နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ (၂၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဇ)-ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-28
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)
ရွှေတောင်မြို့နယ်တွင် တိုင်းရင်းသမားတော် ဆေးကုသဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ တိုင်းရင်းသားဆေးကောင်စီညီလာခံ များဖြစ်စေ၊ မြန်မာနိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားချက်များအရ တိုင်းရင်းဆေးပညာ ထွန်းကားတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊ ရွှေတောင်မြို့နယ်သည် မြို့နယ်ဧရိယာ အလွန်ကျယ်ဝန်းပြီး‌ လူဦးရေလည်း ထူထပ် များပြား လှပြီး မြန်မာပြည်အနှံ့အပြားမှ လာရောက်အလုပ်လုပ်ကြသည့် ရွှေတောင်ချည်မျှင် နှင့်အထည် စက်ရုံတွင် လုပ်သားအင်အား ထောင်ဂဏန်းမျှရှိပြီး ၎င်းတို့အသီးသီးကို မှီခိုအားထားပြီး အတူနေ မိသားစု လူဦးရေသည် သောင်းဂဏန်းအထိ တိုးတက်နေပါကြောင်း၊ ရွှေတောင်မြို့၊ ဆည်ကြီးကုန်း အုပ်စုနှင့် သရက်တောရပ်ကွက်ကြားရှိ ရွှေတောင်-ပြည်ကားလမ်း ဝဲ/ယာတွင် အောင်မြေသာ ရပ်ကွက်နှင့် စံပြ ရပ်ကွက်ဟူ၍ ရပ်ကွက်ကြီး ၂ ခုစာ တိုးချဲ့နေထိုင်ကြပါကြောင်း၊ မြို့နယ် အကျယ်အဝန်း ဧရိယာ စတုရန်းမိုင်ပေါင်း ၂၈၃.၉၄ မိုင်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၁ ခု၊ ကျေးရွာခွဲပေါင်း ၂၉၇ ရွာရှိပြီး နယ်ဘက်ရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ဆင်းရဲသား၊ တောင်သူ လယ်သမားအများစုသည် လယ်ယာသီးနှံကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပါကြောင်း၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်မွေးမြူကြသူ တချို့ရှိကြပြီး ကျယ်ဝန်းသော မြို့နယ်အတွင်း အင်းအိုင်များ ပေါများ သည့်အပြင် ဧရာဝတီ မြစ်ရိုး တစ်လျှောက်သည် မြို့နယ်၏ နံဘေးတွင် တည်ရှိသည့်အတွက် ငါးဖမ်း လုပ်ငန်းများနှင့် အသက် မွေးဝမ်းကျောင်းပြုသူ ရေလုပ်သားများစွာလည်း ရှိကြပါကြောင်း၊ မြစ် အတွင်း ပေါ်ထွန်းနေသည့် ကျွန်းကြီး၊ ကျွန်းငယ်တို့သည်လည်း ရွာများတည်ပြီး ကျွန်း၊ ကိုင်း စိုက်ပျိုးသည့် တောင်သူ လယ်သမားများစွာလည်း ရှိကြပြီး မြို့ပေါ်နှင့် နယ်ဘက်အနှံ့ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက် စသည့် အလတ်စားစက်ရုံ၊ အလုပ်ရုံများစွာလည်း ရှိပါကြောင်း။

စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများစွာအပြင် တခြားအသေးစား၊ အငယ်စား အိမ်တွင်း စက်မှုထုတ်ကုန်လုပ်ငန်းများစွာလည်းရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများအတွက်လည်း ပန်းရံ လုပ်သား များ၊ လက်သမားလုပ်သားများ များစွာရှိကြပြီး ရှေးယခင်ကတည်းက မိရိုးဖလာ လုပ်ငန်း ဖြစ်သည့် လက်ယက်ကန်း၊ စက်ယက်ကန်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသည့် ယက်ကန်း လုပ်သား များစွာ လည်း ရှိခဲ့ကြသည့်အတွက် လူဦးရေထူထပ်များပြားလှပါကြောင်း၊ မြို့ပေါ်ရှိ ဆေးရုံ ၁ ရုံနှင့် တောနယ်ဘက်ရှိ ဆေးရုံ ၂ ရုံရှိပြီး မြို့ပေါ်ဆေးရုံသည် ကုတင် ၅၀ လောက်သာရှိပြီး နယ်ဘက် ဆေးရုံများသည် ၁၅ ကုတင်ဆံ့ဆေးရုံငယ် ၂ ရုံသာရှိပါကြောင်း၊ လုံလောက်မှုမရှိ ဖြစ်နေပါကြောင်း၊ ထို့အပြင် ပြည်သူအများစုသည် ပညာအရည်အချင်းချို့တဲ့ပြီး ဗဟုသုတအကြားအမြင်လည်း နည်းပါး ကြသည့်အတွက် ခေတ်မီဆေးပညာအပေါ် နားလည်မှုအားနည်းပါကြောင်း၊ ဆေးထိုးဆေးမှား ဖြစ်ပြီး ဒုက္ခရောက်မည်ကိုလည်း ကြောက်ကြပါကြောင်း၊ စရိတ်မျှပေး ကျန်းမာရေးဆိုသည့် ဆောင်ပုဒ် နှင့်အညီ ဆေးရုံဆေးခန်းများ တက်ရောက်ခဲ့ကြသည့်အခါ အများစုသည် ဆေးဝါး များကို ပြင်ပဆေးဆိုင်မှ ဈေးကြီးပေးပြီး ဝယ်ကြရသည့်အခါ ဆင်းရဲသား တောင်သူလယ်သမား များကကြောက်ကြပါကြောင်း၊ နိုင်ငံခြားမှတင်သွင်းလာသည့် ဆေးအများစုသည် တန်ဖိုး ကြီးမား ပြီး ပြည်သူ အများစု မတတ်နိုင်ကြသည့်အတွက် မိရိုးဖလာ တိုင်းရင်းဆေးဝါးများ အပေါ် အားထား မှီခိုမှုများ ဖြစ်လာကြပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်တွင် တိုင်းရင်းဆေးဝါးကုသသည့် သမား တော်များ နှင့် တိုင်းရင်းဆေးကုသဆေးရုံကြီးတစ်ခု အမြန်တည်ဆောက်ပေးရန်အတွက် ဆန္ဒ သဘောထားများစွာကို ပြည်သူအများစုမှ တင်ပြလာကြကြောင်း။

သို့ဖြစ်ပါ၍ ၂၀၁၀-၂၀၁၅  ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းကာလတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါက်တာမြဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြင့် နှင့် တခြားသော လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများမှ ပူးပေါင်း၍ ရွှေတောင်မြို့၊ တည်ကုန်းရပ်၊ မင်းကွန်းကျေးရွာအုပ်စုတွင် ကျွန်းနှစ်ထောင်ဘုရားနှင့် ညောင်စေး-ကြီးသဲ-သရုပ် မှော် စသည့် လမ်းဆုံအား ကတ္တရာလမ်းသွားရာတွင် ကတ္တရာ လမ်းမကြီး နှင့်နီးပြီး မြို့နှင့်လည်း နီးစပ်နေသည့်နေရာတွင် တိုင်းရင်းဆေးရုံကြီး ၁ ရုံ တည်ဆောက်ပေးနိုင်ရန် အတွက် မြို့ပေါ်ဆေးရုံ နှင့် ၁ မိုင်ခန့်အကွာတွင် အဆင်သင့်ဖြစ်စေရန် မြေနေရာကို အကျယ် အဝန်း ပြည့်စုံစွာနှင့် တရားဝင် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဖွဲ့အစည်းပေါင်းစုံနှင့် မြို့နယ်၏ လူကြီး၊ မြို့မမြို့ဖများနှင့် ကိုယ်စားလှယ်တော်များ ဆောင်ရွက်ပေးမှုကြောင့် ရွှေတောင်မြို့နယ် မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးတို့၏ ခွင့်ပြုချက်နှင့် အဆိုပါ နေရာတွင် မြေဧက ၁.၉၆၂ ဧကခန့် လယ်မြေကို သက်ဆိုင်ရာဌာနများမှ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုမိန့် လည်းရရှိပြီး ဖြစ်ပါကြောင်း၊ ထိုအချိန်က ဇီးကုန်းမြို့နယ်အတွက် ဆောင်ရွက်ပေးပြီးလျှင် ရွှေတောင်မြို့နယ် အတွက် တိုင်းရင်းဆေးရုံကြီး တည်ဆောက်ပေးမည်ဆိုသည့် ကတိရှိသော် လည်း

 ဇီးကုန်းဆေးရုံ ကြီးသာ ပြီးသွားပြီး ရွှေတောင်မြို့နယ်အတွက် မရရှိခဲ့ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းဖြစ်သည့် ၂၀၁၅ တွင် ထပ်မံတင်ပြခဲ့ရာ ပေါက်ခေါင်း မြို့နယ် အတွက်ရရှိသွားခဲ့သော်လည်း ရွှေတောင်မြို့နယ်အတွက် မရရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ တတိယ အကြိမ် လွှတ်တော်သက်တမ်းတွင် ဒေသနေ၊ မြို့ပြနေ ကျေးလက်ပြည်သူအများစု၏ ဆန္ဒနှင့်အညီ ယခင်က တင်ပြခွင့်ပြုထား ပြီးဖြစ်သော တိုင်းရင်းဆေးသမားတော်ဆေးဝါးကုသဆေးရုံကြီးအား တိုင်းရင်းသမားတော်ကြီးများ နှင့်အတူ တည်ဆောက်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီ အစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ချထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

ကျန်းမာရေးဝန်ကြီးဌာန၏ စိစစ်ချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် တိုင်းရင်းဆေးရုံ တည်ဆောက်ရန်အတွက် လယ်မြေဧက ၁.၉၆ ဧကအား မြို့မိမြို့ဖများထံမှ လှူဒါန်းရရှိခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန အမည်ပေါက်ပြောင်းလဲနိုင်ရေးနှင့် လယ်ယာမြေမှ အခြားနည်းလမ်းအသုံးပြုခွင့်အား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနသို့ လျှောက်ထားဆဲ ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးကုဌာနများ တိုးချဲ့ဖွင့်လှစ်ရာတွင် လူဦးရေသိပ်သည်းမှုအခြေအနေ၊ လိုအပ်သော မြေဧရိယာ အကျယ်အဝန်းအတွက် ဌာနပိုင်အမည်ပေါက်ရရှိမှု၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ မြန်မာ့ တိုင်းရင်းဆေးအား နယ်မြေခံလူထု၏ ယုံကြည်အားထားမှု စသည့်အချက်အပေါ် အခြေခံ၍ တစ်ပြည်လုံးအတိုင်းအတာနှင့် ခြုံငုံစဉ်းစား၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံလျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

တစ်နိုင်ငံလုံးတွင် တိုင်းရင်းဆေးရုံပေါင်း ၄၈ ရုံသာ ဖွင့်လှစ်နိုင်သေးပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၈ ရုံနှင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ၇ ရုံနှင့် ဒုတိယအများဆုံး ဖြစ်ပါကြောင်း၊ လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် တိုင်းရင်းဆေးပညာရှင်၊ တိုင်းရင်းဆေးသမား တော် ၇၈၀ ဦးသာ ခန့်အပ်တာဝန်ပေးနိုင်ခြင်းရှိသေးပါကြောင်း၊ လက်ရှိ  ရွှေတောင်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးဌာန ဆေးခန်းတစ်ခန်းကို ဖွင့်လှစ်ထားရှိပါကြောင်း၊ ဆေးကုသခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်ပျမ်းမျှ လူနာ ၁၅ ဦးခန့် လာရောက် ကုသမှုခံယူ နေပါကြောင်း၊ ရွှေတောင်မြို့မှ ၂၅ ခုတင်ဆံ့တိုင်းရင်းဆေးရုံရှိသည့် ပြည်မြို့နှင့်  ၉ မိုင် ခန့်သာ ကွာဝေး ပြီး ရထားလမ်း၊ ကားလမ်းဖြင့် အချိန် ၂၀ မိနစ်အတွင်း သွားရောက်နိုင်သည့် အခြေအနေရှိပါကြောင်း၊ ထို့ကြောင့် လတ်တလော  ရွှေတောင်မြို့တိုင်းရင်းဆေးရုံ ဆောက်လုပ်ပေးရန် အစီအစဉ် မရှိသေးပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။