ဦးစောမောင်(ဆားလင်းကြီးမဲဆန္ဒနယ်)
ပယ်ဖျက်ခဲ့သော ဥပဒေ ၅ချက်ကို မူလဥပဒေများအတိုင်း ပြန်လည်အတည်ပြုပေးရန်နှင့် မူးယစ် ဆေးများပပျောက်သွားရန် မူလအတိုင်းပြင်းထန်စွာအရေးယူခြင်းဥပဒေအား ပြန်လည်ပြဋ္ဌာန်း ပေး ရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိမေးမြန်းလိုသည့် အကြောင်းအရာမှာ မြန်မာဆိုရိုးစကားရှိ “အငှားကကြာလျှင် ကိုယ့် ဟာ မှတ်၊အမှား ကြာလျှင် အမှန်မှတ်” စကားအတိုင်း ၂၀၁၅ မှ ၂၀၂၀ ပြည့်နှစ်အထိ NLD အစိုးရ ခေတ်က နိုင်ငံ ပျက်စီးစေရန်ရည်ရွယ်ချက်ရှိရှိ အောက်ဖော်ပြပါဥပဒေများအား ပယ်ဖျက်ခဲ့ ပါကြောင်း၊၎င်းတို့မှာ -
(၁) နိုင်ငံတော်ကိုနှောင့်ယှက်ဖျက်ဆီးလိုသူများဘေးမှ ကာကွယ်စောင့်ရှောက် လိုသူ များဥပဒေ၊
(၂) အရေးပေါ်စီမံခန့်ခွဲမှု အက်ဥပဒေ၊
(၃) ဧည့်စာရင်းတိုင်ကြားမှုဥပဒေ၊
(၄) နောက်ယောင်ခံသည့်ဥပဒေနှင့်
(၅) မူးယစ်ဆေးဝါးများစိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေကို မူလကပြင်းထန်စွာ အရေးယူခြင်းမှပယ်ဖျက်ပြီး လိုအပ်သလိုဆောင်ရွက်သွားကြခြင်းစသည့် မေးခွန်းများကိုမေးမြန်း လိုပါကြောင်း၊
အမြော်အမြင်ကြီးပွား ကြသော နိုင်ငံ့ခေါင်းဆောင်များက အိမ်နီးချင်း၊ အင်အားကြီး နိုင်ငံများဖြစ်သော အရှေ့ဘက်တွင် တရုတ်၊ အနောက်ဘက်မှာအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ဘေးမှ ကာကွယ်ရန် ဤဥပဒေများကို ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေမှာရေးဆွဲဖော်ပြကျင့်သုံးခြင်းအား၂၀၁၅ မှ ၂၀၂၀ ပြည့်နှစ် NLD အစိုးရခေတ်မှာ လုံခြုံရေးပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လွှတ်တော်တွင်တင်၍ အဆိုပြုခြင်းအား တပ်မတော်သား ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက အထောက်အထား ခိုင်ခိုင်မာမာ ကန့်ကွက်ခဲ့ကြ သော်လည်း “အများညီ၍ ဤကိုကျွဲဖတ်သည်”ဆိုသကဲ့သို့ ဆင်ခြင် တုန်မဲ့ ကိုယ်စားလှယ်များအားကိုးဖြင့် မဲခွဲကာ အနိုင်ယူ ခဲ့ပြီး အထက်ဖော်ပြပါ ဥပဒေများကို ပယ်ဖျက်ခဲ့ပါကြောင်း၊
(၁) ၂၀၁၆ခုနှစ်၊ မေလ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၇ နှင့် နိုင်ငံတော်ကိုနှောင့်ယှက်ဖျက်ဆီးလိုသူများဘေးမှကာကွယ်စောင့်ရှောက်သူများ ဥပဒေကို ပယ်ဖျက်ခဲ့ပါကြောင်း၊
(၂) ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်ကပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၉ နှင့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းပါကြောင်း၊ ရပ်ကွက် သို့မဟုတ် အုပ်ချုပ်ရေးဥပဒေအမှတ် အခန်း (၉) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ တာဝန်ဝတ္တရားများအား တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊
(၃) ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် ဥပဒေအမှတ် ၄၁/၂၆ ဖြင့်ဧည့်စာရင်းတိုင်ကြားမှု ဥပဒေကို ပယ်ဖျက်ခဲ့ပါကြောင်း၊
(၄) ၂၀၁၇ခုနှစ်၊ မတ်လ ၈ ရက် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေးဥပဒေ နိုင်၊ လွတ်၊ လုံကို တားမြစ်ချက်များဖြင့် နောက်ယောင်ခံခြင်းအား ၈-၃-၂၀၁၉ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော် အမှတ် ၅၊ အခန်း(၃)ဖြင့် ပယ်ဖျက်ခဲ့ပါကြောင်း၊
အဆိုပါလုံခြုံရေးများကိုပယ်ဖျက်ခဲ့သည့်အတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး ယန္တရားများ အနှောင့်အယှက်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဤဥပဒေပယ် ဖျက်ဆီးခဲ့ခြင်းခံရ သောကြောင့် “သာလာယံ ဇရက်သဖွယ်” ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်ဖြင့် ယနေ့ တွေ့ကြုံနေရသော အကြမ်းဖက်လုပ်ရပ်များက သက်သေသာဓကဖြစ်ပါကြောင်း၊ နိုင်ငံခြားသား များ မကျူးကျော်မီ ပြည်တွင်းအဖျက်သမားများက ထင်တိုင်းကြဲနေကြပါကြောင်း၊ ရဟန်းရှင်၊ လူ၊ ပြည်သူအပေါင်း ငါနှင့်မတူငါ့ရန်သူဟုသတ်မှတ် သတ်ဖြတ်ခံရသူများ သောင်းဂဏန်း ကျော်နေပြီဖြစ်ပါကြောင်း၊
နိုင်ငံကိုဖျက်ဆီးမည့်ဥပဒေပုဒ်မများဖြစ်သည်ကိုသိလျက်နှင့် မပယ်ဖျက်သေးပါက ဥပဒေကို အမှီပြု၍ဖျက်ဆီးမည့် ပုဂ္ဂိုလ်များ အန္တရာယ်လည်းရှိနေပါကြောင်း၊ တိုင်းပြည်ကို ကာကွယ်ရန်မှာနိုင်ငံသား၏တာဝန်ဖြစ်ပါကြောင်း၊ စိတ်ကိုပြောင်းလဲစေတတ်သောမူးယစ် ဆေး ဝါး ဥပဒေကို မူလက ပြင်းထန်စွာအပြစ်ပေးခြင်းကို ရုပ်သိမ်း၍ နောင်မသုံးစွဲရန် လူမှုရေး ပြစ်ဒဏ်နှင့် ခံဝန်ကတိဖြင့် အစားထိုးအတည်ပြုခြင်းကြောင့် ဥပဒေကို မလေးစားတော့ပဲ နိုင်ငံ အနှံ့ မြို့ရော တောပါမကျန် မူးယစ်ဆေးကိုသုံးစွဲလာကြပါကြောင်း၊
၂၁-၆-၂၀၁၆ ရက်က အောင်လံမြို့မှ ဖမ်းမိသည့် မူးယစ်ဆေးတန်ဖိုး ၁၀ ဘီလီယံကျော်၊ မန္တလေးမြို့၊ အောင်မြေသာစံ ဖမ်းမိခဲ့သည့် မူးယစ်ဆေး ၁.၆၅ ဘီလီယံ သက်သေ များဖြစ်ပါ ကြောင်း၊ ဖမ်းမိတာသိရသော်လည်း မဖမ်းမိဘဲ လွတ်မြောက်သည့် မူးယစ်ဆေးမည်မျှရှိ သည် ကိုမသိရပါကြောင်း၊ ဖမ်းမိလျှင်လည်း လူမှုရေးပြစ်ဒဏ်ကို ဂရုမစိုက်ကြတော့ပါ။ သို့ပါ၍ ဥပဒေကို အလေးအနက်မကြည့်ဘဲ လူမှုရေးပြစ်ဒဏ်နှင့် ခံဝန်လုပ်ခြင်းကို မျှော်ကိုးလျက် ပြစ်မှု ကျူးလွန်သူများ လေးစားလိုက်နာပြီး မူလဥပဒေများအတိုင်း ပြန်လည်အတည်ပြုပေးရန်နှင့် နိုင်ငံနှင့်လူမျိုးဘာသာ/သာသနာကို ကာကွယ်စောင့်ရှောက်ရန် အထက်ဖော်ပြပါ ဥပဒေများ ပါထပ်မံ၍ မူလအတိုင်း ပြင်းထန်စွာ အရေးယူခြင်းဥပဒေအား ပြန်လည်ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသေးသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့် ရှောက် သည့် ဥပဒေဟာ ၅-၂-၁၉၇၅ ရက်တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်း ခဲ့ပြီး ၂၆-၅-၂၀၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၇ ဖြင့် အဆိုပါဥပဒေကို ရုပ်သိမ်း ခဲ့ပါကြောင်း၊
နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ၊ ထိခိုက်စေသော ပြုလုပ်မှုများကိုကျုးလွန်ပါက ရာဇသတ်ကြီး ဥပဒေ အခန်း(၆)ပါ နိုင်ငံတော်ကိုဆန့်ကျင်ကျူးလွန်သော ပြစ်မှုများ အခန်း၏ ပုဒ်မ ၁၂၂ မှ ပုဒ်မ ၁၃၀ ထိ ပါရှိသော ပုဒ်မများအရလည်းကောင်း၊ ရာဇသတ်ကြီး ၅ဝ၅(က)နှင့် ၅ဝ၅-ကအရ လည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေတို့အရလည်းကောင်း အရေးယူ ဆောင် ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတည်ဆဲဥပဒေများသည် ခေတ်ကာလ အခြေအနေ နှင့် ကိုက်ညီလျော်ညီမှုရှိခြင်း၊ ပြစ်မှုကျူးလွန်သူများကို ထိရောက်ဟန့်တားလောက်နိုင်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ခြင်းတို့ကြောင့် ပြည့်စုံလုံလောက်မှုရှိသည့်အတွက် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြန်လည် ပြဋ္ဌာန်းရန်လိုအပ်မှုမရှိသေးပါကြောင်း ၊
၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေသည် ၁၉၅၀ ပြည့်နှစ် အက်ဥပဒေ အမှတ် ၁၇ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၄-၁၀-၂၀၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၃၉ ဖြင့် အရေးပေါ် စီမံခန့်ခွဲမှုအက်ဥပဒေကိုရုပ်သိမ်းခဲ့ပါကြောင်း၊ အရေးပေါ်စီမံမှု အက်ဥပဒေတွင် ပါဝင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျုးလွန်မှုများ၊ တပ်မတော်၊ အစိုးရဝန်ထမ်း များက နိုင်ငံတော်အစိုးရအပေါ် မေတ္တာပျက်စေရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့ရန်ပြု လုပ်မှု များ၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်ကြံရွယ်ပြီးပြုလုပ်မှုများ၊ ပြည်ထောင်စု၏ လုံခြုံ ရေးနှင့်ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် အကြောင်းရှိသော ပြုလုပ်မှု များအတွက် ရာဇသတ်ကြီး ဥပဒေအခန်း(၆)ပါ နိုင်ငံတော်ကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများ အခန်း၏ ပုဒ်မ ၁၂၂ မှ ပုဒ်မ ၁၃၀ ထိပါရှိသော ပုဒ်မများအရ လည်းကောင်း၊ ရာဇသတ်ကြီး ၅၀၅(က)နှင့် ၅၀၅-က အရ လည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့် ဆိုက်ဘာလုံခြုံရေး ဥပဒေ တို့အရလည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊
လက်ရှိအရေးယူဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေများသည် ခေတ်ကာလ အခြေ အနေ နှင့် လိုက်လျောညီထွေမှုရှိခြင်း ပြစ်မှုကျူးလွန်သူများကို ထိရောက်ဟန့်တား လောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ခြင်းတို့ကြောင့် ပြည့်စုံလုံလောက်မှုရှိသည့်အတွက် အရေးပေါ် စီမံခန့်ခွဲမှု အက်ဥပဒေကို ပြန်လည်ပြဋ္ဌာန်းရန်လိုအပ်မှုမရှိသေးကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေသည် ၂၄-၂-၂၀၁၂ ရက်တွင်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ ဖြင့် ပြဋ္ဌာန်းခဲ့သော်လည်း ၂၈-၃-၂၀၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇ ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအားလည်းကောင်း၊ ၂၀-၁-၂၀၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃ ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအားလည်းကောင်း ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂-၁၂-၂၀၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၁ ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ တွင် ပုဒ်မ ၁၇ ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်လနှင့် အထက် ကျော်လွန်၍ လာရောက် တည်းခိုနေထိုင်သူများရှိပါက မှတ်တမ်းထားနိုင်ရန်အတွက် သတ်မှတ် နည်းလမ်း များနှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသိပေးအကြောင်းကြားရမည်ဟု ပြင်ဆင် ပြဋ္ဌာန်း ခဲ့ခြင်းကို ၁၃-၂-၂၀၂၁ ရက်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင် သည့် ဥပဒေတွင် ပုဒ်မ ၁၇ ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူသည် အောက်ပါကိစ္စရပ် တစ်ရပ်ပေါ်ပေါက်လာပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက မှတ်တမ်းထားရှိနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ တိုင်ကြားရမည်ဟု ပြဋ္ဌာန်း ထားရှိပါကြောင်း၊
(က) အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုခုတွင် နေထိုင်ပြီး မိမိအိမ်ထောင်စု စာရင်းဝင် မဟုတ်သူက ညအိပ်ညနေ ဧည့်သည်အဖြစ် လာရောက် တည်းခိုခြင်း၊
(ခ) မိမိထံလာရောက်တည်းခိုသော ဧည့်သည်ပြန်လည်ထွက်ခွာသွားခြင်းဟု ပြင်ဆင် ခဲ့ပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ၂၀၁၆ ခုနှစ်တွင် တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ၌ ပြင်ဆင်ခဲ့သည့် အခန်း(၉) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် နေထိုင်သူများ၏ တာဝန်ဝတ္တရားများအခန်းပါ အချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေအမှတ် (၃/၂၀၂၁) ဖြင့် ပြဋ္ဌာန်း ထား သည့် စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ၌ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါ သော ကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို လတ်တလောတွင် ပြန်လည် ပြင်ဆင်ရန် လိုအပ်ခြင်းမရှိသေးပါကြောင်း၊ နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေသည် ၈-၃-၂၀၁၇ ရက်တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၅ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်း၌ အခန်း(၃) တားမြစ်ချက်များဖြင့် နောက်ယောင်ခံခြင်း၊ ပယ်ဖျက်ခြင်းဟုပါရှိသော်လည်း ဥပဒေဖော်ပြချက် တွင် အခန်း(၄)ဖြစ်ကာ ပုဒ်မ ၃ ခုရှိ၍ ယင်းဥပဒေပုဒ်မ ၈တွင် ခြေဆင်းမှာ မည်သူမျှ တည်ဆဲ ဥပဒေနှင့် အညီခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲဖြစ်စေ ပုဒ်မ ၈ ၏ ပုဒ်မခွဲ (ခ) တွင် နိုင်ငံသား တစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောက် အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကိုထိခိုက်စေသော နောက်ယောင်ခံ စောင့် ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းမပြုရဟု တားမြစ်ခဲ့ပြီး ထိုတားမြစ်ချက်များကို ဖောက် ဖျက်ပါက ပုဒ်မ ၁၀ အရ အနည်းဆုံး ခြောက်လမှ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ် ချမှတ် ရမည့်ပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိ ဒဏ်ငွေ ချမှတ် နိုင်ကြောင်း ဖော်ပြပါရှိထားပါကြောင်း၊
၂၀-၈-၂၀၂၀ ရက်တွင် ယင်းဥပဒေကိုပြင်ဆင်သည့် ဥပဒေအား ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆ ဖြင့်ပြဋ္ဌာန်းပြီး ပုဒ်မ ၈ ပါ ခြေဆင်းကို တာဝန်နှင့် လုပ်ပိုင် ခွင့်ရှိသူ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်း တစ်စုံ တစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် မရှိဘဲဖြစ်စေဟု ပြင်ဆင်ခဲ့ပြီး ၁၃-၂-၂၀၂၁ ရက်တွင် အဆိုပါပြင်ဆင်သည့် ဥပဒေအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄/၂၀၂၁) ဖြင့် မူလဥပဒေပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၀ နှင့်အညီ ရပ်ဆိုင်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ကာလအတွင်းသာ ဖြစ်သည်ဟု ပြဋ္ဌာန်းခဲ့ပါသဖြင့် ယခုအချိန်တွင် ရပ်ဆိုင်းမှုမရှိဘဲ အာဏာသက်ဝင်လျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
၃-၂-၂၀၂၆ ရက်တွင် အဆိုပါဥပဒေအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဥပဒေအမှတ် (၄/၂၀၂၆) ဖြင့် ပြင်ဆင်သည့်ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေပုဒ်မ ၈ ခြေဆင်းမှာ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေး အလို့ ငှာ ဥပဒေနှင့်အညီ တာဝန်အရဆောင်ရွက်ရသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူမှအပ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ ဟုပြင်ဆင်ခဲ့ သဖြင့်နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်အများပြည်သူအေးချမ်းသာယာရေးတို့နှင့် သက်ဆိုင် သည့် တာဝန်ဆောင်ရွက်ရသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူများက နောက်ယောင်ခံခြင်း၊ စောင့်ကြည့်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်းနှင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ပါသောကြောင့် လတ်တလောတွင် ထပ်မံပြင်ဆင်ရန် လိုအပ်ခြင်းမရှိသေးပါကြောင်း ၊
၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေသည် ၂၇-၁-၁၉၉၃ ရက်တွင်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေ အမှတ် (၁/၉၃) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေပုဒ်မ ၁၅ တွင် ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်ဌာန သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရကအသိအမှတ်ပြုထားသည့် ဆေး ကုသဂေဟာတွင် မှတ်ပုံတင်ရန်ပျက်ကွက်လျှင်ဖြစ်စေ၊ ဆေးကုသရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုလိုက်နာရန် ပျက်ကွက်လျှင်ဖြစ်စေ၊ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်း ထား ရှိခဲ့ပါကြောင်း၊
၂၀၁၆ ခုနှစ်တွင်ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာများ ဆိုင်ရာအထူးအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများအားပြစ်မှု ကြောင်း အရအရေးယူခြင်းမပြုဘဲ ကျန်းမာရေးဆိုင်ရာပြဿနာတစ်ခုအဖြစ် ရှုမြင်ပြီး ဆေးကုသခြင်း နှင့်ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန်ဆုံးဖြတ်ခဲ့ပါကြောင်း၊ထို ဆုံးဖြတ်ချက် အရ မူးယစ်ဆေးဝါး ကာကွယ်ရေးဗဟိုအဖွဲ့သည် လမ်းညွှန်ချက်များနှင့်အညီ မူးယစ်ဆေးဝါး သုံးစွဲသူ များ၏ ပြစ်မှုကြောင်းအရ အရေးယူခြင်းမပြုဘဲ ကျန်းမာရေး ဆိုင်ရာ ပြဿနာ တစ်ခုအဖြစ် ရှုမြင်ပြီး ဆေးကုသပေးခြင်းနှင့် ပြန်လည်ထူထောင်မှုပေးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ပေါ် လာသည့်နောက်ဆက်တွဲ ကူးစက်သောရောဂါများ ပြန့်ပွားမှုအန္တရာယ် လျှော့ချရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် အတွက် မူလဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၁၄-၂-၂၀၁၈ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊
ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေတွင် မူလဥပဒေပုဒ်မ ၁၅ ကို ပယ်ဖျက်ပြီး ဆေးဝါးသုံးစွဲသူ သည် ပုဒ်မ ၉၊ ပုဒ်မခွဲ(ဆ)အရ ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော ပြုစုပျိုးထောင်ရေး စခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့်ကာလတွင် သက်ဆိုင်ရာ ပြုစု ပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းက ထုတ်ပြန်ထားသော ညွှန်ကြား ချက် များနှင့် သတ်မှတ်ထားသောစည်းကမ်းများကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေး လုပ်ငန်း များ ဆောင်ရွက်ခြင်း၊ လမ်းတံတားများပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့်ပူးပေါင်းပြီး အကျိုးပြု လုပ်ငန်းများဆောင်ရွက်စေခြင်းစသည့်လုပ်ငန်းများကို ပြည်သူ့ရှေ့မှောက်၌နှိမ့်ချခြင်း၊ ခွဲခြား ဆက်ဆံခြင်းသဘော မသက်ရောက်သည့် သတ်မှတ်ဝတ်စုံကို ဝတ်ဆင်ပြီး တစ်ရက် လျှင် ၂ နာရီနှုန်းဖြင့် အနည်းဆုံး နာရီ ၂၄၀ မှ အများဆုံး ၃၆၀ အထိကိုယ်တိုင်လုပ်အားဖြင့် အခမဲ့ လုပ်ကိုင်ဆောင်ရွက်ရမည်ဟု အစားထိုးပြဋ္ဌာန်းခဲ့ပါကြောင်း၊
သို့ရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ရာ၌ ဆေးဝါးသုံးစွဲ သူများကို လူမှုအသိုင်းအဝိုင်းမှ ခွဲခြားဆက်ဆံခြင်းမပြုဘဲ ဝန်းရံပေးရန်နှင့်ပညာပေးရန် လိုအပ် ကြောင်း၊ ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်ချမှတ်မည့်အစား Community Service ပြုလုပ် ပေးခြင်းသည် အကျိုးကျေးဇူးများစွာရရှိနိုင်သည့်အပြင် အရေးယူခံရခြင်းမျိုး အရေးယူခြင်း တစ်မျိုး လည်းဖြစ်သောကြောင့် မူးယစ်ဆေးဝါး ကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ စိတ်ပြောင်းဆေးဝါး အမျိုးအစား အသစ်များအပါအဝင် အခြားလိုအပ်ချက်များ အပေါ် ခေတ်နှင့်လျော်ညီစွာ ထပ်မံပြင်ဆင်ဆောင်ရွက် ခဲ့ပြီး ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကို ၃၁-၁၂-၂၀၂၅ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊
ယင်းပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၅ ၏ ပြဋ္ဌာန်းချက်တွင်ပါရှိသော ပြစ်ဒဏ်စကားရပ် နေရာတွင် တစ်ရက်လျှင် တစ်နာရီဖြင့် အနည်းဆုံး ၄၅ နာရီမှ အများဆုံးနာရီ ၉၀ အထိ ဆိုသည့် စကားရပ်ဖြင့်ပြင်ဆင်အစားထိုးဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅ ပါ အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိကျခံရမည် ဆိုသည့် ပြဋ္ဌာန်းချက်ကို မူးယစ်ဆေးဝါး နှင့် သုံးစွဲသူများအား ပြစ်မှုကြောင်းအရ အရေးယူခြင်းမပြုဘဲ ကျန်းမာရေး ဆိုင်ရာ ပြဿနာ တစ်ခု အဖြစ်ရှုမြင်ပြီး ဆေးကုသပေးခြင်းနှင့်ပြန်လည်ထူထောင်ပေးရန်ဦးတည်၍လည်းကောင်း၊ မူးယစ် ဆေးသုံးစွဲသူများအား ဥပဒေအရ တရားစီရင်အပြစ်ပေးခြင်းသည် ပြစ်မှုဆိုင်ရာ တရား စီရင်ရေး စနစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံသာမက အကျဉ်းချခြင်းခံရသော မူးယစ်ဆေးဝါး သုံးစွဲသူ အပါ အဝင် ၎င်းတို့၏ မိသားစုများနှင့် လူမှုအဖွဲ့အစည်းများအပေါ် ကျန်းမာရေး နှင့် လူမှုရေး ဆိုင်ရာ ဆိုးကျိုးများ ကျရောက် စေနိုင်ခြင်းကြောင့်လည်းကောင်း၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်း ချက်များ၊ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာများ ဆိုင်ရာအထူးအစည်းအဝေး၏ အကြံပြုချက် များနှင့်အညီဖြစ်စေရန်လည်းကောင်း တစ်ရက် ၁ နာရီဖြင့် အနည်းဆုံး ၄၅ နာရီမှ အများဆုံး နာရီ ၉၀ အထိဆောင်ရွက်ရမည်ဆိုသည့် ပြစ်ဒဏ်ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသောကြောင့် ထပ်မံ ပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်ခြင်း မရှိသေးပါကြောင်း ၊
သို့ဖြစ်ပါ၍ ရုပ်သိမ်းခဲ့ပြီးသော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေး အန္တရာယ်မှကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံခန့်ခွဲမှု အက် ဥပဒေတို့သည် ပြစ်မှုကျူးလွန်သူများကို လက်ရှိအရေးယူဆောင်ရွက်လျက်ရှိသောတည်ဆဲ ဥပဒေများဖြင့် ပြစ်ဒဏ်များချမှတ်နိုင်ရန် လုံလောက်မှုရှိပါသောကြောင့် ပြန်လည်ပြင်ဆင် ပြဋ္ဌာန်း ရန် မလိုအပ်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း(၉) အား စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေတွင်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသောကြောင့် ထပ်မံပြင်ဆင် ပြဋ္ဌာန်းရန် မလိုအပ်ပါကြောင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ အခန်း (၄) တားမြစ်ချက်များအား ၃-၂-၂၀၂၆ ရက်တွင် ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသောကြောင့် ထပ်မံပြင်ဆင်ပြဋ္ဌာန်းရန်မလိုအပ်ပါကြောင်း၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေသည် ကုလသမဂ္ဂ ကွန်ဗင်း ရှင်းပါ ပြဋ္ဌာန်းချက် များ၊ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာများဆိုင်ရာ အထူးအစည်းအဝေး အကြံပြုချက်များနှင့်အညီ ၃၁-၁၂-၂ဝ၂၅ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသောကြောင့် ထပ်မံပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်ခြင်းမရှိပါကြောင်းနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၃၈ နှင့် ၁၅၈၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)တို့အရ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေ ကြမ်းများတင်သွင်းခွင့်ရှိပါကြောင်းနှင့် ဥပဒေရေးရာ ဝန်ကြီးဌာန၏ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည်ဖြေကြားခဲ့ပါသည်။