ဦးစောမောင်(ဆားလင်းကြီးမဲဆန္ဒနယ်)
ပညာအရည်အချင်း ပိုမိုမြင့်မားလိုလျှင် မိခင်ဘာသာစကားဖြင့် ပြောင်းလဲသင်ယူနိုင်ခြင်းရှိ မရှိ သိရှိလို ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
အာရှတိုက်နိုင်ငံများထဲတွင် ပညာရေးပြုပြင် ပြောင်းလဲမှု အများဆုံးတွင် မြန်မာနိုင်ငံသည် ပထမဆုံးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ အန္တရာပူနာခေတ်၊ ၁၉၇၀ ပြည့်နှစ်၊ ၁၉၇၃ ခုနှစ်မှာ ရှိတ်စပီးယားနှင့် ဆဲဗင်းအင်မတာခေတ်၊ ထို့နောက် A ၊ B ၊ C ရွေးရသည့်ခေတ်၊ ၁၉၈၄ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၈၆ ခုနှစ်၊ မြန်မာ့ထုံးတမ်းနှင့် လုံးဝမကိုက်ညီသည့် လက်စားချေသည့် Wuthering Heights လေထန်ကုန်း၊ Great Expectations မျှော်တလင့်လင့် စသည့် ဝတ္ထုများ။ ယခုအခါ မြန်မာပုံပြင်များဖြစ်သွားပါကြောင်း၊ ပြောင်းလဲမှုတိုင်းသည် ရည်ရွယ်ချက်ရှိရှိနှင့် ရရှိမှု အကျိုးရလဒ်ကိုလည်း ကြည့်ရမည်ဖြစ်ပါကြောင်း၊ ယခု Wuthering Heights နှင့် Great Expectations ၏ အကျိုးများကို ခံစားနေရသည်ဟု ထင်ပါကြောင်း၊ အင်္ဂလိပ်လိုသင်မှ အဆင့်မြင့် သည်ထင်ပြီး ၁၉၈၄-၁၉၈၅ ပညာသင်နှစ် စနစ်သစ်ပညာရေး နဝမတန်းမှစ၍ အင်္ဂလိပ်လို၊ အထက် တန်းအဆင့်တွင် မြန်မာဘာသာမှလွဲ၍ အင်္ဂလိပ်လို စတင်သင်ကြားပါကြောင်း၊ သူငယ်တန်းမှစ၍ အင်္ဂလိပ်လိုသင်ကြားခဲ့ပါကြောင်း၊ ဤကဲ့သို့ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခြင်းဖြင့် မည်မျှတိုးတက် ကြောင်း၊ ပညာရေးသုတေသနဌာနမှ မည်သည့်အချိန်တွင် ထုတ်ပြန်မှုရှိခဲ့ပါသလဲ၊ ဒါကျက်၊ ဒါဖြေဆိုပြီး ပညာရေးကို နှိမ်ချပြောဆိုနေကြဆဲဖြစ်ပါကြောင်း၊ မြန်မာကျောင်းသား ကျောင်းသူများအနေဖြင့် အစမ်းသပ်ခံများ ဖြစ်လျက်ရှိပါကြောင်း၊ နှိမ်ချပြောဆိုကြသော်လည်း ယခုထူးချွန်ထက်မြက်ပြီး တက္ကသိုလ်အသီးသီးမှ ပါရဂူဘွဲ့၊ Ph.D များလည်း ထိုပညာရေးကို နစ်ဝဲကြပါကြောင်း၊ ရှေးယခင် ဘုန်းတော်ကြီးသင်ပညာရေး၊ အမျိုးသားကျောင်းပညာရေး၊ အစိုးရကျောင်းပညာရေးတွင် ပေါက်ဖွား လာကြသည့် သင်္ချာတွင် ဒေါက်တာဘကြည်၊ သမိုင်းတွင် ဒေါက်တာသန်းထွန်း၊ ဒေါက်တာလှဖေ တို့သည် တော်ဝင်ပါရဂူများဖြစ်ကြပါကြောင်း၊ အလားတူ ရူပဗေဒတွင်လည်း ဒေါက်တာရီရီသည် ပါရဂူ ဘွဲ့ရရှိသည့်အပြင် Ye is Law ဆိုပြီး မှတ်တမ်းပြန်ရေးခဲ့ပါကြောင်း၊ မြန်မာဖြစ်၍ သိပ္ပံဘာသာနိုဘယ်ဆု မရသည်ဟု မြင်မိပါကြောင်း။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်လည်း မြန်မာကျောင်းမှ အောင်မြင်ခဲ့ပြီး ကမ္ဘာကို ကိုင်လှုပ်နိုင်သလို တတိယကမ္ဘာစစ်ကိုလည်း တားနိုင်ခဲ့ပါကြောင်း၊ မြန်မာဖြစ်၍ နိုဘယ်ဆုကို ငြင်းဆန် ခံခဲ့ရသည်ဟု မြင်ပါကြောင်း၊ ယခုလူငယ်များသည် ပညာရေးမြှင့်တင်မှုကို ကြုံတွေ့မြင်နေကြ သော်လည်း ကြိုးစားအားထုတ်မှုနှင့် ဉာဏ်ပညာကြီးမားကြပါကြောင်း၊ ဉာဏ်ပညာကြီးမား ကြရလျှင် လည်း ပါရဂူဘွဲ့များရပါကြောင်း၊ သို့သော် မိမိတို့က မြန်မာများဖြစ်ပါကြောင်း၊ မြန်မာစကားကို နေ့စဉ် သုံးပြီး မြန်မာလိုပဲတွေးတတ်၊ မြင်တတ်ကြပါကြောင်း၊ အင်္ဂလိပ်လိုသင်ကြားရသည့်အတွက် မြန်မာ ကလေးများအဖို့ အင်္ဂလိပ်ဘာသာမှ မြန်မာလိုပြန်စဉ်းစားရ၊ အင်္ဂလိပ်ဘာသာပြန် နားမလည်၍ ထရှာရ၊ ဘာသာရပ်အခက်အခဲ၊ ဘာသာစကားအခက်အခဲ နှစ်မျိုးစလုံး ခံစားနေကြရပါကြောင်း၊ မထူးပါဆိုပြီး အလွတ်ကျက်ဖြစ်နေကြပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းရောက်မှ ဦးနှောက် ကဖွံ့ဖြိုးပြီး ဆရာကောင်းသမားကောင်းများနှင့် သင်ကြားလာရသည့်အတွက် ထူးချွန်ပါရဂူများ ထွက်ပေါ်လာခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ကျောင်းသားတိုင်း တော်လိုလျှင် မိခင်ဘာသာစကားနှင့် သင်ကြားလျှင် ပိုမို ထူးချွန်သော ပုဂ္ဂိုလ်များ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထက်တိုးတက်နေသည့် တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံတို့သည် မည်သည့်နိုင်ငံမှ ပါရဂူဘွဲ့ရခဲ့သည်ဖြစ်စေ၊ မိခင် ဘာသာစကားဖြင့် ကျမ်းပြုနိုင်မှသာလျှင် ပါရဂူဘွဲ့ကို အသိအမှတ်ပြုသည်ဟု မှတ်သားရပါကြောင်း။
ယနေ့ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံသည် ကမ္ဘာ့ပညာရေးမှာ ထိပ်တန်းကရပ်တည်လျက်ရှိပါ ကြောင်း၊ ယခုလက်ရှိ ပါရဂူကြီးများမှ သင်ယူလိုသော ဘာသာရပ်များအား မြန်မာဘာသာပြန်ပေးလျက် သင်ကြားပေးခြင်းဖြင့် ခေတ်မီသင်ပေးသူဆရာများသည် သင်ယူသူ မြန်မာကျောင်းသားများအတွက် ပညာရေးမြှင့်တင်လို၍ ဉာဏ်စမ်းများမေးပါကလည်း လွယ်ကူစွာ စဉ်းစားဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ အစိုးရသင်ရိုးစာအုပ်တွင်မပါ။ ဉာဏ်စမ်းမေးသောအခါ ဘာသာစကားအခက်အခဲ၊ ပြန်ဖြေ ပြောရမည့် ဘာသာစကားအခက်အခဲများဖြင့် ကျောင်းသားအများအပြား ကျဆုံးနေရခြင်းဖြစ်ပါ ကြောင်း၊ အင်္ဂလိပ်စာတော်၍၊ တတ်လိုလျှင် အင်္ဂလိပ်ဘာသာမေဂျာ သင်ယူကြပါ၊ ယခု အကြိမ်ကြိမ် ပြောင်းလဲလာသော ပညာရေးစနစ်များ၏ အားသာချက်၊ အားနည်းချက်များ သုတေသနဌာနများမှ ထုတ်ပြန်ဖော်ပြခြင်း၊ ပညာရေးဝန်ထမ်းအဟောင်းမှ နမော်နမဲ့လားမသိ ထုတ်ပြန်ပေးခဲ့ခြင်းကို မတွေ့ခဲ့ ရပါကြောင်း၊ အပြောင်းအလဲမှန်သမျှ အစခက်သည်ဆိုသော်လည်း ပညာရေးပြောင်းလဲမှု နှစ် ၄၀ ကျော် နိမ့်ကျသည်ဟု ပြောနေကြသော်လည်း သုတေသနအားနည်းချက်၊ အားသာချက်ကို ယနေ့အထိ ထုတ်ဖော်မပြခဲ့ပါကြောင်း၊ ပညာရေးလေ့ကျင့်ရေးကျောင်းများသာမက အောက်ခြေအခြေခံကျောင်း များပါ သုတေသနပြုသင့်ပါကြောင်း၊ မြို့ပေါ်ပညာရေး၊ နယ်ပညာရေးက မတူနိုင်ပါကြောင်း၊ ပညာရေးအဆင့်မြင့်လိုလှ၍ မြှင့်ကြမည်ဆိုလျှင် အရင်အတိုင်း နယ်များအားလုံး ပါဝင်ဆောင်ရွက်နိုင်မှ မြင့်မားသော အကျိုးရလဒ်ကို ရမည်ဖြစ်ပါကြောင်း။
ပညာရေးမြှင့်တင်လိုလျှင် ဘာသာရပ် အခက်အခဲကိုကျော်သွားရန်၊ ဘာသာစကားအခက်အခဲ ကိုပါ ကျော်လွှားလိုပါက အင်္ဂလိပ်လိုသင်ကြားခြင်းမှ ကျေိာင်းသင်ဘာသာရပ်များကို မြန်မာလို သင်ကြားပေးနိုင်ခြင်း အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်သည် မြန်မာဘာသာစကားကိုအခြေခံထားပြီး ဘာသာစကား တစ်မျိုးတည်းကို အသုံးပြုခြင်းမဟုတ်ဘဲ Bilingual Education ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ ဘာသာရပ်ဆိုင်ရာသဘောတရားများကို နားလည် တတ်မြောက်စေရန် မိခင်ဘာသာစကားဖြင့် တွဲဖက်ရှင်းလင်းသင်ကြားပေးမှုကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၃၀.၉.၂၀၂၄ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ(က)အရ သင်ကြားရေးတွင် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာတွဲ၍ဖြစ်စေ သင်ကြားနိုင်တယ်လို့ ပြဋ္ဌာန်းထားပြီး အမျိုးသားသင်ရိုးညွှန်းတမ်းမူဘောင် (National Curriculum Framework)တွင်လည်း အခြေခံပညာ အဆင့်တွင် မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးတွဲပြီးဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ အသုံးပြုရန် သတ်မှတ်ထားပါကြောင်း။
အထက်တန်းအဆင့်သိပ္ပံပညာဘာသာရပ်များတွင် အင်္ဂလိပ်ဘာသာနှင့် ပြဋ္ဌာန်းထားသော် လည်း စာသင်ခန်းအတွင်းသင်ကြားသည့်အခါ ကျောင်းသားများ သဘောတရားကို ပိုင်နိုင်စွာ နားလည်နိုင်စေရန်အတွက် မိခင်ဘာသာစကားမြန်မာစာနှင့် တွဲဖက်သင်ကြားရှင်းလင်းနိုင်သည့် စနစ် ကို ကျင့်သုံးလျက်ရှိပါကြောင်း၊ မူလတန်းအဆင့်တွင် ကလေးငယ်များ၏ အခြေခံစာဖတ်စွမ်းရည်နှင့် အတွေးအခေါ် တည်ဆောက်နိုင်ရန်အတွက် မိခင်ဘာသာစကားဖြင့် သင်ကြားပေးပြီး တိုင်းရင်းသား ဘာသာစကားကိုလည်း သင်ကြားပေးပါကြောင်း၊ အလယ်တန်းအဆင့်တွင် မြန်မာစာနှင့် အင်္ဂလိပ် ဘာသာစကားတို့ကို အခြေခံကောင်းစေရန် စနစ်တကျ သင်ကြားပေးပြီး အထက်တန်းနှင့် တက္ကသိုလ်အဆင့်တို့တွင် အင်္ဂလိပ်ဘာသာစကားကို ပိုမိုတတ်ကျွမ်းစွာအသုံးပြုနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးရင်း ဘာသာရပ်ဆိုင်ရာအသုံးအနှုန်းများကို မြန်မာဘာသာနှင့်ပါ တွဲဖက် ရှင်းလင်းပေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိပါကြောင်း၊ ပညာရေးအဆင့်အားလုံးကို မြန်မာဘာ သာဖြင့် သင်ကြားနိုင်ရန်အတွက် မြန်မာဝေါဟာရများကို ကျယ်ပြန့်အောင်ဆောင်ရွက်ရန်လိုပါ ကြောင်း၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်များအတွက် မြန်မာဘာသာစကားဖြင့် သင်ကြား မည်ဆိုလျှင် ဘာသာရပ်ဆိုင်ရာအသုံးအနှုန်းများကို ပြီးပြည့်စုံအောင် ပြန်ဆိုနိုင်ရန် မလွယ်ကူဘဲ သင်ယူသူများကို ပိုမိုခက်ခဲစေနိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများမှ နည်းပညာနှင့် အဆင့်မြင့် ပညာရပ်များကို လေ့လာသင်ယူပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်လျက်ရှိရာမှာ အင်္ဂလိပ်စာ ဘာသာရပ်သည် မဖြစ်မနေအသုံးပြုရသည့် ကြားခံဘာသာစကားတစ်ခုဖြစ်ပါကြောင်း၊ KG+12 သင်ရိုး ညွှန်းတမ်းရေးဆွဲရာမှာ မိခင်ဘာသာစကားနှင့် သင်ကြားမှု၊ အင်္ဂလိပ်ဘာသာစကား ဖြင့် သင်ကြားမှုအနက် မြန်မာနိုင်ငံတွင် အသင့်တော်ဆုံးအဖြစ် အထက်တန်းအဆင့် သိပ္ပံဘာသာ ရပ်များကို အင်္ဂလိပ်ဘာသာနှင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်စေမည့် သင်ရိုးညွှန်းတမ်းများကို ပြုစုရေးဆွဲသင်ကြားနေခြင်းဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် KG+12 အခြေခံပညာသင်ရိုးညွှန်းတမ်းများနှင့်စပ်လျဉ်း၍ သုတေသန လုပ်ငန်းများကို လေ့လာဆန်းစစ်မှုများလုပ်ဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် အကောင်အထည်ဖော်မှုအခြေအနေကို ဆန်းစစ် လေ့လာခြင်း၊ (နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ)နှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် အခြေခံ ပညာသင်ရိုးညွှန်းတမ်း ပြန်လည်လေ့လာသုံးသပ်မှုအစီရင်ခံစာ (ရန်ကုန်တိုင်းဒေသကြီး)တို့ကို ထုတ်ဝေ နိုင်ခဲ့ပါကြောင်း၊ မကြာခင် ကာလများတွင်လည်း သုတေသနအစီရင်ခံစာများကို ထပ်မံထုတ်ဝေရန် လည်းရှိကြောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနအပါအဝင် ပါဝင် ဆောင်ရွက်သည့် အရှေ့တောင်အာရှ မူလတန်းပညာတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ(SEA-PLM) ၂၀၂၄ ဒေသဆိုင်ရာ အစီရင်ခံစာများအရ Grade-5 ကျောင်းသားများ လေ့လာလိုစိတ် အားနည်းရခြင်း၊ သင်ယူတတ်မြောက်မှုအားနည်းရခြင်းသည် ဘာသာစကားအခက်အခဲကြောင့် မဟုတ်ဘဲ လူမှုစီးပွားရေး အခြေအနေကြောင့်ဖြစ်သည်ကို ဆန်းစစ်လေ့လာထားပါကြောင်း၊ ဆန်းစစ် ချက်များအရ အရှေ့တောင် အာရှဒေသအတွင်း နိုင်ငံတချို့တွင်လည်း လူမှုစီးပွားရေးအခြေအနေ မြင့်မားသည့်အုပ်စုမှ ကျောင်းသားများ သင်ယူတတ်မြောက်မှုသည် လူမှုစီးပွားရေးအခြေအနေအနိမ့်ဆုံး အုပ်စုမှ ကျောင်းသားများထက် သာလွန်ကောင်းမွန်ကြောင်း။
ထို့အပြင် မြို့ပြ၊ ကျေးလက်နေထိုင်ရာဒေသကွာဟချက်၊ မူကြိုဆရာပညာရေးလက်လှမ်း မမီမှုများ၊ မိဘများ၏ ပညာအရည်အချင်း၊ စာတတ်မြောက်မှုနှင့် ပညာရေးဆိုင်ရာမျှော်မှန်းချက် အားနည်းခြင်း၊ မိဘများ၏ ပံ့ပိုးကူညီမှုများနှင့်လည်း ဆက်စပ်နေကြောင်းလည်း ဆန်းစစ်လေ့လာ တွေ့ရှိထားပါကြောင်း၊ လက်ရှိ အခြေခံပညာရေးစနစ်သည် လက်တွေ့ကျသည့် ပညာရေးကဏ္ဍ ပြန်လည် သုံးသပ်ရေးလုပ်ငန်းများ၏ ဆန်းစစ်တွေ့ရှိချက်များကိုအခြေခံ၍ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားသင်ယူမှုနည်းလမ်းများ၊ စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများကို ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ထားခြင်းဖြစ်သည့်အတွက် မိခင်ဘာသာစကားတစ်မျိုးတည်းနှင့် သင်ကြားနိုင်ရေး ဆောင်ရွက်ရန်မသင့်ကြောင်း၊ ယခင် သိပ္ပံဘာသာရပ်များကို မြန်မာဘာသာနှင့် ပြဋ္ဌာန်းခဲ့သော်လည်း ခေတ်မီသင်ရိုးညွှန်းတမ်းအသစ်များ ပြုစုသည့်အခါ တိုးတက်များပြားလာသည့် ဘာသာရပ်ဆိုင်ရာ ဝေါဟာရအသစ်များကို မြန်မာဝေါဟာရနှင့် ဖလှယ်မှုပြုသည့်အခါ ဘာသာရပ်၏ သဘောတရား ဆိုလိုရင်းကို သင်ယူသူတို့ အပြည့်အဝနားလည်သဘောပေါက်အောင် ပြုစုရန် မလွယ်ကူကြောင်း၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာဘာသာရပ်များကို ပိုမိုထိရောက်စွာ သင်ကြားသင်ယူနိုင်စေရန် အတွက် အင်္ဂလိပ်ဘာသာနှင့် ပြုစုထားသည့် ပြဋ္ဌာန်းစာအုပ်များကို ရည်ညွှန်း အသုံးပြုကြသော် လည်း သင်ကြားသင်ယူမှုများတွင် Bilingual ဘာသာစကား(၂)မျိုးနှင့် သင်ကြားပို့ချ ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် အဆင့်မြင့်ပညာပိုမိုမြင့်မားလိုလျှင် မိခင်ဘာသာစကားတစ်မျိုးတည်းဖြင့် ပြောင်းလဲ သင်ကြားရန် မသင့်လျော်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးစောမောင်(ဆားလင်းကြီးမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ယခုလို ပြည့်စုံစွာဖြေကြားပေးသည့် အတွက် ကျေးဇူးလည်း တင်ပါကြောင်း၊ သို့သော် ဒုတိယဝန်ကြီးပြောသည့် မိခင်ဘာသာစကားတစ်ခု တည်း နှင့်မဖြစ်ဘူး။ အင်္ဂလိပ်လိုတွေ မှန်ပါကြောင်း၊ မိမိ ကျောင်းဆရာဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာ သည် ပေါင်းကူး ဘာသာရပ်လို့ နားလည်ပါကြောင်း၊ သို့သော် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့တွင် မိခင်ဘာသာစကားကို အဓိကထားပြီး သင်ကြားနေပြီးအင်္ဂလိပ်ဘာသာကို မမှီငြမ်းတော့ ဘူးလား။ သူတို့ရော ဘာကြောင့် အောင်မြင်ပါသလဲဆိုတာကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က
တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများ ဘာသာရပ်ကို ၎င်းတို့ဘာသာရပ်နှင့် သင်ကြားလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ လက်ရှိအခြေအနေတွင် အင်္ဂလိပ်၊ Bilingual ဘာသာစကားနှစ်မျိုးနှင့် သင်ကြား သည့် ဘာသာရပ်ကိုသွားနေသည့် သင်ကြားသင်ယူမှု Curriculum သည် ခရီးတစ်ခုသို့ ရောက်နေ ပြီဖြစ်ပါကြောင်း၊ ဘာသာရပ်တစ်မျိုးတည်းကို ပြောင်းမည်ဆိုပါက အချိန်၊ လေ့လာမှု၊ သင်ယူမှု၊ စစ်ဆေးမှု၊ ဆန်းစစ်လေ့လာချက် အများကြီး လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဆန်းစစ်လေ့လာချက် များရှိပြီး ၎င်းအပေါ်တွင် အခြေခံပြီး ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။