နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဂ)-ဒေါ်စမ်းစမ်းဌေး(ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်)-မေးခွန်း

2026-07-27
တတိယအကြိမ်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်စမ်းစမ်းဌေး(ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်)

ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ထိုက်သင့်သောချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

နိုင်ငံတော်၏ကဏ္ဍပေါင်းစုံတွင် ဝန်ထမ်းများစွာရှိနေပါကြောင်း၊ ယခုအချိန်သည် ဝန်ထမ်း များ အားလုံးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေပါကြောင်း၊ ခေတ်ကာလ နှင့်လျော်ညီသော လစာ၊ စရိတ်၊ ချီးမြှင့်ငွေများလည်း လိုအပ်နေပါကြောင်း၊ အားလုံး လိုအပ်နေတာဖြစ်သော်လည်း ဝေဖန်မှုမြင့်တက်နေသည့် ပညာရေးကဏ္ဍကို ထုတ်နုတ်တင်ပြခွင့်ပြုပါရန် မေတ္တာရပ်ခံ အပ်ပါ ကြောင်း၊ မြင့်မားသောကုန်ဈေးနှုန်းများအရ အခက်အခဲများစွာဖြစ်ပေါ်နေသည့်အတွက် ယခု မေးခွန်း အား မေးမြန်းတင်ပြရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို အကောင်းဆုံး ပုံဖော်နိုင်စေရန်မှာ ပညာသာဖြစ်ပါကြောင်း၊ ပညာတတ်သော လူ့ဘောင်အဖွဲ့အစည်းများဖြင့် အေးချမ်းသာယာသော အနာဂတ်များစွာကို ဖြစ်ထွန်းလာစေမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း ပညာရေးမြှင့်တင်မှုလုပ်ငန်းစဉ်များကို ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်နေသည် ကိုလည်း တွေ့မြင်နေရပါကြောင်း၊ နိုင်ငံ့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု အကောင်းဆုံး အရင်း အနှီး သည်လည်း ပညာတတ်များ မွေးထုတ်ပေးခြင်းဘဲ ဖြစ်ပါကြောင်း၊ ပညာရေးအတွက် အခြေခံ ဆောက်အဦများလည်း လိုအပ်နေဆဲဖြစ်ပါကြောင်း၊ မဖွံ့ဖြိုးသေးသည့် တည်ငြိမ်အေးချမ်းရန် ခက်ခဲ နေသေးသည့်မိမိတို့နိုင်ငံအနေဖြင့်လည်းအခက်အခဲများရှိနေနိုင်သေးသည်ကိုလည်းနားလည်ပါ

ကြောင်း။

လုပ်ငန်းတစ်ခုအောင်မြင်နိုင်ရန် မူဝါဒများ လိုသကဲ့သို့ ၎င်းမူဝါဒများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးနေသည့် အင်အားစုများ၏အချိန်၊ လူအင်အား၊ စိတ်အင်အား၊ ဆင်းရဲဒုက္ခခံနိုင်မှု များပေါင်းစပ်ပြီးမှ ထွက်ပေါ်လာသည့်ရလဒ်သည့် မည်မျှကောင်းကောင်း ထိရောက်မှု အကျိုးရှိ /မရှိ ဆိုသည်နှင့် တိုင်းတာရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အောင်မြင် အောင်ဆောင်ရွက် ရမည်ဆို သည့် မူဝါဒများ ၏နောက်တွင် ရေဘူးပေါက်တာမလိုချင်ဘဲ၊ ရေပါတာလိုချင်သည်ဟု ဆိုပြီး မြင်၍ မရကြောင်း၊ မူဝါဒကိုအကောင်အထည်ဖော်ပေးနေသည် အင်အားစုများ၏ စိတ်လုံခြုံမှု၊ စိတ် ပျော်ရွှင်မှု၊ လုပ်ငန်းခွင်အေးချမ်းမှုများ လိုအပ်နေပါကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ် အတွက် အရေးကြီးသည့် မျိုးဆက်သစ်ကျောင်းသားကျောင်းသူများအတွက် အကောင်းဆုံးပုံဖော်ဖန်တီး ပေးနေသည့် ပန်းပုပညာရှင်၊ ဗိသုကာပညာရှင်ကဲ့သို့သော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ များ သည် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် မဏ္ဍိုင် ၃ ရပ်ဖြင့် နိုင်ငံ၏အနာဂတ်ပေါင်းများစွာကို ပုံဖော်ထုဆစ် ပေးနေပါကြောင်း၊ ပြောင်းလဲလာသည့်နည်းပညာများနှင့် ပညာသင်ကြားရေး အခန်း ကဏ္ဍများတွင် နိုင်ငံခြားဖြင့်ချိတ်ဆက်သောကျောင်း၊ ကိုယ်ပိုင်ကျောင်းများ တိုးတက်လာသည်ကို ကြိုဆိုပါကြောင်း၊ သို့သော် အခြေခံလူတန်းစားပြည်သူများအတွက် အစိုးရကျောင်းများကိုသာ မှီခို အားထားနေရပါကြောင်း၊ ယခုအချိန်ကာလ ကုန်ဈေးနှုန်း မြင့်မားရေးနှင့်အတူ တခြားစိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိရာ ပြင်ပအလုပ်အကိုင်အခွင့်အလမ်းများ၊ မြင့်မားသောလစာများကို ဥပေက္ခာပြုရင်း ဝါသနာ၊ အနစ်နာ၊ ကရုဏာများစွာဖြင့် သင်ကြားပို့ချပေးနေသည့် ဆရာ၊ ဆရာမများကိုလည်း လေးစားဂုဏ်ယူရမည်ဖြစ်သကဲ့သို့ ၎င်းတို့အတွက်လည်း အစီအစဉ် မူဝါဒများ ချမှတ်ပေးနိုင် မည်ဟု လည်း ယုံကြည်ပါကြောင်း။

ယနေ့ မူလတန်းပြဆရာမတစ်ဦး၏ အခြေခံလစာသည် ၁၈၀,၀၀၀ ကျပ်ရှိပါကြောင်း၊ ထောက်ပံ့ကြေး အဖြစ် ၉၀,၀၀၀ ကျပ်ရရှိပြီး အိမ်ငှားခအဖြစ် အိမ်ထောင်ရှိသည်သူဆို မူရင်းလစာ၏             ၈ ရာခိုင်နှုန်း၊ အိမ်ထောင်မရှိသူဆိုရင် မူရင်းလစာ၄ ရာခိုင်နှုန်းသာရရှိပါကြောင်း၊ ပျမ်းမျှအားဖြင့် ၃၀၀,၀၀၀ ကျပ်ဝန်းကျင်ခန့်သာ ရရှိပါကြောင်း၊ ယနေ့ကြီးမြင့်နေသည့်ကုန်ဈေးနှုန်းအရ ကြက်ဥ တစ်လုံးငွေကျပ် ၆၀၀ ကျော်နေသည့်အချိန်တွင် အခက်အခဲများစွာရှိနိုင်ပါကြောင်း၊ နေထိုင် စား သောက်စရိတ်ပင် မဖူလုံဘဲတခြားကျန်းမာရေး၊ လူမှုရေးများပါ ရင်ဆိုင်ရမည်ဆိုလျှင် အခက် အခဲများ ပိုမို ရှိနိုင်ပါကြောင်း၊ ကျူရှင်မသင်ရစနစ်ဆိုသော်လည်း ငါ့ဝမ်းပူဆာ မနေသာလို့ သင်နေ ကြအုံးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့်ထိုက်သင့်သော ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်မည့် လစာ၊ ခံစားခွင့်များတိုးမြှင့်ပေးနိုင်ရန်၊ လုံခြုံစိတ်ချရသည့် နေထိုင်ရေးအတွက် စီစဉ်ပေးနိုင်ရန်နှင့် ၎င်းတို့မိသားစုများအတွက် သက်သာသော ကျန်းမာရေးအာမခံစနစ်ထားရှိပေးနိုင်ရန်၊ အငြိမ်းစားယူ ပြီးသော ဆရာမများအတွက် အေးချမ်းစွာနေထိုင်နိုင်ရေး စီစဉ်ပေးနိုင်ရန်အတွက်လည်း တင်ပြလိုပါ ကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် ထိုက်သင့်သော ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးနိုင်ရန် အစီအစဉ်ရှိ /မရှိအား သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း က

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏မူဝါဒအရ နိုင်ငံ့ဝန်ထမ်းများ၏ ချိန်နှုန်းလစာနှုန်း ထားများ တိုးမြှင့်ပေးရန် စဉ်းစားပေးသည့်အချိန်များတွင် နိုင်ငံတော်၏ဘဏ္ဍာရေးအခြေအနေ၊ ငွေကြေး ဖောင်းပွမှု အခြေအနေများ၊ လက်ရှိခံစားခွင့်ပြုထားသောနှုန်းထားများ၊ စုစုပေါင်းဝန်ထမ်း ဦးရေ၊ ရာထူးအဆင့်အလိုက် ဝန်ထမ်းဦးရေအခြေအနေများ၊ လစာနှုန်းတိုးမြှင့်မှုနှင့် ဆက်စပ် နေသည့် ပင်စင်စားများ၊ လုပ်သက်ဆုငွေ၊ နေ့စားဝန်ထမ်းလုပ်ခစသည့်အခြေအနေများ၊ ဘတ်ဂျက် ခံနိုင်ရည်ရှိမှုအခြေအနေတို့ကို စိစစ်သုံးသပ်၍ ဆောင်ရွက်ရခြင်းဖြစ်ပကြောင်း၊ နိုင်ငံတော် အနေဖြင့် နိုင်ငံ့ ဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်ပေးရာတွင် ပညာရေးဝန်ထမ်းဆရာ ဆရာမများ ကိုသာ သီးခြားတိုးမြှင့်ပေးလျက်မဟုတ်ဘဲ ဌာန၊ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြ သည့် ပညာရေးဝန်ထမ်းများအပါအဝင် ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက် တိုးမြှင့်ပေးသည့်မူဝါဒကို ကျင့်သုံးလျက်ရှိပါကြောင်း။

နိုင်ငံတော်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်းကျောင်းအုပ်ကြီးများအတွက် ၎င်းတို့၏ ရာထူးအဆင့် အလိုက် ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းဖြင့် လစဉ်အုပ်ချုပ်မှုစရိတ်ကိုလည်းကောင်း၊ ပညာရေး ဝန်ထမ်း သင်ကြားရေးဆရာ ဆရာမများအတွက် အမြင့်ဆုံးရရှိသည့်ဘွဲ့အလိုက် လစဉ်ချီးမြှင့်ငွေ များကို ပါရဂူဘွဲ့ရရှိသူတစ်ဦးလျှင် ကျပ် ၃၀,၀၀၀၊ မဟာဒဿန၊ မဟာဘွဲ့၊ မဟာသုတေသနရရှိသူ တစ်ဦးလျှင် ကျပ် ၂၅,၀၀၀၊ ဘွဲ့လွန်ဒီပလိုမာရရှိသူတစ်ဦးလျှင် ကျပ် ၁၀,၀၀၀ စသည်တို့ဖြင့် လစဉ် ချီးမြှင့်ငွေများကို ပေးအပ်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအပါအဝင် ဌာန၊ အဖွဲ့အစည်းများ တွင်တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းအားလုံးအတွက် ရာထူးအဆင့်အလိုက် သတ်မှတ် ချိန်နှုန်းလစာ၊ လစဉ်အပိုထောက်ပံ့ကြေး၊ တစ်နှစ်လျှင်တစ်ကြိမ်ခံစားခွင့်ရှိသည့် ဝတ်စုံစရိတ်၊ အခမဲ့ အိမ်ရာတွင်နေထိုင်ခွင့်မရရှိဘဲ မိမိအစီအစဉ်ဖြင့် နေထိုင်ရသည့်ဝန်ထမ်းများအတွက် သတ်မှတ်ချက် နှင့်အညီ ခံစားခွင့်ရှိသည့် အိမ်ငှားစရိတ်၊ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်၊ တာဝန်ဖြင့် ခရီးသွား လာခြင်းအတွက် ခရီးသွားနေ့တွက်စရိတ်၊ အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ်နှင့် ရာထူးအဆင့် အလိုက် သတ်မှတ်ထားရှိသည့် တည်းခိုစရိတ်တို့ကိုလည်း ခံစားခွင့်ရရှိသည့်အပြင် ပညာရေးကဏ္ဍရှိ သင်ကြားရေးပိုင်းတွင် တာဝန်ယူဆောင်ရွက်နေကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ အတွက် သတ်မှတ်နှုန်းထားများဖြင့် လစဉ်ချီးမြှင့်ငွေပေးအပ်လျက်ရှိပါကြောင်း။

ယခုလက်ရှိအချိန်တွင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံး အတွက် ရာထူးအဆင့်အလိုက် သတ်မှတ်ချိန်နှုန်းလစာအပြင် အပိုထောက်ပံ့ကြေး၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ်၊ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့်ဒေသစရိတ်များ၊ တာဝန်ဖြင့်ခရီးသွား လာခြင်းအတွက် အမှန်တကယ်ကုန်ကျသည့်ခရီးစရိတ်၊ နေ့တွက်စရိတ်၊ တည်းခိုစရိတ်နှင့် သီးခြား သတ်မှတ်ချက်များဖြင့် ခံစားခွင့်ပြုထားသည့်စရိတ်တို့ကိုလည်း နိုင်ငံတော်၏ ဘတ်ဂျက်ခံနိုင်ရည် အပေါ်မူတည်၍ နှုန်းထားများကိုသတ်မှတ်ပြီးခံစားခွင့်ပြုလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော် အစိုးရမှ လတ်တလောတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား ထိုက်သင့်သည့် ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးနိုင်ရေး အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါ်စမ်းစမ်းဌေး(ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။             

နိုင်ငံတော်မှ ပံ့ပိုးထားသည်များလည်း တွေ့ရကြောင်း၊ သို့သော် အခက်အခဲများစွာ ရှိနေသည့် အတွက်ကြောင့် လုံလောက်မှုမရှိသည်ကို ပညာရေးဝန်ထမ်းများကို ဥပမာထားပြီး တင်ပြခဲ့ပြီး လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ပုံငွေလျာထား ဆောင်ရွက်ပေးနိုင်ရန် အတွက် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြလိုပြီး ရန်ပုံငွေလျာထားဆောင်ရွက်သည့်အခါတွင်လည်း ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိကိုလည်း ထပ်မံသိရှိလိုပါကြောင်းဖြင့် ဆက်စပ် မေးခွန်းအားမေးမြန်းပါသည်။ 

အဖြေ
အဖြေ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း က

မိမိအနေဖြင့်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဖြစ်သည့်အတွက်ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်း ကို အနည်းငယ်ရှင်းလင်းတင်ပြလိုပါကြောင်း၊ ဥပမာအားဖြင့် ပညာရေးဝန်ကြီးဌာန အတွက် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း အစီအစဉ်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ချေးငွေများ သို့မဟုတ် လစာ ချီးမြှင့်ငွေများ သို့မဟုတ် လစာများတိုးမြှင့်ပေးလိုပါက ပေးအပ်လိုသည့် အကြောင်းအရာ၊ အမျိုး အစား၊ နှုန်းထားများ၏ အဆိုပြုနှုန်းထားများကို နိုင်ငံတော်သမ္မတရုံးသို့ ပညာရေးဝန်ကြီးဌာနက မူ ရရှိရေးအတွက် ဦးစွာတင်ပြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက မူအားဖြင့် ခွင့်ပြုရန် တင်ပြလာခြင်းအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ သဘောထားတောင်းခံလာပါက မိမိ တို့အနေဖြင့်စိစစ်ပြီး ဖြစ်သင့်သည့်နှုန်းထားကို နိုင်ငံတော်သမ္မတရုံးကို ပြန်လည်တင်ပြရပါ ကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ သဘောထားမှတ်ချက် အား သက်ဆိုင်ရာ ဌာနသို့ပေးပို့ပြီးသည့်အခါသက်ဆိုင်ရာဝန်ကြီးဌာနကနေပြီး စီးပွားရေးကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းသို့ တင်ပြခွင့်ပြုချက်ရယူရပါကြောင်း၊ ခွင့်ပြုချက်များရရှိပြီးသည့် အခါ လစာ သို့မဟုတ် ချီးမြှင့်ငွေတိုးမြှင့်ရေးအတွက်ကို သက်ဆိုင်ရာ ဘဏ္ဍာနှစ် အလိုက် ပညာရေး သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက ထည့်သွင်းလျာထားပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို ပေးပို့ လာပါက မိမိတို့က စိစစ်ပြီးခွင့်ပြုပေးခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ ပညာရေးဝန်ကြီးဌာနမှ အကြောင်း ကြားလာပါက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်း အားပြန်လည် ဖြေကြားခဲ့ပါသည်။