ဦးအေးချမ်း [လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်]
အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးထုတ်ပြန်ပေးရန်နှင့် စာချုပ်ပါ စွမ်းဆောင်ရည်ထက်ကျဆင်းနေသော ကုမ္ပဏီများကို မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း မိုဘိုင်းတယ်လီကွန် အော်ပရေတာများ ဖိုင်ဘာအင်တာနက် (Fiber Broadband) ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် လိုင်းအဆင့်ဆင့် ပြန်လည်ငှားရမ်းရောင်းချသူများ (Bandwidth Resellers) စသည့် ISP လုပ်ငန်းအဖွဲ့အစည်း များစွာ တိုးတက်များပြားလာပြီး ပြည်သူလူထုထံသို့ ဝန်ဆောင်မှုပေးလျက်ရှိပြီး ISP များသည် မြန်မာနိုင်ငံ၏ Digital Development ကဏ္ဍတွင် အဓိက ပါဝင်သူများလည်း ဖြစ်ပါကြောင်း၊ အဆိုပါအင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများသည် အင်တာ နက်သုံးစွဲသူပြည်သူများထံမှ လစဉ်ကြေးများကို သုံးလ၊ ခြောက်လ စသည်ဖြင့် ကြိုတင်ပုံမှန် ကောက်ခံလျက်ရှိပါကြောင်း၊ သို့ရာတွင် လက်တွေ့အင်တာနက်အသုံးပြုရာ၌ အင်တာနက်လိုင်း များ မကြာခဏပြတ်တောက်ခြင်း၊ ကြော်ငြာထားသော အင်တာနက် Speed၊ Broadband Speed အောက် သိသိသာသာလျော့နည်းကျဆင်းခြင်း၊ မိုဘိုင်း၊ တယ်လီကွန်၊ အော်ပရေတာများ သည်လည်း Package မှမဝယ်လျှင် ငွေအဖြတ်အတောက်ကြမ်းခြင်း စသည့် အားနည်းချက်များ ကို ပြည်သူများ လစဉ်နှင့်အမျှ ခံစားနေရသော်ငြား အဆိုပါကုမ္ပဏီများဘက်မှ အင်တာနက် ဖြတ်တောက်နေသော အချိန်ကာလများအတွက် လစဉ်ကြေးများ ပြန်လည်လျှော့ချပေးခြင်း သို့မဟုတ် နစ်နာကြေးပေးခြင်းမျိုး ဆောင်ရွက်ပေးမှု မရှိသဖြင့် စားသုံးသူပြည်သူများဘက်မှ အခွင့်အရေးဆုံးရှုံးနစ်နာမှုများကို ကြုံတွေ့နေရပါကြောင်း၊ ထိုကဲ့သို့သော စံနှုန်းများဖြင့် မိမိတို့နိုင်ငံတွင် Digital Development အောင်မြင်အောင် မည်သို့ လုပ်ဆောင်မည်ကို စဉ်းစား၍ မရပါကြောင်း။
သို့ဖြစ်ပါ၍ သုံးစွဲသူပြည်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှုနည်းပါးစေရန်နှင့် မှန်ကန်သော ဝန်ဆောင်မှုများကို စိစစ်ရွေးချယ်နိုင်ရန်
(၁) ISP များအားလုံး၏ စွမ်းဆောင်ရည် (Performance) ကို ပုံမှန်စနစ်တကျတိုင်းတာ စစ်ဆေး၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊
(၂) ကြော်ငြာထားသော အင်တာနက် Speed နှင့် အမှန်တကယ်ရသော ဝန်ဆောင်မှု ကိုက်ညီမှုရှိစေရန် Minimum Service Standards များကို အကောင်အထည် ဖော်ရန်၊
(၃) စံနှုန်းမပြည့်ညီသော ဝန်ဆောင်မှုပေးသူများကို ထိရောက်စွာအရေးယူ ဆောင်ရွက် ခြင်းများပြုလုပ်ရန်၊
(၄) ဝန်ကြီးဌာနသို့ ထိရောက်သော တိုင်ကြားဖြေရှင်းနိုင်ရေးစနစ်ကို တိုးမြှင့်ဆောင်ရွက် ရန် စသည်များကို မည်သို့သော မူဝါဒ၊ အစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က
ပထမဦးစွာ အင်တာနက် ဝန်ဆောင်မှုပေးလိုသည့် ကုမ္ပဏီများနှင့်စပ်လျဉ်း၍ ဥပဒေ ကြောင်း တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးဥပဒေအရ အင်တာနက်ဝန်ဆောင်မှုပေး လိုသည့် ကုမ္ပဏီများအနေဖြင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၇၊ ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(အထူး)နှင့်ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၉၊ လိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ အထူးလုပ်ငန်းစဉ်အရ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လုပ်ငန်းလိုင်စင်များ လျှောက်ထားရယူနိုင် မည်ဖြစ်ပါကြောင်း။
ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) ရရှိသူအနေဖြင့် နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ(ခ)အရ ကွန်ရက်အထောက်အကူပြုပစ္စည်းများကို တည်ဆောက် ခြင်း၊ ထိန်းသိမ်းခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရှိသူအား လိုင်စင်ရရှိသူ၏ ကွန်ရက်ပမာဏအားလုံး သို့မဟုတ် အစိတ်အပိုင်းကို ငှားရမ်းခြင်း၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသည့် လိုင်စင်ရရှိသော အခြားသူတစ်ဦး သို့မဟုတ် အများပြည်သူသို့ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အများပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ နည်းဥပဒေခွဲ (ဃ)အရ ကွန်ရက်အထောက် အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(အထူး)သည် နည်းပညာ အရသော်လည်းကောင်း၊ ဝန်ဆောင်မှုအရသော်လည်းကောင်း ကန့်သတ်ချက်မရှိကြောင်း ပြဋ္ဌာန်းထားပါကြောင်း။
လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ ၃၂ အရ အသုံးပြုသူကို အကာအကွယ် ပေးခြင်းဆိုင်ရာ တာဝန်များနှင့်စပ်လျဉ်း၍ လုပ်ငန်းလိုင်စင်ရရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများ သည် -
(၁) အမှန်တကယ်အသုံးပြုသူများနှင့် ချုပ်ဆိုနိုင်ရေး စာချုပ်ပုံစံသတ်မှတ်ထားရှိရန်၊
(၂) မှန်ကန်သည့် အသေးစိတ် ငွေတောင်းခံလွှာများပေးပို့ရန်၊
(၃) မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များကို သတ်မှတ်ပေးရန်၊
(၄) ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှုအရည်အသွေးတို့ပါဝင်သော ဝန်ဆောင်မှု အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကိုထုတ်ပြန်ထားရန်၊
(၅) ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် သတင်းအချက်အလက်လုံခြုံရေးကို ကာကွယ် ပေးမည့်အစီအစဉ်များအား ပွင့်လင်းမြင်သာစွာ စာဖြင့်ရေးသားဖော်ပြထားရန် စသည့် အချက်များကိုအတိအလင်းပြဋ္ဌာန်းထားပါကြောင်း။
အသုံးပြုသူများအနေဖြင့် အင်တာနက်လိုင်း ဝန်ဆောင်မှုရယူရာတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသည့် ကုမ္ပဏီများနှင့်သာ ရယူအသုံးပြုရန်၊ အင်တာနက်လိုင်း ပြတ်တောက်မှုများဖြစ်ပေါ်ပါက ပြင်ဆင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်း ကြားရန်၊ ပြင်ဆင်ပေးခြင်းမရှိပါက ကုမ္ပဏီများထံမှ လျော်ကြေးငွေ သို့မဟုတ် အစားထိုး ဝန်ဆောင်မှုပေးရေး ညှိနှိုင်းတောင်းဆိုရန်၊ လိုက်နာဖြည့်ဆည်းမှုမရှိပါက ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ complaint@ ptd.gov.mm email သို့လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀.၇.၂၀၂၆ ရက်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက် သော တိုင်ကြားလာမှု ၂,၂၀၀ မှုဖြစ်ပြီး ၂,၁၉၂ မှုကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး ကျန် ၈ မှုကို လည်း ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကြောင့် အသုံးပြုသူ များမှ ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုများကို တိုင်ကြားလာလျှင်ဖြစ်စေ၊ မြေပြင်တွင် ကွင်းဆင်းစစ်ဆေး ၍ဖြစ်စေ၊ ပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ထင်ရှားပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ (က)အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေအရ လိုင်စင်ရရှိထားသူအား သတိပေးခြင်း၊ ဖောက်ဖျက်မှု ကို ပြန်လည်ပြင်ဆင်ရန်နှင့် နောင်ဖြစ်လာနိုင်မည့် ဖောက်ဖျက်မှုများကို တားဆီးရန်တို့အတွက် လိုင်စင်ရရှိသူသို့ ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ ၎င်း၏ သက်ဆိုင်ရာဝင်ငွေ၏ ၅ ရာခိုင်နှုန်းအထိ ဒဏ်ငွေပေးဆောင်စေခြင်းနှင့် ထုတ်ပေးထားသည့်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်း ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနည်းလမ်း စသည်တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၅၂ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းဆိုင်ရာအမိန့်များဖြစ်သည့် သတိပေးခြင်း၊ ပြန်လည်ပြင်ဆင်ပေး စေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့် နည်းလမ်းများဖြင့် အရေးယူ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။
ဦးအေးချမ်း(လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ယခုလက်ရှိ Consumer Affairs of Digital Development ဌာနရောဖြစ်နေသည့် Adopted လုပ်ထားသော System မှ Complaint တစ်ခုရှိမှ Action ယူမည်ဆိုသည့် System ဖြစ်နေပါကြောင်း၊ ဘာကြောင့်လဲဆိုလျှင် Complaint ဖြစ်ရန်လည်း အင်တာနက်သည် တစ်လ လျှင် ကျပ် ၅၀,၀၀၀ လောက်ပဲပေးပြီး ၂ ပတ် အင်တာနက်ပြတ်သွားသော်လည်း ဘာမှမလျှော့ ပေးဘူးဆိုလျှင် ကျပ် ၂၅,၀၀၀ အတွက် Complaint ထက်တက်မှု အချိန်မရပါကြောင်း၊ တစ်ယောက်ချင်းလုပ်မည်မဟုတ်တော့ကြောင်း၊ ၂၅,၀၀၀ ပဲမို့ အချိန်မဖြုန်းတော့သော်လည်း တစ်နိုင်ငံလုံး လူအယောက် ၁၀၀,၀၀၀ နှင့် တွက်လိုက် ၂၅,၀၀၀ ဆိုလျှင် အင်တာနက်ကုမ္ပဏီ အများကြီးစားသွားပါကြောင်း၊ ထို့ကြောင့် အစိုးရ၏ Production ကို သီးသန့်လှူနေခြင်း၊ Production မပေးလျှင်တောင် ၎င်းတို့၏ Performance Ranking ကို ဖော်ပြရန် လိုပါကြောင်း၊ ထိုတိုင်းပဲနေလျှင် အင်တာနက်ကုမ္ပဏီများသည် နေ့တိုင်း Consumer များကို ခေါင်းပုံဖြတ်ပြီး ရေရှည် နှစ်ပေါင်းများစွာ ဆက်ရှည်သွားမည်ဖြစ်ပါကြောင်း၊ Performance Rating ထွက်လာပြီ ဆိုလျှင် တစ်ခြားနိုင်ငံများတွင်လည်း ထွက်ပါကြောင်း၊ ထွက်လျှင် at least မကောင်းသူများကို Auto Market ထဲမှ ဖယ်ရှားပြီး ၎င်းတို့က စီးပွားရေးမရတော့ပါကြောင်း၊ ထိုသို့ဆိုလျှင်လည်း ဝန်ကြီးဌာနများမှ သက်သာပါကြောင်း၊ Ranking လေးထုတ်ရုံပဲဖြစ်ပါကြောင်း မေးမြန်းခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က
အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ ISP များအနေဖြင့် ၎င်းတို့၏ သတ်မှတ် ထားသည့် ဥပဒေများကို ပထမဦးဆုံးလိုက်နာရပါကြောင်း၊ ၎င်းတို့သတ်မှတ်ထားသည့် စာချုပ် စာတမ်းအရ သတ်မှတ်ချက်အရ ဝန်ဆောင်မှုပေးရမည်ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် Consumer စားသုံးသူနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများကြားရှိ စာချုပ်အရ ပျက်ကွက်မှုရှိလျှင် ပျက်ကွက်သည့်အတိုင်း အကြောင်းကြားနိုင်ပါကြောင်း၊ ထိုသို့ တိုင်းတာစစ်ဆေးရာတွင်လည်း မိမိတို့က တစ်ခါတလေ Source ဆီ ရောက်သွားစစ်ဆေးရပါကြောင်း၊ ထို့ကြောင့် တိုင်ကြား သူရှိမှ Indoor အိမ်ထဲသို့ ဝင်ပြီး စစ်ဆေးရခြင်းများလည်း ရှိပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိ အနေအထားအရ အင်တာနက် Service Provider များ ISP အဖွဲ့များ များပြားလာပါကြောင်း၊ တွေ့သည့်အချိန်တွင် လက်ရှိ ISP များကို စိစစ်ပြီး ၎င်းတို့ယူထားသည့် Bandwidth များ၊ ပေးရ မည့် Consumer အရေအတွက်ကို စိစစ်နေပါကြောင်း၊ အကယ်၍ Bandwidth ယူထားသည့် အရေအတွက် ပမာဏနှင့် Consumer အရေအတွက်ပမာဏ မျှတမှုမရှိလျှင် ကန့်ကွက်ပြီး ထိုကိစ္စ နှင့်စပ်လျဉ်း၍ ပြန်လည်စီမံဆောင်ရွက်စေရန်အတွက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ နောက်ဝန်ဆောင်မှုပေးသည့်အပိုင်းတွင် အားနည်းချက်ရှိလျှင်လည်း လုပ်ဆောင် သွားမည်ဖြစ်ပြီး ထိုအတွက်ကို ယခု Teams နှင့် စလုပ်နေပါကြောင်း၊ ဘုတ်ပြင်း ကိုယ်စားလှယ် ကြီး ဆွေးနွေး သည့် အချိန်မှစ၍ ထိုကိစ္စကို စတင်ဆောင်ရွက်နေပါကြောင်းနှင့် ရှေ့ဆက်လည်း ကောင်းလာ အောင် ကြိုးစားပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လောလောဆယ် ဒေတာအချက်အလက် များမှ ရရှိသည့်အပေါ်မူတည်၍ ISP များပေါ် စ၍ ၎င်းတို့ကို သတိပေးခြင်း၊ ပြင်ဆင်ခိုင်းခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။