MY EN

(ဃ)- ဦးထွန်းထွန်းအောင်(မိုးကောင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-24
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးထွန်းထွန်းအောင်(မိုးကောင်းမဲဆန္ဒနယ်)

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ တရားဝင်လုံခြုံရေးဂိတ်များ၏တရားမဝင်ကောက်ခံနေမှုများကို လျော့ပါး ပပျောက်အောင် ဆောင်ရွက်ရန်အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကချင်ပြည်နယ်တွင်နေထိုင်ကြသည့်တိုင်းရင်းသားပြည်သူလုထုအားလုံးနီးပါးသည် ခရီး သွားလာရန်နှင့် စားသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက် မန္တလေး-မြစ်ကြီးနား ရထား လမ်းနှင့် မန္တလေး-မြစ်ကြီးနားကားလမ်းကို အားကိုးနေကြရတာဖြစ်ပါကြောင်း၊၂၀၂၁ ခုနှစ် အစပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးမကျေနပ်မှုပြဿနာများကြောင့် နိုင်ငံတစ်ဝန်း လက်နက် ကိုင်သောင်းကျန်းမှုများဖြစ်ပေါ်ပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်း ရပ်ဆိုင်း နေခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)တွင်ရှိသည့် မြို့ရွာ များနှင့် ကချင်ပြည်နယ်သူ ပြည်နယ်သားများသည် မန္တလေး-မြစ်ကြီးနားကားလမ်းကိုအားကိုးပြီး သယ်ယူပို့ဆောင်ရေးလုပ်နေကြရသည်ဖြစ်ပါကြောင်း၊ ကားလမ်းမှာလည်း တိုက်ခိုက်မှုအကြား သွား လာရခြင်းဖြစ်၍ အင်မတန်အန္တရာယ်ကြီးပြီး သေကျေပျက်စီးမှုများလည်း ကြုံတွေ့ကြ ရပါ ကြောင်း၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ အခါအားလျော်စွာ လမ်းပိတ်တာတွေ၊ လမ်းလွှဲတွေလည်း ရှိပါကြောင်း၊ လမ်းမကြီးအတိုင်းသွားခွင့်မရဘဲ လမ်းသွယ်များ၊ လမ်းခွဲများ၊ လမ်းကြားများ၊ ဖုန်တော၊ သဲတော၊ ဗွက်တောထဲတွင် ရုန်းကန်ပြီးသွားလာကြရသည့် အတွက် တစ်ရက်၊ နှစ်ရက်နှင့် ရောက်မည့် လူစီးကားသည်  ၄ ရက်၊ ၅ ရက်၊ ၆ ရက် ကြာပါကြောင်း၊ ၃ ရက်၊ ၄ ရက်နှင့် ရောက် မည့် ကုန်တင်ကား၊ ဆီတင်ကားကြီးများသည် ၁၀ ရက်မှ  ၁ လအထိ ကြာကြပါကြောင်း၊ ထို့ကြောင့် စရိတ်များ ၅ ဆ၊ ၁၀ ဆ ကုန်ကျရ သည့်အတွက် ကုန်ဈေးနှုန်းကြီးမားစေပါကြောင်း၊ လမ်းခရီး တစ်လျှောက်တွင်လည်း အဖွဲ့အစည်းမျိုးစုံ၏ဂိတ်ပေါင်းများစွာကို ဖြတ်သန်းသွားလာကြရတာ ဖြစ်ပါကြောင်း၊ တရားမဝင် အဖွဲ့အစည်းများ ၏ဂိတ်များရှိသကဲ့သို့ တရားဝင် အဖွဲ့ အစည်းများ၏ ဂိတ်များလည်း ရှိပါကြောင်း၊ ခန့်မှန်းခြေဂိတ်ပေါင်း ၅၀ လောက်ရှိ မည်ဟုထင်ပါကြောင်း၊ ဂိတ်အားလုံးလိုလိုသည် ဖြတ်သန်းသွားလာ နေသည့် ကားများအပေါ် အခွန်အကောက် မျိုးစုံ တရားမဝင်ကောက်ခံနေကြတာဖြစ်ပါကြောင်း၊ စက်သုံးဆီတင် ကားကြီးများ၊ ကုန်တင်ကားကြီး များဆိုလျှင် မန္တလေးမှ မြစ်ကြီးနားကို တင်လာရသည့် ပစ္စည်း အပေါ်မူတည်ပြီး အကောက်ငွေ သိန်း ၁၅၀ မှ သိန်း ၃၀၀ အထိ ပေးဆောင်ကြရသည်ကို သိရပါကြောင်း၊ ထို့ကြောင့်လည်းမန္တလေးမှ သယ်လာ သည့် ကုန်ပစ္စည်းများသည် မြစ်ကြီးနားကို ရောက်လျှင် ဈေး ၂ ဆလောက် တက်သွား တာ ဖြစ်ပါကြောင်း၊

တရားမဝင်ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ ဂိတ်ဖွင့်ပြီး ငွေကောက်သည်ကို မိမိတို့ ပြော၍မရနိုင်ပါကြောင်း၊ သို့သော်လည်း တရားဝင်နေရာချထားသည့် လုံခြုံရေးဂိတ်များ၏ တရားမဝင် ငွေကောက်ခံနေမှုများကို ပြည်သူအကျိုးရှေးရှုပြီး မေတ္တာရပ်ခံပြီး တားဆီး ထိန်းသိမ်း ကြရန် လိုအပ်မည်ဟုထင်ပါကြောင်း၊ မိမိအနေဖြင့် ဂိတ်များကို ဖယ်ရှားပေးရန် ပြောခြင်း မဟုတ်ပါကြောင်း၊ လုံခြုံရေးအရ လိုအပ်၍ ဂိတ်များထားသည်ကို နားလည်ပါကြောင်း၊ ယခုလို တရားဝင်ဂိတ်များရှိ၍သာ ပြည်သူလူထုသည် ခရီးတွင် လုံခြုံစွာနှင့် သွားလာ နိုင်တာဖြစ်ပါကြောင်း၊  တရားဝင်ဂိတ်များတွင် တိုင်းပြည်လုံခြုံရေးတာဝန်ကို ကြီးလေးစွာထမ်းဆောင်နေကြရသည့် အဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်များကိုလည်း များစွာလေးစားဂုဏ်ယူပါကြောင်း၊ ကြားဖြတ်ပြောလိုသည်မှာ လွန်ခဲ့သည့် ၂ လလောက်က တပ်မတော်ယာဉ်တန်း ကားအစီးရေ ၃၀၀ ခန့်သည်ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ ကျောင်းသုံးစာအုပ်များနှင့် ကချင်ပြည်နယ်ကို ၂ ကြိမ်၊ ၃ ကြိမ် တက်သွားသည် သိရပါကြောင်း၊ ကချင်ပြည်နယ်သူ ပြည်နယ်သားများ များစွာဝမ်းသာရပါကြောင်း၊ မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီး၊ မန္တလေး-မတ္တရာ-ထီးချိုင့်-မြစ်ကြီးနား လမ်းပိုင်းရှိ တရားဝင်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် အဖွဲ့အစည်းပုဂ္ဂိုလ်များအနေဖြင့် ပြည်သူ လူထုအကျိုးကိုမျှော်ကိုးပြီး အဆမတန်ငွေကြေးကောက်ခံမှုများ မလုပ်ကြရန်ပြည်သူများ၏ ကိုယ်စား မေတ္တာရပ်ခံလိုပါကြောင်း၊

တာဝန်ရှိသူအကြီးအကဲအဆင့်ဆင့်ကလည်း ထိန်းသိမ်းကြပ်မတ်ကြရန်၊ တားဆီးကြရန် ပြောလိုပါကြောင်း၊ အစီအမံများလည်းရှိမည်ဟုလည်းယုံကြည်ပါကြောင်း၊ ထို့ကြောင့်ကချင် ပြည်နယ် နှင့် တစ်နိုင်ငံလုံး ကုန်ဈေးနှုန်းကျဆင်းရေးအတွက် မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီး ၂ ခုနှင့် တစ်နိုင်ငံလုံးရှိ ကားလမ်းမကြီးများအပေါ်တွင် တရားဝင်လုံခြုံရေး တာဝန်ချထားသည့် ဂိတ် တချို့ ၏ တရားမဝင်ငွေကြေးကောက်ခံနေမှုများ လျော့နည်းပပျောက်စေရေး အမှန်တကယ် ဆောင် ရွက်မည့် အစီအမံများရှိ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူက

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်ပြီး မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ ၎င်းတို့ယာယီစိုးမိုးထားသည့် နယ်မြေများပေါ်တွင် မော်တော်ယာဉ်များကို ပြည်ထောင်စုလမ်းမကြီးအတိုင်း ဖြတ်သန်းခွင့်မပြုဘဲ ၎င်းတို့ဖောက်လုပ်ထားသည့် ကွင်းလမ်း များမှသာမော်တော်ယာဉ်များကို ဖြတ်သန်းမောင်းနှင်စေပြီး ဖြတ်သန်းခငွေကြေးများကို အဆမတန် ကောက်ခံခြင်း၊ မော်တော်ယာဉ်များကို တားဆီးစစ်ဆေးခြင်း၊ ကုန်ပစ္စည်းများသိမ်းယူခြင်း၊ ခရီးသွား ပြည်သူများအား ဖမ်းဆီးပြီး ပြန်ပေးငွေဖြင့် ရွေးယူစေခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရသည်ကို တွေ့ရှိရပါကြောင်း၊ ကုန်စည်သယ်ဆောင်ပို့ဆောင်ရာ တွင်လည်း ကောင်း၊ အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ခရီးသွားလာရာတွင်လည်းကောင်း အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသည့်အတွက် မြန်မာ့တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းခြင်းများကို ဆောင်ရွက်ပြီး အများပြည်သူ အေးချမ်းလုံခြုံစွာသွားလာနိုင်ရေးအတွက်ကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊

မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ ရတနာပုံတံတား(နှာပေါက်)စစ်ဆေးရေးဂိတ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၌ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အဝင် အထွက်တွင် ကိုးပင်ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာတွင် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ လွယ်ခေါကျေးရွာ၊ ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်ဟု စုစုပေါင်း ၅ ဂိတ်ရှိပါကြောင်း၊ အဆို ပါဂိတ်များတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့အပြင် အခြားဌာနဆိုင်ရာများဖြင့်ပူးပေါင်းပြီး တရားမ ဝင် အကောက်ခွန်မဲ့ပစ္စည်းများ၊ ကြီးကြပ်ကန့်သတ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေး ဝါးများသယ်ဆောင်မှုမရှိစေရေးနှင့် PDF အမည်ခံအကြမ်းဖက်အုပ်စုဝင်အဖွဲ့ဝင်များမှ မြို့ရွာအတွင်း သို့ ဝင်ရောက်ပြီး အကြမ်းဖက်ခြင်း၊ အဖျက်အမှောက်လုပ်ငန်းများ ကျူးလွန်မှုမရှိစေရေး၊ ဝင်/ထွက် သွားလာမှုမရှိစေရန်၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်ကို စစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ ဌာနဆိုင်ရာအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၆ ခုနှစ်အတွင်းတွင် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့မှု ၃၄ မှု၊ ရေနံနှင့်ရေနံထွက် ပစ္စည်းများ ဖမ်းဆီး ရရှိမှု ၁၂ မှု၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့မှု ၅ မှု၊ PDF အကြမ်းဖက်သမားများဖမ်းဆီးရရှိမှု ၁၄ ဦး၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၂၁ မှု၊ သတ္တုတွင်းဥပဒေဖြင့် ဖမ်းဆီးအရေးယူမှု ၁၁ မှု၊ ပြေး ၄ ပြေးဖမ်းဆီးရမိမှု ၃၉ မှုနှင့် ကျောက်စိမ်းဖမ်းဆီးရမိမှု ၁ မှုတို့အား ဖော်ထုတ် ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊

ထို့အပြင် ၎င်းပူးပေါင်းစစ်ဆေးရေးဂိတ်များမှ မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်စစ်ဆေးမှုကြောင့် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရန်နှင့် လုံခြုံရေးအရ စစ်ဆေးရာမှာ ယာဉ်ကြောပိတ်ဆို့မှုများ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုများ မဖြစ်ပေါ်စေရန်၊ တရားမဝင် ငွေကြေးကောက်ခံခြင်းများ မရှိစေရေးအတွက်ကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မော်တော်ယာဉ်များထံမှ တရား မဝင် ငွေကြေးတောင်းယူခြင်းများ မပြုရန်နှင့် တောင်းခံမှုများရှိလာပါကလည်း တာဝန်ရှိသူ အဆင့် ဆင့်ထံ တိုင်ကြားနိုင်သောအသိပေးစာ၊ ဖုန်းနံပါတ်များပါရှိသော ဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူခြင်း၊ ငွေကြေးတောင်းခံမှုများရှိကြောင်း တိုင်ကြားလာပါက တည်ဆဲဥပဒေများဖြင့် အရေးယူ ဆောင်ရွက် လျက် ရှိပါကြောင်း၊ 

သို့ဖြစ်ပါ၍ မန္တလေး-မြစ်ကြီးနားကားလမ်းကြောင်းပေါ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံမှုများမရှိစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျ ကြပ်မတ်ခြင်း၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များ၏ ဆောင်ရွက်မှု အခြေအနေများကို CCTV ကင်မရာများတပ်ဆင်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း၊ မော်တော်ယာဉ်များ ထံမှ ငွေကြေးတောင်းခံခြင်းများမပြုလုပ်ရန် အသိပညာပေးတားမြစ်ခြင်း၊ ငွေကြေးတောင်းခံခြင်း များ ရှိလာပါက တာဝန်ရှိသူအဆင့်ဆင့်ထံ တိုင်ကြားနိုင်စေရေး အသိပေးစာ၊ ဖုန်းနံပါတ်များပါရှိ သော ဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူခြင်း၊ တိုင်ကြားချက်များရရှိပါက စုံစမ်းစစ်ဆေးမှုများ ဆောင် ရွက်ပြီး ဥပဒေအရ  အရေးယူဆောင်ရွက်ခြင်းတို့ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့စွာ သွားလာနိုင်ရေး အတွက် အထူးကြပ်မတ်ပြီး စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်အပေါ် ရှင်းလင်း ဖြေကြားခဲ့ပါသည်။