ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)
ရွှေတောင်မြို့နယ်ရှိ ညံတောကြီးကျေးရွာနှင့် ညံကံကြီးကျေးရွာပေါင်းချုပ်လမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ရွှေတောင်မြို့နယ်သည် မြို့ပြရပ်ကွက် ၃ ခုသာရှိပြီး ကျေးရွာအုပ်စု ၄၈ အုပ်စု၊ မြို့နယ်၏ အကျယ်အဝန်းဧရိယာစတုရန်း မိုင် ၂၈၃.၉၄ မိုင်၊ ကျေးရွာပေါင်း ၂၉၇ ရွာရှိသည့်အတွက် မြို့ပြနှင့်နီး သည့် ကျေးရွာများသည် နည်းပါးပြီး မြို့နှင့်အလှမ်းဝေးကွာသည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သော အထူးသဖြင့် ၁၅ မိုင်၊ ၂၀ မိုင်ကျော်လောက်ဝေးသည့် နေရာများရှိ ကျေးရွာ များပြား ပါကြောင်း၊ ပေါင်းချုပ်အုပ်စုရှိ ညံတောကြီး၊ ညံကံကြီးကျေးရွာများဆိုလျှင် မြို့၏ တောင်ဘက် ယွန်းယွန်းမြို့နယ်အစပ်ထိဝေးကွာသည့်ကျေးရွာများဖြစ်ကြသောလယ်ယာလုပ်ငန်းနှင့် အသက်မွေး ဝမ်းကျောင်းပြုကြသည့် တောင်သူလယ်သမားများဖြစ်ကြပါကြောင်း၊ မြေနိမ့်လွင်ပြင် ဒေသများ ဖြစ်ကြသည့်အတွက် မိုးအခါတွင် စိုက်ခင်းများ ရေလျှံလျှင် ရွာပတ်လည်တွင် ရေများဝိုင်းရံ လေ့ရှိသည့်အတွက် ကျေးရွာနေ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ပညာရေးကိစ္စ၊ သာရေး၊ နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စအဖုံဖုံ ကြုံရသည့်အခါ မြို့ပြသို့သွားရောက်ရန် ရေများ လွှမ်းမိုး နေသည့်အတွက် ခရီးဖင့်နှေးမှုများ ဖြစ်ကြရပါကြောင်း၊ ဖြစ်နိုင်ပါက သက်ဆိုင်ရာဝန်ကြီးဌာန များမှ ပုဂ္ဂိုလ်များအနေဖြင့် မြေပြင်ပကတိ အခြေအနေမှန်ကို ဆင်း၍ စစ်ဆေးကြည့်ရှုပေးမည် ဆိုပါက ပိုမိုမြင်သာနိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းကာလတွင် သက်ဆိုင်ရာသို့ တင်ပြ ပြီး နောက် လွှတ်တော်ရန်ပုံငွေကို အခြေခံပြီး ဒေသခံပြည်သူများ၏လုပ်အား၊ ငွေအားတို့နှင့် မြေနီ၊ ကျောက်စရစ် လမ်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ရေမြုပ်ဒေသများဖြစ်ကြသည့်အတွက် နှစ်စဉ် ခင်းထားသည့် မြေများ ရေပျော်မျောပါကြသည့်အတွက် နှစ်စဉ်လိုလို ပြန်ပြီး ခင်းနေကြ ရပါကြောင်း၊ ပြည်သူများမှလည်း ကြာရှည်ခံမည့်ကွန်ကရစ်လမ်းလေး ခင်းပေးစေလိုသည့်ဆန္ဒ သဘောထားများ တင်ပြကြပါကြောင်း၊ သို့ဖြစ်ပါ၍ နှစ်မိုင်သာသာခန့်သာရှိသော အဆိုပါလမ်းပိုင်း နေရာတွင် ရာသီမရွေး သွားလာနိုင်စေရန် ပေါင်းချုပ်မှ ညံတောကြီး၊ ညံကံကြီးသွားသည့်လမ်းအား ဖြစ်နိုင်ပါက ကွန်ကရစ် လမ်းအဖြစ် တစ်ပါတည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ၊ အကယ်၍ အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ၍ မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
အထက်ပါမေးခွန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားသွားမည်ဖြစ် ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ အင်္ငူ-ပေါင်းချုပ်-ညံတောကြီး-ညံကံကြီးလမ်း သည် လမ်းအရှည် ၂ မိုင်၊ ၂ ဖာလုံတွင် ရွာတွင်းလမ်း ၁ မိုင်၊ ရွာချင်းဆက်လမ်း ၁ မိုင်၊ ၂ ဖာလုံ ရှိပါကြောင်း၊ အဆိုပါလမ်းကို အင်္ငူ၊ ပေါင်းချုပ်၊ ညံတောကြီး၊ ညံကံကြီးနှင့် စုစုပေါင်း ကျေးရွာ ၄ ရွာမှ ပြည်သူများ အသုံးပြုလျက်ရှိပါကြောင်း၊ ကျေးရွာတွင်း လမ်းမိုင်အကျယ် ၁၈ ပေခန့်ရှိ မြေနီ လမ်း၊ ကျေးရွာချင်း ဆက်လမ်း ၁ မိုင်၊ ၂ ဖာလုံ၊ အကျယ် ၇ ပေခန့်သာရှိသည့် မြေသားလမ်း များရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးပြောသွားသကဲ့သို့ ရေတက်လာသည့်အခါ လယ်ကွင်းနှင့် ဆက်စပ်နေသည့် အတွက်ထိုကျေးရွာလမ်းကို ဖုံးလွှမ်းသွားသည့် မြေပုံအမှတ် အသား လည်းဖြစ်ပါကြောင်း၊ ကျေးရွာချင်း ဆက်လမ်း ၁ မိုင်၊ ၂ ဖာလုံသည် အကျယ် ၇ ပေခန့် သာ ရှိပြီး မြေသားလမ်းဖြစ်ပါကြောင်း၊ ကျေးရွာတွင်း လမ်းထက် Level နိမ့်နေသည့်အတွက် လိုအပ် သောလမ်းအကျယ် ၁၈ ပေနှင့် လမ်း Level ရအောင် မြေသားတာဘောင်မြှင့်သည့်ကိစ္စနှင့် မြေနီ ခင်း သည့်ကိစ္စကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊
သို့ပါ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်းနှင့် လက်ရှိ လိုအပ်မှုအပေါ် ရွေးချယ်၍ ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်ကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေသားလမ်း ၁ မိုင် ၂ ဖာလုံကို မြေသားတာဘောင်ချဲ့ခြင်းနှင့် မြေနီခင်း ခြင်းလုပ်ငန်းတို့ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး ရန်ပုံငွေ နှင့် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
မိမိအနေဖြင့် ကျေးရွာဒေသများကို ကွင်းဆင်းပြီး ကျေးရွာနေပြည်သူများ၏ ဆန္ဒ သဘော ထား များ ကျေးရွာ၏ လမ်းပိုင်းအခြေအနေများကို စစ်ဆေးကြည့်ရှုမေးမြန်းသည့်အခါ ပထမ မိမိတင်ပြ ထားသကဲ့သို့ ကျေးရွာ၏ လမ်းပန်းဆက်သွယ်မှုအခက်အခဲမှာ အဓိက မိုးတွင်းကာလ များတွင် ထိုနေရာ များသည် လယ်ယာမြေများ ပတ်လည်ဝိုင်းနေသည့် ကျေးရွာများ ဖြစ်သည့် အတွက် ထိုမြေများသည် လည်း မြေနိမ့်ပိုင်း၊ မြေညီပိုင်းများသည့်အတွက် မိုးတွင်းအခါ အမြဲတမ်း ရေနစ် မြုပ်ပါကြောင်း၊ ထိုသို့ နစ်မြုပ်သည့်အခါ ပထမအကြိမ် သက်တမ်းကာလက လွှတ်တော် ရန်ပုံငွေနှင့် ကျေးရွာနေပြည်သူများ လုပ်အားနှင့် ရန်ပုံငွေများစုဆောင်းပြီး မြေနီလမ်းများ ခင်းခဲ့ သော်လည်း ထိုလမ်းများသည် အချိန် ကြာသည့်အခါ ရေမျောခြင်းများ အမျိုးမျိုးဖြစ်သည့်အခါ မိုးတွင်းရောက်တိုင်း ရေနစ်မြုပ်ခြင်းများ၊ သွားလာမှုခက်ခဲခြင်းများ ဖြစ်ခဲ့ပါကြောင်း၊ ဒုတိယ ဝန်ကြီးအနေဖြင့် မြေတာဘောင်၁၈ ပေအကျယ် ချဲ့ရန်နှင့် မြေနိမ့်လွင်ပြင် အဓိကဖြစ်သည့် ၁ မိုင်၊ ၂ ဖာလုံလောက်ကိုသာ မြေသားလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ကို သိရ၍ ဝမ်းသာ သော်လည်း ဒေသခံပြည်သူများ၏ မကြာခဏ တင်ပြတောင်းဆိုချက်များအရ ကွန်ကရစ်လမ်း လေး ဖြစ်ချင်သည့် ဆန္ဒ အမြဲရှိနေသည့်အတွက်တင်ပြခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့၏ ဆန္ဒအရ၊ တင်ပြချက် အရ ပြောမည်ဆိုလျှင် ဒုတိယဝန်ကြီး လုပ်ကိုင်ပေးမည့် အနေအထားကိုလည်း ဝမ်းသာသလို မြေသားလမ်းပြီးသည့်အခါကွန်ကရစ်လမ်းကိုဖြစ်နိုင်မည့်ဘဏ္ဍာရေးနှစ်တွင်ဆက်လက်ဆောင်ရွက် ပေးနိုင်မည်ဆိုလျှင်အင်မတန်မှအတိုင်းထက်အလွန်ဝမ်းသာစရာဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းလေး ဆက်ပြီးခင်းပေး နိုင်မည်ဆိုသည်ကို သိရှိလို ပါကြောင်း မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
ကျေးရွာအနေဖြင့် ပထမဦးဆုံးလမ်းတွင် ကျေးရွာချင်းဆက်လမ်းများသည် အားလုံး ၁ မိုင်ရှိ ပြီး လမ်းအကျယ် ၁၈ ပေရှိပါကြောင်း၊ ကျေးရွာချင်းဆက်လမ်း ၁ မိုင်၊ ၂ ဖာလုံမှာ ၇ ပေအကျယ် ရှိပါကြောင်း၊ ထို့ကြောင့် ၇ ပေကျယ်သည့် နိမ့်နေသည့်နေရာကို ပထမဦးဆုံး မြို့နယ်တွင် ရရှိသည့် ဘတ်ဂျက်ပေါ် မူတည်၍ လယ်မြေနှင့် တစ်တန်းတည်းဖြစ်နေသည့်နေရာကို မြေသား တာဘောင် မြှင့် ပြီး ၁၈ ပေကျယ်သည့်လမ်းကို ပထမဦးစွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုလမ်း ပြီးသွားမှသာ တာဘောင်ခင်းခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီးရန်ပုံငွေနှင့် လျာထားတင်ပြတောင်းခံသွားပြီး ရရှိသည့် ဘဏ္ဍာငွေ အပေါ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ကွန်ကရစ် လမ်းနှင့်စပ်လျဉ်းသည့်ကိစ္စကိုလည်း ဆက်ပြီး ဦးစားပေးရွေးချယ်မှုအပေါ် မူတည်ပြီး ရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်၍ ဆက်လက်တင်ပြ တောင်းခံ ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။