နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ (၂၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဆ)-ဦးစိုးဝင်း(မိုးညှင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-28
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုးဝင်း(မိုးညှင်းမဲဆန္ဒနယ်)

မိုးညှင်း ခုတင် ၁၀၀၀ ဆံ့ဆေးရုံအား ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုးညှင်းမြို့သည် မြစ်ကြီးနား-မန္တလေး ကားလမ်း၊ ရထားလမ်းဖြတ်သန်းရာ မြို့တစ်မြို့ ဖြစ်ပြီး ဧရိယာစတုရန်းမိုင် ၂,၅၇၈.၅၁ ကျယ်ဝန်းပါကြောင်း၊ အရှေ့ဘက်တွင် မိုးကောင်းနှင့် ရွှေကူ မြို့နယ်၊ တောင်ဘက်တွင် အင်းတော်မြို့နယ်၊ အနောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်၊ မြောက်ဘက် တွင် ဖားကန့် မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါကြောင်း၊ ကားဖြင့် မြစ်ကြီး နား၊ ဖားကန့်၊ မိုးကောင်း၊ နဘား၊ ကသာ၊ အင်းတော်၊ မန္တလေး စသည့် မြို့များသို့လည်းကောင်း၊ ယခင်က မီးရထားဖြင့် မန္တလေး၊ မြစ်ကြီး နားမြို့များသို့လည်းကောင်း ရာသီမရွေး သွားလာနိုင်ခဲ့ပါကြောင်း၊ မြို့ပေါ် ရပ်ကွက် ၂၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃၈ အုပ်စု၊ အိမ်ခြေ ၃၉,၈၃၉ အိမ်၊ အိမ်ထောင်စု ၅၅,၅၉၄ စု၊ လူဦးရေ ၂၃၀,၃၅၂ ဦးရှိပြီး လူဦးရေ တိုးနှုန်းသည် ၄.၅၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ယခုအခါ မိုးညှင်းမြို့သည် ခရိုင်မြို့အဖြစ်သို့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် ၃ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ကချင်ပြည်နယ်အတွင်း လူဦးရေအများဆုံးခရိုင်ဖြစ်ကာ  စိုက်ပျိုးရေး ကိုအဓိက လုပ်ကိုင်သော စပါးကျီမြို့လည်းဖြစ်ပါကြောင်း၊ ၎င်းအပြင် တခြားသီးနှံစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများဖြင့် စီးပွားရေးဖွံ့ဖြိုးသောမြို့လည်း ဖြစ်ပါ ကြောင်း၊ ပညာရေးကို အထူးအားပေးသောမြို့ဖြစ်၍လည်း အနယ်နယ်အရပ်ရပ်မှ လာရောက် ပညာသင်ကြားကြသော ကျောင်းသားကျောင်းသူဦးရေ အလွန်များပြားပါကြောင်း၊ တက္ကသိုလ် တစ်ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၁ ကျောင်း၊ အထက်တန်းကျောင်း ၂၂ ကျောင်း၊ အလယ်တန်း ကျောင်း ၁၉ ကျောင်း၊ မူလတန်းကျောင်း ၁၆၁ ကျောင်းရှိပြီး နယ်မြေခံတပ်ရင်း ၁၂ ရင်းရှိ ပါကြောင်း။ 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပြည်သူ့ဆေးရုံသည် မြေဧရိယာအကျယ်အဝန်း ၄.၆ ဧကပေါ်၌ ၁၉၆၁ ခုနှစ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ၊ ၁၉၇၈ ခုနှစ်တွင် ခုတင် ၅၀ ဆံ့ဆေးရုံ၊ ၂၀၀၅ ခုနှစ်တွင် ခုတင် ၁၀၀ ဆံ့ ခရိုင်အဆင့်အဖြစ်သို့ အဆင့်ဆင့်တိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း၊ ယခုအခါ လုံခြုံရေးအရ အနယ်နယ်အရပ်ရပ်မှ ယာယီနေရပ်စွန့်ခွာသူများသည်လည်း စီးပွားရေး နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့ဖြစ်သည်နှင့်အညီ လာရောက် အခြေချ နေထိုင် ကြသော လူဦးရေမှာလည်း လွန်စွာ များပြားလာပါကြောင်း၊ ထို့ကြောင့် ဖွင့်လှစ်ထားသော ခုတင် ၁၀၀ ဆံ့ဆေးရုံသို့ လာရောက်ပြသ၊ ကုသအားကိုးမှုသည် တစ်နေ့ထက်တစ်နေ့ ပိုမို တိုးတက် များပြားလာကာ လူနာဆောင် အသီးသီးတွင် လူနာများပြည့်လျှံ၍ ခွင့်ပြုခုတင်အရေအတွက်ထက် ကျော်လွန်နေသည်မှာ နှစ်အတန် ကြာရှိလာခဲ့ ပြီဖြစ်ပါကြောင်း။

မိုးညှင်းခရိုင်ဆေးရုံသည်ခုတင်၁၀၀ဆံ့ဆေးရုံနှင့်ညီမျှသောအထူးကုဆရာဝန်ကြီး များသာရှိ ၍ တခြားအထူးကုဆရာဝန်ကြီးများ အစုံအလင်မရှိသည့်အတွက် ကျန်းမာရေးစောင့် ရှောက် မှုပြုရာတွင် အခက်အခဲများစွာ ရှိနေပါကြောင်း၊ အရေးပေါ်အခြေအနေဖြစ်၍ သွားရောက်ရပါက အနီးဆုံး မိုင် ၁၀၀ ကွာဝေးသော မြစ်ကြီးနားဆေးရုံကြီး၊ ၁၉၅ မိုင်ကွာဝေးသော ရွှေဘို ခုတင် ၂၀၀ ဆံ့ ဆေးရုံများသို့သာ သွားနိုင်ပါကြောင်း၊ ယခုအခါ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများအရ သွားလာရန် အခက်အခဲများရှိနေပြီး မဆုံးရှုံးသင့်သော အသက်များ ဆုံးရှုံးနေရပကြောင်း၊ အကယ်၍ မိုးညှင်း ခရိုင်ဆေးရုံအား ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ပါက ယခု လက်ရှိ မြေနေရာနှင့်ပင် အဆောက်အဦဆောက်လုပ်ရန် လုံလောက်လျက်ရှိပြီး ကောလင်းခရိုင်၊ ကသာ ခရိုင်၊ မိုးညှင်းခရိုင်များရှိဒေသများမှ ပြည်သူများစွာ ကျန်းမာရေးစောင့်ရှောက်မှုကို ကောင်းမွန်စွာ ခံယူနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ကျန်းမာရေး၊ ကုသရေးဆိုင်ရာ လိုအပ်ချက်များ အရ လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြုစေရန်အတွက်လည်းကောင်း၊ ဌာန ဆိုင်ရာ နှင့် အများပြည်သူများ ပိုမိုထိရောက်ကျယ်ပြန့်စွာ ကုသစောင့်ရှောက်ပေး နိုင်ရန် အတွက် လည်းကောင်း ရည်ရွယ်လျက် မိုးညှင်းခုတင် ၁၀၀ ဆံ့ဆေးရုံအား ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ်သို့ အဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် လူဦးရေ ၃၀၀,၀၉၃ ဦးရှိပြီး ခုတင် ၁၀၀ ဆံ့ မိုးညှင်း ပြည်သူ့ဆေးရုံ၊ လုံးတုံ၊ နန့်မွန်း၊ ဟိုပင်၊ နန်းမား၊ လွဲမွန်၊ ချောင်းဝတိုက်နယ်ဆေးရုံ ၆ ရုံ၊ မိခင် ကလေးကျန်းမာရေးဌာန၊ တိုက်နယ်နှင့်ကျေးလက်ကျန်းမာရေးဌာန ၆ ခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၉ ခုတို့ဖြင့် မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံ၏ စိစစ်ချက်အရ တစ်နေ့ ပျမ်းမျှအတွင်းလူနာဦးရေ ၅၄ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှုရာခိုင်နှုန်း ၅၄ ရာခိုင်နှုန်းပဲ ဖြစ်ပါကြောင်း၊ တင်ပြသွားသည့်အထဲတွင် ပြင်ပလူနာများပါ ပါဝင်သည်ဟု မိမိယူဆပါကြောင်း၊ အတွင်းလူနာဦးရေ ၅၄ ရာခိုင်နှုန်းသာရှိသည့်အတွက်  ခွင့်ပြုခုတင်အရေအတွက်ထက် စဉ်ဆက် မပြတ် ကျော်လွန်နေမှသာလျှင် ခုတင်အဆင့်မြှင့်တင်ခြင်းကို ဦးစားပေးဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မိုးညှင်းပြည်သူ့ဆေးရုံအား ခုတင် ၂၀၀ ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်တိုး မြှင့်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆေးရုံခုတင်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ဝန်ထမ်းအင်အားဖြည့်တင်းခြင်းကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးညှင်းခရိုင် ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ် ၁ ဦး နှင့် အထူးကုဆရာဝန်များအနေဖြင့် ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ သွားကျန်းမာနှင့် အရိုးအထူး ကုတို့ ခန့်ထားပေးပြီးဖြစ်ပါကြောင်း၊ ထပ်မံ၍ လက်ထောက်ဆရာဝန် အထူးကုဆေးပညာနှင့် မေ့ဆေး တို့ကို ထပ်မံခန့်ထားပေးရန် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ ခွဲစိတ်ဆရာဝန် အနေ ဖြင့်လည်း အကြီးစားခွဲစိတ်မှုများကို ဆောင်ရွက်နေနိုင်သည်ကို ကိန်းဂဏန်း အချက်အလက် များနှင့် စိစစ်ချက် အရ တွေ့ရှိရပါကြောင်း၊ ကျန်ရှိသည့် အထူးကုဆရာဝန်များကိုလည်း ဆက်လက ခန့် ထားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလအတွင်း ၁၅ ရက်နေ့တွင် လက်ထောက်ဆရာဝန် ၂ ဦးကိုလည်း ထပ်မံဖြည့်တင်း ခန့်ထား ပေးပြီး ဖြစ်သည့်အပြင် သူနာပြု သစ်လွင် ၆ ဦးကိုလည်း ဇွန်လ ၂၂ ရက်၊ ယခုနှစ်အတွင်း  ခန့်အပ် ဖြည့်တင်း ပေးနိုင်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများကို ယခုထက် ပိုမို ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။