သူများ၏ အိမ်ရာလိုအပ်ချက်စစ်တမ်းများကောက်ယူ၍ လိုအပ်ချက်ရှိသော ဒေသများတွင် မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေခွဲဝေလျာထားပေးမှုအပေါ်မူတည်၍ ပြည်သူ့အငှားအိမ်ရာများကို ထပ်မံဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှပေးပို့သော သတင်းအချက်အလက်များနှင့် ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ ပါသည်။