ဦးငွါးရဲ့ဆဲ(မချမ်းဘောမဲဆန္ဒနယ်)
မချမ်းဘောမြို့နယ်တွင် မီးသတ်ဦးစီးဌာနအတွက် အဆောက်အဦကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၃ စု၊ မြို့နယ်လူဦးရေ ၁,၁၄၉၃ ဦးခန့် နေထိုင်လျက်ရှိပါကြောင်း၊ မချမ်းဘောမြို့နယ် မီးသတ်ဦးစီး ဌာနကို ၂၀၁၃ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ဌာနတာဝန်ခံ ၁ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးသတ်ယာဉ် ရေဂါလံ ၈၀၀ ဆံ့ ၁ စီးနှင့် ၁၆၀၀ ဂါလံဆံ့ ၁ စီးတို့ ရရှိထားသော်လည်း မီးသတ် ဦးစီးဌာန စတင် ဖွဲ့စည်းစဉ်တွင် ဌာနပိုင်မြေနေရာမရှိသဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနပိုင်မြေနေရာကို ငှားရမ်း၍ ခက်ခက်ခဲခဲ အသုံးပြုထမ်းဆောင်လျက်ရှိပါကြောင်း။
ယခုအခါ မချမ်းဘောမြို့ တိုးချဲ့ဧရိယာတွင် မီးသတ်ဦးစီးဌာနပိုင် မြေ ၂ ဧက ရရှိထားပြီး ဖြစ်၍ မြို့နယ်ရှိပြည်သူများ၏ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ပေးနိုင်ရန်နှင့် သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုတွင် အချိန်မီတုံ့ပြန်ကူညီနိုင်ရန်အတွက် ဌာနပိုင်မြေနေရာ၌ မီးသတ်ဦးစီးဌာနရုံး အဆောက်အဦအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ အိမ်ခြေ ၁,၇၀၄ လုံး၊ အိမ်ထောင်စု ၁,၉၅၄ စု၊ လူဦးရေ ၁၀,၀၆၀ ဦး၊ မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၃ စု၊ ကျေးရွာပေါင်း ၃၁ ရွာ၊ စည်ပင်သာယာဈေး ၁ ခု၊ ဌာနဆိုင်ရာ ၂၇ ခု၊ ဌာနဆိုင်ရာအဆောက်အဦ ၂၆၄ လုံးနှင့် စာသင် ကျောင်းပေါင်း ၃၁ ကျောင်းတို့ရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ မချမ်းဘောမြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးမှူးရုံးနှင့်စခန်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဂူဘားရိပ်သာ၊ လိပ်ပြာဆောင် တွင် ရုံးခန်းဖွင့်လှစ်ထားရှိပြီး ဒုတိယမီးသတ်ဦးစီးမှူးဦးစီးသည့် တပ်ဖွဲ့ဝင် ၁၁ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၂ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီးတို့ဖြင့် မြို့နယ်၏ မီးဘေး လုံခြုံရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၀ နှစ်အတွင်း မီးလောင်မှု ၂ ကြိမ်ရှိခဲ့သည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ မချမ်းဘောမြို့နယ်မီးသတ်ဦးစီးဌာနရုံး ဖွင့်လှစ်ရန် အတွက် ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြေပေးမိန့်ဖြင့် ခွင့်ပြုချထားပေးသည့် မချမ်းဘောမြို့၊ အမှတ် ၃ ရပ်ကွက်၊ မြို့မ ၃ ၊ ဦးပိုင်အမှတ်(၁၂/၅)ရှိ မြေဧရိယာ ၂ ဧကတွင် မြို့နယ် မီးသတ်စခန်းအဆောက်အဦ ဆောက်လုပ်ပေးရန် လိုအပ်ရှိသည်ကိုလည်း စစ်ဆေးတွေ့ရှိရပါ ကြောင်း။
မီးသတ်ဦးစီးဌာနအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ပြီး ပြည်ထောင်စုနယ်မြေ (နေပြည် တော်)၊ ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်) တို့အတွက် ပြည်ထောင်စုခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်များရှိ ဖွဲ့စည်းပုံခွင့်ပြုထားသော မီးသတ်စခန်းများတွင် မီးသတ်စခန်းအဆောက်အဦများ ဆောက်လုပ် ခြင်း၊ ဝန်ထမ်းနေအိမ်များဆောက်လုပ်ခြင်း၊ မီးသတ်ယာဉ်များ ဖြည့်တင်းပေးခြင်းများကို သက်ဆိုင် ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း စိစစ် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် လိုအပ် လျက်ရှိသော မြို့နယ်မီးသတ်စခန်းအဆောက်အဦ ဆောက်လုပ်နိုင်ရေးအတွက် ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာငွေလျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်ကို ပြန်လည်ဖြေကြားခဲ့ပါသည်။