MY EN

(က)- ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)-မေးခွန်း

2026-07-24
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)
ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးများ ဖွင့်လှစ်လျက်ရှိသော်လည်း တချို့ရုံးမြေနေရာ၊ ရုံးသုံးပစ္စည်းကိရိယာ များနှင့် ဘဏ္ဍာငွေမရှိခြင်းတို့ကြောင့် တိုးမြှင့်ထောက်ပံ့ပေးရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်သူ့ဝန်ဆောင်မှုရုံးများကို ၂၀၁၀ မှ ၂၀၁၅ ခုနှစ်ကာလအတွင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)များ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များမှာ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အဆင်ပြေ ချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုတားမြစ်ရန်၊ ပြည်သူများမှ အစိုးရဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုများ တိုးပွားလာစေရန်နှင့် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်း(Check and Balance)လုပ်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop) များကို ၂၀၁၅ ခုနှစ်တွင် နိုင်ငံတကာအတွေ့အကြုံများရရှိစေရန် နိုင်ငံတော်အစီအစဉ်ဖြင့် လည်းကောင်း၊ UNDP ၏ အထောက်အပံ့ဖြင့်လည်းကောင်း၊ အာရှနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မွန်ဂိုလီးယား စသည့် နိုင်ငံများ၊ ဥရောပနိုင်ငံများဖြစ်သော ဆွီဒင် နိုင်ငံ၊ တူရကီနိုင်ငံ စသည့် နိုင်ငံများထိ ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop) ဟု ခေါ်ပါကြောင်း၊ တချို့နေရာတွင် One Stop Service၊ One Window Service ဆောင်ရွက်သည်ကို  မိမိတို့ သွားရောက်လေ့လာခွင့်ပြုခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း ထိုအတွေ့အကြုံများယူပြီး OSS ရုံးများကို စတင်ဖွင့်လှစ်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်းတို့၏ဝန်ဆောင်မှုလုပ်ငန်း များကို ပြည်သူများ သိသာထင်ရှားအောင် ရှေ့တွင် ဖော်ပြထားပါကြောင်း၊ ကွန်ပျူတာနှင့် ကြည့်၍ရပါကြောင်း၊ စာအုပ်စာတမ်းများနှင့်လည်း လေ့လာကြည့်ပြီး လိုချင်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်အောင် တောင်သူလယ်သမားများမှအစ အလုပ်သမားအဆုံး၊ ရပ်ကွက်နေပြည်သူအားလုံး အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေနှင့် စိုက်ပျိုးရေးလယ်သမားတောင်သူ များအတွက် OSS ရုံးများ ဖွင့်လှစ်ရန် လယ်သမားများအတွက် လိုအပ်သည့် ပျိုး၊ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးစရိတ်ချေးငွေ စသည့် ဝန်ဆောင်မှုများမှအစ လယ်ကွင်းထဲအထိ OSS ရုံးများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်အောင် လေ့လာတွေ့ရှိခဲ့သည့်အတွက် များစွာအားရကျေနပ်ခဲ့ပါကြောင်း၊ မိမိတို့ပြည်သူများအနေဖြင့် အစိုးရဌာနဆိုင်ရာများထံမှ ဝန်ဆောင်မှုများရယူရာတွင် အချိန်ကုန်၊ ငွေကုန်သက်သာပြီး ဌာနဆိုင်ရာများနှင့် လွယ်ကူစွာဆက်ဆံဆောင်ရွက်နိုင်စေရန် တစ်နေရာတည်း၊ တစ်မိုးတစ်ကာတည်းအောက်တွင် စုပေါင်းဖွင့်လှစ်ထားသည့် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop) များကို ၂၀၁၅ ခုနှစ်မှစ၍ မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် ဖွင့်လှစ်ပြီး ပြည်သူများကို ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

OSS ရုံးများတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အများဆုံး ၁၆ ဌာနကို ဝန်ဆောင်မှုအမျိုးအစားပေါင်း ၁၅၀ ကျော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါဌာနများအနေဖြင့် လွယ်ကူ လျင်မြန်စွာ ချက်ချင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ဆောင်ရွက်ပေးပါကြောင်း၊ ချက်ချင်းဝန်ဆောင်မှုမပေးနိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပုံနည်းလမ်းအဆင့်ဆင့် အသိပေးရှင်း လင်းခြင်း၊ ညွှန်ပြပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် Complain Center များ ထားရှိ ပြီး တိုင်ကြားရန်အတွက်လည်း သက်ဆိုင်ရာဌာနများ၊ ဖုန်းနံပါတ်များပါရေးပေးထားပါကြောင်း၊ နိုင်ငံတစ်ဝန်း သမ္မတကြီးဦးသိန်းစိန်လက်ထက် ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်သူ့ဝန်ဆောင် မှုရုံး မြို့နယ်ပေါင်း ၃၃၀ တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဥပမာအားဖြင့် မိတ္ထီလာမြို့နယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လ.ဝ.က စသည်ဖြင့် စိုက်ပျိုးရေး၊ သက်ဆိုင်ရာဆက်စပ် သည့်ဌာနများအားလုံးမှ ၎င်းတို့ဆောင်ရွက်မည့် ဝန်ဆောင်မှုများကို ပွင့်လင်းမြင်သာစွာချပြထားပြီး ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကျေနပ်ဖွယ်မရှိသည့်အခါ တိုင်ကြားရန် ဖုန်းနံပါတ်များ ပေးထားပါ ကြောင်း၊ OSS ရုံးများကို အများပြည်သူ သွားလာလွယ်ကူသည့် ရုံးနေရာများတွင် ဖွင့်လှစ်၍ ဝန်ဆောင်မှုဆောင်ရွက်ပေးနေပါကြောင်း၊ တချို့ရုံးများမှ ရုံးပိုင် မြေနေရာအဆောက်အဦမရှိပါဘဲ လိုအပ်ချက်ထောက်ပံ့မှု၊ ပရိဘောဂရုံးသုံးပစ္စည်း၊ အထွေထွေကုန်ကျစရိတ် စသည်တို့အတွက် ဘဏ္ဍာငွေမရှိပါကြောင်း၊ ထို့ကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများထံအဂတိ (Corruption)ကင်းရှင်းစွာဖြင့် ထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် ပြည်သူများမှ အစိုးရဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုများ တိုးပွားလာစေရေးအတွက် အခြေခံရုံးများဖြစ် သည့် ပြည်သူဝန်ဆောင်မှုရုံး(One Stop Shop)များ ပိုမိုအောင်မြင်လာစေရေးအတွက် လိုအပ်နေ သည့် ထိုက်သင့်သော ဘဏ္ဍာငွေကြေးနှင့် အထောက်အပံ့များတိုးမြှင့်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

             ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၅ ရက်အထိ နေပြည်တော် MICC II တွင် မြန်မာနိုင်ငံ ကောင်းမွန်သောအုပ်ချုပ်မှုလုပ်ငန်းစဉ်ဆိုင်ရာဖိုရမ်ကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် UNDP တို့ပူးတွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံ၏ကောင်းမွန်သော အုပ်ချုပ်မှု လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း OSS များအား စတင်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေသည့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စား မှုများကို တားမြစ်ပြီး ထိရောက်သည့် ဝန်ဆောင်မှုအလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်နှင့် ပြည်သူများမှ အစိုးရနှင့်ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုတိုးပွားလာစေရန်နှင့် တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန်အလှန် ထိန်းကျောင်းမှုပြုနိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့အတွက် OSS ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ ဝန်ဆောင်မှုရုံးများကို ခရိုင်ရုံးစိုက်ရာမြို့နယ် ၇၂ မြို့နယ်တွင် ၇-၇-၂၀၁၅ ရက်၌ စတင်ဖွင့်လှစ်ခဲ့ပါ ကြောင်း၊  ပြည်သူတို့အတွက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဒုတိယအဆင့်အနေ ဖြင့် ကျန်မြို့နယ်များတွင်လည်း ၁၂-၁၀-၂၀၁၅ ရက်မှစ၍ ဆက်လက်ဖွင့်လှစ်ခဲ့ရာ နယ်မြေ အခြေအနေနှင့် ဒေသအခြေအနေများအရ မဖွင့်လှစ်နိုင်သည့် ၁၄ ရုံးမှအပ မြို့နယ် ၃၃၀ တွင် ၃၁၆ ရုံး ဖွင့်လှစ်ခဲ့ပြီး ဝန်ဆောင်မှုအမျိုးအစားပေါင်း ၁၆၄ မျိုးကို ဌာန ၂၉ ခုမှ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)များ ထူထောင်ပြီးမှ အကောင်အထည်ဖော်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀-၅-၂၀၁၅ ရက်စွဲပါစာအမှတ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၁၆ ဦးဖြင့်လည်း ကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် OSS ရုံးများ ထူထောင် ဖွင့်လှစ်အကောင်အထည်ဖော်ရေးဆပ်ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၁-၈-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး OSS ရုံးများကို စတင်ဖွင့်လှစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ ၃-၈-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၅)ဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကို ဖျက်သိမ်းခဲ့ပြီး တာဝန်ထမ်းဆောင်နေသော အဖွဲ့များကိုလည်း သက်ဆိုင်ရာရုံးများတွင် ပြန်လည်တာဝန် ထမ်းဆောင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် လက်ရှိအနေအထားသည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် အညီ ၎င်းတို့ရဲ့ သက်ဆိုင်ရာရုံးများတွင်သာ ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် သက်ဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်‌ပေးနေသော် လည်း မိမိတို့ထက်ပို၍ တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံများတွင် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ရုံးတစ်ရုံးလုံးကြီး စုပေါင်းရုံးကြီးကို ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ စုပေါင်းရုံးကြီးဖွင့်ရန် ယခင်ခေတ်က ရန်ကုန်မြို့တွင် စုပေါင်းရုံး၊ ဝန်ကြီးများရုံးများ ရှိခဲ့ပါကြောင်း၊ စုပေါင်းပြီးလုပ်ခြင်း၊ အကောင် အထည်ဖော်ခြင်း၊  အခြေခံလိုအပ်ချက်များဖြစ်သည့် ဥပမာ အခွန်ဆောင်မည်ဆိုလျှင် သက်ဆိုင်ရာဝန် ကြီးဌာနသို့ တံဆိပ်ခေါင်းသွားဝယ်ရမည့်အစား OSS ရုံးတွင်ဝယ်၍ရကြောင်း၊ ယစ်မျိုးလိုင်စင်၊ မြေခွန်၊ မီတာခွန်များလည်း ဆောင်၍ရပါကြောင်း၊ ယခုလို အခြေခံလူတန်းစားအတွက် လိုအပ်သည့် အခွန်ဆောင်မှုများ ပါဝင်ဖြည့်ဆည်းခြင်း၊ လျှောက်လွှာဝယ်ယူသည်မှအစ တံဆိပ်ခေါင်းဝယ်တာ အဆုံး ထိုကိစ္စများအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ရုံးမရှိရင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးခန်းတစ်ခုတွင် လတ်တလောစီစဉ်ပေး ပါကြောင်း၊ ဝန်ကြီးချုပ်များ စီစဉ်ပေးသည့်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆိုလျှင် မိတ္ထီလာ ဆိုလျှင် သီးခြားနေရာပေး ဆောင်ရွက်ပေးကြောင်း ပြည်ထောင်စု ဒုတိယဝန်ကြီး ရှင်းပြသွားသည်ကို  ကျေးဇူးတင်ပါကြောင်း။ 

သို့သော် ထိုထဲတွင်ပါသည့်အချက်မှာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ဆောင်မှုများပေး နေသည်ဆို၍ မိမိတို့ဆိုလိုသည့် One Stop Shop သည် ဝန်ကြီးဌာနများတွင် ပေးနေခြင်းထက်ပိုပြီး စုပေါင်းလုပ်ပေးခြင်းအားဖြင့် ဌာနဆိုင်ရာအချင်းချင်း မျက်နှာချင်းဆိုင်ထိုင်ရသည့်အတွက် အောက်ခြေကအရာထမ်း၊ အမှုထမ်းများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်(Check and Balance) ဖြစ်ပြီး Corruption ဆိုသည့် အဂတိတရား၊ ပိုက်ဆံတောင်းခံပါသည်ဟု  ဘယ်ပဲသွားသွား ထောက်ခံစာပေးရသည့် လ.ဝ.က မှတ်ပုံတင်ပျောက်ဆုံးခြင်းဖြစ်ဖြစ်၊ နောက်ဆုံး သန်းခေါင်စာရင်း သွားဖြည့်ခြင်းဖြစ်ဖြစ်၊ အဘိုးအဘွားသေ၍ ဖြည့်ခြင်းဖြစ်ဖြစ် ပိုက်ဆံပေးရသည့်အစား ထိုဟာအားလုံးကို Check and Balance လုပ်ပြီး ထိုင်သည့်ရုံးများဖြစ်ပြီး ရုံးကြီးများတွင် လုပ်နေသည့် ဝန်ဆောင်မှုအကြီးစားကြီး ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ One Stop Shop ဆိုသည်မှာ သေးသေးလေးဖြစ်ပြီး One Stop Window၊ One Window ဖြစ်ပါကြောင်း၊ ယခင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်သာ တချို့ဆို ရှိသည့်ရုံးခန်းများတွင် တွဲလုပ်ပေးပါကြောင်း၊ တချို့ စိတ်ဝင်စားသည့် ဝန်ကြီးချုပ်များဆိုလျှင် ပြည်နယ်များတွင် မြေနေရာသတ်သတ် လုပ်ပေးပါကြောင်း၊ မိမိတင်ပြသည်မှာလည်း ရုံးကြီးများ၏ဝန်ဆောင်မှုများအစား အခြေခံလူတန်းစားများအတွက် တင်ပြပါအတိုင်း နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် အားသာချက် အများကြီးရှိပြီး အားနည်းချက်များလည်း ရှိလိမ့်မည်ဖြစ်ပါ ကြောင်း၊ သို့သော် နိုင်ငံတကာမှပြုလုပ်နေသည့် အဂတိတရားနှင့် လာဘ်ပေးလာဘ်ယူလျော့ကျ စေခဲ့သည့် ပြည်သူ့ဝန်ဆောင်မှု(One Stop Shop)သည် ဝန်ထမ်းများထုတ်နုတ်ပြီးသည့်အခါ ထိုရုံးလေးအတွက် လိုအပ်သည့်ကွန်ပျူတာ၊ စားပွဲ၊ ကုလားထိုင်၊ စာရွက်စာတမ်းများ ထောက်ပံ့ ပေးနိုင်ရန်သာ တင်ပြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒုတိယဝန်ကြီးရှင်းပြသွားသလို လာမည့်ဘဏ္ဍာ ရေးနှစ်တွင် ထောက်ပံ့မည့်ဟာလည်း အများကြီးမဟုတ်ပါကြောင်း၊ သက်ဆိုင်ရာမှ ဝန်ဆောင်မှုလာ တောင်းခံသည့်အခါသုံးမည့် စာရွက်စာတမ်းများ ထောက်ပံ့လျှင် အဆင်ပြေပါကြောင်း၊ ထို့ကြောင့် ယခုစီစဉ်မှုမရှိလျှင် နောင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ရန်ပုံငွေတင်ပြတောင်းခံ ထုတ်နုတ်ပြီး ဆောင်ရွက်မည့် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop)အတွက် ဘဏ္ဍာငွေတင်ပြ ဆောင်ရွက်ပေးရန်လည်း မေတ္တာရပ်ခံပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

One Stop Service ပဲခေါ်ခေါ်၊ One Stop Shop ပဲခေါ်ခေါ် မိမိတို့ဝန်ကြီးဌာနများမှ ပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ပေါ် မူတည်၍ ဘယ်ဝန်ကြီးဌာန၊ မည်သည့်အဖွဲ့အစည်းကို ထည့်မည်လဲဆိုသည့် Process ကိုသွားရပါကြောင်း၊ ထို့အပေါ်မူတည်၍ အစိုးရအဖွဲ့၏ ညွှန်ကြား ချက်အပေါ် မိမိတို့ဝန်ကြီးဌာနများမှ လိုက်ပါဆောင်ရွက်ရပါကြောင်း၊ အစိုးရအဖွဲ့မှ ညွှန်ကြားလာ သည့်အခါ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြထားသည့် OSS ရုံးခွဲများ ဖွင့်လှစ်နိုင်ရေး ဆက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။