(ည) ဦးယောအေးလှ(နန်းယွန်းမဲဆန္ဒနယ်)
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆင်သေ(ခန္တီး)-လဟယ်-နန်းယွန်း NH- ၄၈ လမ်းပိုင်းမှ လဟယ်-နန်းယွန်းကြား အလွန်မတ်စောက်သည့် လမ်းကွေ့နေရာများအား ပြုပြင်ရန်ကျွမ်းကျင်ကွင်းဆင်း အဖွဲ့စေလွှတ်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
နန်းယွန်းမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာရှိပြီးတော့ ရပ်ကွက်၊ ကျေးရွာ စုစုပေါင်း ၆၈ စု၊ လူဦးရေ ၆၀,၀၀၀ နီးပါးနှင့် မြန်မာနိုင်ငံ မြောက်ဘက်၊ အိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့နယ်ပြင်ပနှင့် ချိတ်ဆက်ထားတဲ့အဓိကလမ်းမကြီးနှစ်ခု ရှိပါပြီး နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင်-လေဒိုလမ်း National Highway ၄၉ ဖြစ်ပြီးတော့ ၎င်းလမ်းကို ပြည်ထောင်စုကနေ ဆောင်ရွက်တာဖြစ်ပါကြောင်း၊ အခြားတစ်လမ်းကတော့ ဆင်သေ-လဟယ်-နန်းယွန်းလမ်း National Highway-၄၈ ဖြစ်ပြီး ဒီလမ်း ကိုတော့ တိုင်းဒေသကြီးအစိုးရက စီမံတဲ့လမ်းပဲဖြစ်ကာ ဒီလမ်းနှစ်လမ်းဟာ မြို့နယ်ရဲ့အလုံးစုံ သွားလာဆက်သွယ်ရေးအတွက် အထူးအရေးပါတဲ့လမ်းပိုင်းတွေပဲ ဖြစ်ပါကြောင်း၊ ဆင်သေ-လဟယ်- နန်းယွန်းလမ်းကို ၂၀၁၁ ခုနှစ်ကစတင်ပြီးတော့ အမှတ်(၉၀၉)စစ်အင်ဂျင်နီယာတပ်က တာဝန်ယူ ဖောက်လုပ်ပေးခဲ့ပါကြောင်း ၊ ၂၀၁၇ ခုနှစ်မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပြီးတော့ လမ်းအထူးအဖွဲ့ ၁၉ မှ တာဝန်ယူဆောင်ရွက်ခဲ့ကာ လမ်းအဆင့်အမျိုးအစားကတော့ ကျောက်လမ်း အမျိုးအစားဖြစ်ပြီး လမ်းမိုင် ၁၀၄ မိုင်ရှိပါကြောင်း ၊ ကာလအတန်ကြာ ဖွံ့ဖြိုးမှုတွေအလွန်နောက်ကျ ခဲ့တဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ အမှတ်(၉၀၉)စစ်အင်ဂျင်နီယာတပ်တို့အတွက် ဒေသခံပြည်သူများ ကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါကြောင်း။
လဟယ်-နန်းယွန်းလမ်းမကြီးသည် ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အစိုးရလုပ်ငန်းကိစ္စအဝဝဆောင်ရွက်ရန်အတွက် အထူးအကျိုးပြုပေးတဲ့လမ်းပိုင်း ဖြစ်တာဖြစ်တဲ့အတွက် ကောင်းမွန်စွာအဆင့်မြှင့်တည်ဆောက်ပေးရန် လိုအပ်ပါကြောင်း၊ ပုံမှန်သွားလာ မှုများရှိသော်လည်း ဆိုင်ကယ်ဖြင့်သာသွားလာမှုများပြီးတော့ လမ်း အလွန်မတ်စောက်ခြင်းတွေကြောင့် မော်တော်ကားသွားလာရန် ကုန်ကျစရိတ်များပြားခြင်းနှင့် ကားအန္တရာယ်များရှိနေပြီး အတက်၊ အဆင်း မတ်စောက်ပြီးတော့ ခက်ခဲတဲ့နေရာများကို ကွန်ကရစ်လမ်းခင်းမည်ဆိုလျှင်လည်းပဲ ယာဉ်သွား၊ယာဉ်လာ တွေအတွက် အလွန်အန္တရာယ်ရှိနိုင်ပါကြောင်း၊ အမာခံလမ်းတွေမဆောင်ရွက်မီ ကျွမ်းကျင် ပညာရှင်များ စေလွှတ်ပြီးတော့ လမ်းကြောင်းဖောက်လုပ်ခြင်း၊ လွှဲချခြင်း၊ လမ်းတာချဲ့ခြင်း လိုအပ်သလိုဆောင်ရွက် သင့်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်အလေအလွင့်မရှိ လုပ်ငန်းထိရောက်ပြီး ကောင်းမွန်ခိုင်ခံ့စွာ ပြုပြင်တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်ပညာရှင်အဖွဲ့စေလွှတ်ပြီး တိုင်းတာပုံထုတ်၍ ယခုအစိုးရသက်တမ်း ၅ နှစ်အတွင်း အဆင့်လိုက်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
လဟယ်-ရောင်ကွန်-ဒုံဟီး-နန်းယွန်းလမ်းဖြစ်ပြီးတော့ မိုင်တိုင် ၀/၀ မှ ၁၀၄/၁ အထိ ၁၀၄ မိုင်၊ ၁ ဖာလုံရှည်လျားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ယခင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာတွင်လက်ရှိလမ်းအခြေအနေမှာ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ၂ မိုင်၊ ၃ ဖာလုံ၊ ၁၄ ပေအကျယ်ကျောက်လမ်း ၉၈ မိုင်၊ ၄ ဖာလုံနှင့် ၃၄ ပေအကျယ် မြေလမ်း ၃ မိုင်၊ ၂ ဖာလုံ စုစုပေါင်း ၁၀၄ မိုင်၊ ၁ ဖာလုံရှိပါကြောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းမိုင်ပေါင်း ၅,၁၅၁ မိုင်၊ ၆ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း၁၄၆ မိုင်၊ ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ၄၁၇ မိုင်၊ ၃ ဖာလုံနဲ့ ကတ္တရာလမ်း ၁,၇၁၂ မိုင်၊ ၂ ဖာလုံ၊ ကျောက်လမ်း ၈၆၀ မိုင်၊ ၃ ဖာလုံ၊ အမာခံလမ်း ၆၉၉ မိုင်နဲ့ မြေလမ်း ၁,၃၁၆ မိုင်၊ ၅ ဖာလုံတို့ရှိပါကြောင်း။
လဟယ်-ရောင်ကွန်-ဒုံဟီး-နန်းယွန်းလမ်းပိုင်းတွင် မူလလမ်းအူကြောင်းရှိ အတက်၊ အဆင်းအလွန်မတ်စောက်သည့် လမ်းကွေ့များဖြစ်သော Point 1 မှ Point 9 ထိ စုစုပေါင်း ၉ နေရာ အား လမ်းလွှဲဖောက်လုပ်ခြင်း၊ လမ်းချဲ့ခြင်းနှင့် Grade ချခြင်းကို လိုအပ်သလိုဆောင်ရွက်နိုင်ရန် လမ်းဦးစီးဌာနမှ ကျွမ်းကျင်သောအင်ဂျင်နီယာများဖြင့် ကွင်းဆင်းတိုင်းတာပြီး စေလွှတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။