ဦးစောမောင်(ဆားလင်းကြီးမဲဆန္ဒနယ်)
ယင်းမာပင်ခရိုင်ရှိ နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရန် ခက်ခဲလျက်ရှိပါသဖြင့် အကြမ်းဖက်များ ကင်းစင်ပပျောက်ရေး အမြန်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်ကြသည့် ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ဆားလင်း ကြီး စသည့် မြို့နယ်များရှိ ပြည်သူများသည် တောင်သူလယ်သမားအလုပ်နှင့် ရိုးသားစွာ လုပ်ကိုင် စားသောက်နေသူများဖြစ်ကြပါကြောင်း၊ ၂၀၂၀ ပြည့်ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်ကြောင့် တပ်မတော်မှ နိုင်ငံတော်အာဏာကို ယာယီထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ အာဏာထိန်းသိမ်းမှုကို မကျေနပ်သည့် နိုင်ငံရေးပါတီနှင့် ၎င်းပါတီ ဝင်များက ဆူပူ လှုံ့ဆော်ဆန္ဒပြကြပြီး ထိုမှတစ်ဆင့် လက်နက်စွဲကိုင် တော်လှန်ရေးခေါင်းစဉ်တပ် ကာ နိုင်ငံတော်ကို စတင်တိုက်ခိုက်လာခဲ့ကြပါကြောင်း၊ ထိုသို့ လက်နက်စွဲကိုင်သည့် အဖွဲ့များသည် အေးချမ်းစွာနေလိုသည့် ပြည်သူများကိုလည်း ၎င်းတို့အလိုကျလိုက်ပါ ပူးပေါင်းဆောင်ရွက်ရန် အဓမ္မ စည်းရုံးခဲ့ပြီး ၎င်းတို့နှင့်သဘောထားမသူတူများကိုလည်း ငါနဲ့မတူ ငါ့ရန်သူ လို့ မှတ်ယူပြီး ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာများကိုသိမ်းဆည်းခြင်း၊ အုပ်ချုပ်ရေး မှူးများ၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ရဟန်းသံဃာများပါမကျန် ဖမ်းဆီးသတ် ဖြတ်ခြင်းတို့ ပြုမူ လာခဲ့ကြပါကြောင်း၊ ထို့အတွက်ကြောင့် အများစုနှင့်ဝန်ထမ်းများ၊ တချို့သောရဟန်းသံဃာတော် များ မိမိတို့နေရပ်ကိုမစွန့်ခွာလိုသော်လည်း အသက်အန္တရာယ်ရှိလာသဖြင့် နေရပ်စွန့်ခွာပြီး ဘေး ကင်းရာဒေသများတွင် တိမ်းရှောင်လျက် စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရှာဖွေစား သောက် နေကြ ရတာဖြစ်ပါကြောင်း၊ တစ်နယ်တကျေးကို သွားစရာခိုလှုံစရာမရှိသည့် ပြည်သူများမှာလည်း အကြမ်း ဖက်တို့၏ ဒဏ်ကိုခါးစည်းခံရင်း ယနေ့အထိ ကြိတ်မှိတ်နေကြရပါကြောင်း၊ ထိုသို့ ဒုက္ခရောက် နေကြသည်မှာ ၅ နှစ်ကျော်ကာလသို့ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ပြည်သူအများစုအနေဖြင့် ၂၀၂၅-၂၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသည့် အစိုးရအသစ် လက်ထက် တွင် မကြာမီနယ်မြေအေးချမ်းပြီး မိမိတို့ရပ်ရွာ အိုးအိမ်များသို့ ပြန်ကြရနိုင်မည်ဟု မျှော်လင့်ခဲ့ ကြပါ ကြောင်း။
ပြည်သူများအနေနှင့် ထိုသို့မျှော်လင့် ခဲ့ကြသော်လည်း ယနေ့အချိန်ထိ နိုင်ငံတော်အစိုးရအ နေဖြင့် အကြမ်းဖက်သမားများကို ဖယ်ရှားရှင်းလင်း နေရဆဲဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်ထိရောက်မြန်ဆန်မှုရှိစေရန်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကြေညာပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ကြေညာခံထားရသည့် မြို့နယ် ၆၀ ကျော်ထဲတွင် စိုးမိုးနိုင်သည့် ချင်း ပြည်နယ်မှ တွန်းဇံနှင့် ဖလန်းမြို့တို့သာ စစ်အုပ်ချုပ်ရေးပယ်ဖျက်ပြီး ကျန်မြို့နယ်များ ထပ်မံ အုပ်ချုပ် ခွင့်ရရန် ၂၁-၇-၂၀၂၆ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကြီးက သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးပေးထားသည့် ၃ လတာ ကာလအတွင်း မိမိတို့ဒေသများ တည်ငြိမ်အေးချမ်းလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ယနေ့အချိန်ထိ ဖြစ်မလာသေးပါကြောင်း၊ ထို့အတွက် ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် တပ်မတော်မှယခုထက်ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်ဟုယုံကြည်အားကိုး မျှော်လင့်နေကြ ပါကြောင်း၊ အကြမ်းဖက်သမားများ ကင်းစင်မှသာလျှင် တိုင်းပြည်အေးချမ်းသာယာမည်ဟု ယုံကြည်ပါကြောင်း၊ အများပြည်သူများပါဝင်ပြီး နိုင်ငံတော်ကာကွယ်ရေးဆောင်ရွက်နေသူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြ မည်ဆိုလျှင် တိုင်းပြည် အေးချမ်းသာယာမည်လို့ ယုံကြည်ပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးသည် နယ်မြေဒေသမအေးချမ်းတာကြောင့် ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတားစသည်ဖြင့် လိုအပ်ချက်များရှိသော်လည်း မတောင်းဆိုရဲကြပါကြောင်း၊ ကိုယ့်အရပ် ကိုယ့် ဒေသပြန်ပြီး အေးချမ်းစွာလုပ်ကိုင် စားသောက်နေလိုကြပါကြောင်း၊ သို့ဖြစ်ပါ၍ ယာယီနေရပ် စွန့်ခွာ ပြည်သူများနေရပ်ပြန်နိုင်ရေးအတွက် နယ်မြေအေးချမ်းရေးနှင့် အကြမ်းဖက်သမားများကင်းစင် ရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ အလေးထားစီမံဆောင်ရွက်သွားမည်ကို သိလို ပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ဗိုလ်ချုပ်မင်းသူ က
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလ မြို့နယ် နှင့် ယင်းမာပင်မြို့နယ်၊ ၄ မြို့နယ်ပါဝင်ပြီး ကနီမြို့နယ်မှာ ရပ်ကွက်ကြီး ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၅ အုပ်စု၊ ကျေးရွာ ၁၈၈ ရွာဖြင့်လည်းကောင်း၊ ဆားလင်းကြီးမြို့နယ်တွင် ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာ အုပ် ၃၉ အုပ်စု၊ ကျေးရွာ ၁၅၀ ရွာဖြင့်လည်းကောင်း၊ ပုလဲမြို့နယ်တွင် ရပ် ကွက် ၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၅၉ အုပ်စု၊ ကျေးရွာ ၁၉၁ ရွာဖြင့်လည်းကောင်း၊ ယင်းမာ ပင် မြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာ ၁၆၈ ရွာတို့ဖြင့် ဖွဲ့စည်း ထားသည်ကိုတွေ့ရပါကြောင်း။
အဆိုပါ ဒေသများသည် ၂၀၂၁ ခုနှစ်မှစတင်ပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ အပြစ်မဲ့ဒေသခံပြည်သူများကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူအများစုသည် ပြည်တွင်းပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့်အပြင်လုံခြုံရေးကောင်းမွန်သည့်အခြားဒေသများသို့လည်း နေရပ်စွန့်ခွာ တိမ်းရှောင်လျက်ရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ ၄ မြို့နယ်နှင့်ကျေးရွာများတွင် အနောက် မြောက် တိုင်းစစ်ဌာနချုပ်၏ ဦးဆောင်ကွပ်ကဲမှုဖြင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်များမှ အခြေပြုလုံခြုံရေး ကင်းများအပြင် တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲကွန်မန်ဒို စစ်ကြောင်းတို့ဖြင့် PDF အမည်ခံ အကြမ်းဖက်သောင်းကြမ်း သူအဖွဲ့များအား ရှင်းလင်းဆောင်ရွက် လျက်ရှိရာ ယခုအခါတွင် ယင်းမာပင်ခရိုင်အတွင်း နယ်မြေ အခြေအနေတွင်လည်း အထိုက်အလျောက် အေးချမ်းလာပြီဖြစ်ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီးနယ်မြေ သတင်း ရရှိချိန်များနှင့် အရေးကြီးကာလများတွင် ဧည့်စာရင်း စစ်ဆေးခြင်း၊ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်း၊ မြို့ဝင်မြို့ထွက်များတွင် စစ်ဆေးရေး ဂိတ်များဖွင့်ပြီး PDF အကြမ်းဖက်များ မြို့တွင်းသို့ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်း၊ အပတ်စဉ် မြို့နယ် အတွင်းရှိသည့် အကြမ်းဖက်အဖွဲ့များ၏သတင်းများကို ရယူပြီး သတင်းညှိနှိုင်းခြင်းများ ပြုလုပ်ကာ သတင်း ညှိနှိုင်းပေါင်းစပ်ပြီး နယ်မြေအေးချမ်း သာယာရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ PDF အကြမ်းဖက်အဖွဲ့ဝင်များ ကင်းစင် ပပျောက်နိုင်ရေအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်များနှင့်အတူ ဖြေကြားခဲ့ပါသည်။