MY EN

(စ)-ဦးစိုင်းကျော်လှ(ကွန်ဟိန်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-24
တတိယအကြိမ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုင်းကျော်လှ(ကွန်ဟိန်းမဲဆန္ဒနယ်)
ကွန်ဟိန်းမြို့နယ် ဟိုပန်၊ တာကော်နှင့် ဝမ်ပတ်ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာခွဲများအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အထက်ပါအကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ (၁) ဝမ်လောကျေးရွာအုပ်စု၊ (၂) ဆိုင်းခေါင်ကျေးရွာအုပ်စု၊  (၃) လွိုင်ကျန်းကျေးရွာအုပ်စု၊ (၄) ငါးတိုင် ကျေးရွာအုပ်စု၊ (၅) ကျိုင်းခမ်းကျေးရွာအုပ်စု၊ (၆) ကွန်ပုကျေးရွာအုပ်စု၊ (၇) နားပွဲကျေးရွာအုပ်စု များအပါအဝင် ကျေးရွာခွဲများ၏အိမ်ခြေ ၇၆၂ အိမ်၊ အိမ်ထောင်စု ၇၆၄ စု၊ လူဦးရေ ၃,၃၉၄ ဦးတို့မှာ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများအတွင်း ကျရောက်လျက်ရှိသည့်အပြင် ကွန်ဟိန်းမြို့နယ်၊ မြို့မ ကျေးရွာအုပ်စုအတွင်းရှိ နမ့်ခမ်းကျေးရွာတွင် အိမ်ခြေ ၉၇ အိမ်၊ အိမ်ထောင်စု ၉၃ စု၊ လူဦးရေ ၄၁၂ ဦး၊ တာလိုင်းကျေးရွာတွင် အိမ်ခြေ ၂၃ အိမ်၊ လူဦးရေ ၁၂၄ ဦး၊  သိန်းဖျံကျေးရွာတွင် အိမ်ခြေ ၄၂ အိမ်၊ အိမ်ထောင်စု ၃၉ စု၊ လူဦးရေ ၁၈၇ ဦး၊ ထမ်ငေါ့ကျေးရွာတွင် အိမ်ခြေ ၂၁ အိမ်၊ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၉၄ ဦး၊ လှိုင်းတက်ကျေးရွာအုပ်စုအတွင်းရှိ ဆိုင်းမွန်စုပေါင်းရွာသစ်ကျေးရွာတွင် အိမ်ခြေ ၅၅ အိမ်၊ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၆၃ ဦးမှာလည်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများအတွင်း ကျရောက်လျက်ရှိပါကြောင်း။

နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၏ နယ်နိမိတ်အတွင်းရှိ (၁) ဟိုပန်ကျေးရွာအုပ်စု၊ (၂) တာကော်ကျေးရွာအုပ်စု၊ (၃) ဝမ်ပတ်ကျေးရွာအုပ်စု များအပါအဝင် ကျေးရွာခွဲများ၏ အိမ်ခြေ ၃,၃၇၉ အိမ်၊ အိမ်ထောင်စု ၃,၃၇၉ စု၊ လူဦးရေ ၁၉,၅၀၅ ဦးတို့သည် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများ အတွင်း ကျရောက်လျက်ရှိပြီး ဟိုပန်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုနှင့် ဝမ်ပတ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများလည်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများအတွင်း ကျရောက်လျက်ရှိပါ ကြောင်း၊ အထက်ပါကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများ၊ လယ်ယာမြေများ၊ သာသနာမြေ၊ သုဿာန်မြေများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၏ နယ်နိမိတ်များအား သစ်တောကြိုးဝိုင်း အတွင်းမှ ပယ်ဖျက်ခွင့်ရရှိပါက တည်နေရာအတိုင်းအတာ၊ နယ်နိမိတ်တို့ကို မြေစာရင်းဌာနမှ တိကျစွာဖော်ပြနိုင်မည်ဖြစ်ပြီး အောက်ပါအကျိုးကျေးဇူးများလည်း ရရှိမည်ဖြစ်ပါကြောင်း- 

(က) ကျေးရွာမြေ ။        ။ ကျေးရွာအတွင်း လူနေထိုင်သည့်မြေများအား သစ်တောပယ်ဖျက်ခွင့် ရရှိပါက ကျေးရွာနယ်နိမိတ်များ တိတိကျကျသတ်မှတ်နိုင်ပြီး ကျေးရွာမြေငှားဂရန်များ စီမံချက်အရရေးဆွဲကာ နှစ်စဉ်မြေတိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ ကျေးရွာမြေငှားဂရန် များ ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာမြေငှားဂရန်ရရှိပါက မြေယာအငြင်းပွားမှု ပြဿနာများ နည်းပါးလာမည်ဖြစ်ပါကြောင်း၊ ချေးငွေလိုအပ်ပါက မြန်မာ့စီးပွားရေး ဘဏ်တွင် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများရယူနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက်လည်း မြေငှားခွန်ရရှိနိုင်မည်ဖြစ်ပါကြောင်း။ 

(ခ)   လယ်ယာမြေများ ။        ။ လယ်ယာမြေများ လက်ရှိစိုက်ပျိုးနေမှုအား သစ်တော ပယ်ဖျက်ခွင့်ရရှိပါက နှစ်စဉ်စီမံချက်ရေးဆွဲပြီး မြေတိုင်းတာခြင်း၊ မြေပုံရေးဆွဲ၍ စာရင်း အင်းများ ထူထောင်နိုင်ပါက စိုက်ပျိုးထုတ်ကုန် ထုတ်လုပ်မှုကိန်းဂဏန်းများ တိကျ မှန်ကန်စွာကောက်ယူရရှိမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း ဆန်စပါးနှင့် စားသုံးဆီဖူလုံမှု တွက်ချက်သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)ထုတ် ပေးနိုင်မည်ဖြစ်ပြီး ပုံစံ(၇) ရရှိပါက မိုးရာသီစိုက်ပျိုးနိုင်ရန် သွင်းအားစုဖြစ်သော မြေဩဇာ၊ မျိုးစေ့၊ ထွန်ယက် စရိတ်၊ ကောက်စိုက်စရိတ်တို့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူဆောင်ရွက်ပါက အဆင် ပြေနိုင်သဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုအားကောင်းလာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ကောက်လျင်၊ ကောက်ကြီး၊ ကိုင်း၊ မွေး/ရေ၊ ‌မြေခွန်များ ရရှိမည်ဖြစ်ပါကြောင်း။

(ဂ)   သာသနာမြေ၊ သုဿာန်မြေများ ။    ။သစ်တောပယ်ဖျက်ခွင့်ရရှိပါက ဘာသာသာသနာ အတွက် ဘုရားပုထိုး၊ စေတီ၊‌ ကျောင်း၊ ကန်၊ တန်ဆောင်း၊ ဘုန်းကြီးကျောင်း၊ တခြား ဘာသာရေးအသင်းအဖွဲ့တို့၏ မြေယာပိုင်ဆိုင်မှုရရှိနိုင်ပြီး မြေယာအငြင်းပွားမှုမရှိဘဲ ဘာသာသာသနာအကျိုးကို တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

(ဃ) စာသင်ကျောင်းမြေများ။      ။ သစ်တောပယ်ဖျက်ခွင့်ပြုပေးနိုင်ပါက စာသင်ကျောင်း မြေတို့အား သတ်သတ်မှတ်မှတ် နယ်နိမိတ် တိတိကျကျတိုင်းတာခြင်း၊ ပိုင်ဆိုင်မှုရရှိပြီး စာသင်ကျောင်းများအား မူလတန်း၊ အလယ်တန်း၊ အထက်တန်းအစရှိသည့် အဆင့်မြှင့် တင်ခြင်း၊ အဆောက်အဦများတိုးချဲ့ဆောက်လုပ်နိုင်ခြင်းတို့ကြောင့် ကျေးလက်ဒေသရှိ ကလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း။

(င)   ဆေးရုံဆေးခန်းများ ။    ။ သစ်တောပယ်ဖျက်ခွင့်ရရှိနိုင်ပါက ဆေးရုံဆေးခန်းနေရာ နယ်နိမိတ်အတိုင်းအတာအားသိရှိနိုင်ပြီး မြေယာပိုင်ဆိုင်မှု အထောက်အထားများရရှိ ပါက ဆေးရုံဆေးခန်းတို့ကို အဆင့်မြှင့်တင်ခြင်း၊ အဆောက်အဦများတိုးချဲ့ ဆောက်လုပ် နိုင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ခြင်းတို့ကြောင့် ဒေသနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးတို့ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသဖြင့် ဖော်ပြပါ မြေယာတို့အား သစ်တောပယ်ဖျက်ခွင့်ပြုပေးနိုင်ပါက ဒေသခံများအကျိုး ကျေးဇူးတို့ ရရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။

အထက်တင်ပြပါအတိုင်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင်သစ်တောများအတွင်း ကျရောက်နေမှု များအား ၂၀၁၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ဆိုင်ရာပိုင်ခွင့်ကောက်ခံရေး စီမံချက်ဆောင်ရွက်မှုမျိုး ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဒေသနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဘာသာရေး၊ ပညာ ရေး၊ ကျန်းမာရေးများ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း ကိန်း ဂဏန်း၊ စာရင်းဇယားများ ပိုမိုတိကျမှန်ကန်စွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု အစိုးရအဖွဲ့မှ မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး က 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်းတွင် နှစ်ကာလအတိုင်းအတာ တစ်ခုအထိ တရားမဝင်ကျူးကျော်အခြေချနေထိုင်ခဲ့သည့် ရွာစုနှင့်အိမ်စုများ စာရင်းကောက်ယူခြင်း ကို ၂၀၁၃ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့်ဌာန ၅ ခုဖြင့် ပူးပေါင်းပြီး ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုမှ ကျေးရွာ ၁၈ ရွာ၊ တာကော်ကျေးရွာအုပ်စုမှ ကျေးရွာ ၅ ရွာနှင့် ဝမ်ပတ်ကျေးရွာအုပ်စုမှ ကျေးရွာ ၂ ရွာတို့သည် လွိုင်မယ်ကြိုးဝိုင်းအတွင်း ကျရောက်ပြီး အဆိုပါ ကျေးရွာအုပ်စု ၃ အုပ်စုမှ ကျေးရွာ ၂၅ ရွာ၏ ရွာမြေ ၂၉၇.၈၈၈ ဧက၊ လယ်မြေ ၈၉၉.၂၄ ဧက၊ သာသနာပိုင်မြေနှင့် အများပိုင်မြေ ၃၂.၆၂ ဧက စုစုပေါင်း ၁၂၂၉.၇၄၈ ဧကတို့ကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ပယ်ဖျက်ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် မြို့မကျေးရွာအုပ်စုမှ ကျေးရွာ ၆ ရွာသည် ကျိုင်းခမ်းကြိုးဝိုင်းအတွင်း တွင် ကျရောက်ပြီး ရွာမြေ ၂၄၈.၅၃ ဧက၊ လယ်မြေ ၂၅၉.၃၈ ဧကနှင့် သာသနာပိုင်နှင့် အများပိုင်မြေ ၅.၆၇ ဧက စုစုပေါင်း ၅၁၃.၅၈ ဧကတို့ကိုလည်း ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သစ်တောမြေပယ်ဖျက်ရာ တွင် ပါဝင်သည့် မြို့မကျေးရွာအုပ်စု၊ ဟိုပန်ကျေးရွာအုပ်စု၊ ဝမ်ပတ်ကျေးရွာအုပ်စုနှင့် တာကော် ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးမြေများကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ထုတ်ပေးထားပါကြောင်းနှင့် ဝမ်ပတ်ကျေးရွာအုပ်စုအတွင်းရှိ သစ်တောပယ်ဖျက်စိုက်ပျိုးမြေများကို နယ်မြေလုံခြုံရေးအခြေအနေအရ ပုံစံ(၇)လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ သစ်တော မြေအတွင်း ကျရောက်သော်လည်း နယ်မြေအခြေအနေအရ ၂၀၁၃ ခုနှစ် စာရင်းကောက်ယူရာတွင် ကျေးရွာအုပ်စု ၁၁ အုပ်စုနှင့် ကျေးရွာ ၄၂ ရွာကျန်ရှိခဲ့ပါကြောင်း၊ ကွန်ဟိန်းမြို့နယ်၊ ဟိုပန်ကျေးရွာ အုပ်စုရှိ ပန်လုံကျေးရွာ၊ လွိုင်ဟန်းကျေးရွာ၊ ပန်ပေါင်းကျေးရွာ၊ တာကော်ကျေးရွာအုပ်စုရှိ ဝမ်အိန် ကျေးရွာနှင့် ဝမ်ဝိန်းကျေးရွာ စုစုပေါင်း ကျေးရွာ ၅ ရွာမှ စာရင်းများကောက်ယူစဉ်က အိမ်ခြေ ၅၀ အောက် ကျေးရွာများဖြစ်သည့်အတွက် သစ်တောမြေမှ ပယ်ဖျက်ပေးခဲ့ခြင်း မရှိခဲ့ပါကြောင်းနှင့် ယခင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ၁၉၇၂ ခုနှစ်၊ အမိန့်ကြော်ငြာစာအရ ထုတ်ပြန်ထား သည့် ကျေးရွာများဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ကြိုးဝိုင်းဖွဲ့စည်းရာတွင် ပါဝင်သည့်ကျေးရွာများ ဖြစ်ပါကြောင်း။

ထို့ကြောင့် နိဂုံးချုပ်အနေဖြင့် မေးခွန်းတွင်ပါရှိသည့် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၏ နယ်နိမိတ် အတွင်းရှိ ဟိုပန်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စု၊ ကွန်ဟိန်းမြို့မကျေးရွာအုပ်စုနှင့် ဝမ်ပတ် ကျေးရွာအုပ်စုတို့၏ ကျေးရွာခွဲများထဲမှ လွိုင်မယ်ကြိုးဝိုင်းနှင့် ကျိုင်းခမ်းကြိုးဝိုင်းအတွင်းတွင် ကျရောက်ပြီး ၂၀၁၃ ခုနှစ်၊ သစ်တောနယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာတစ်ခုအထိ ကျူးကျော်အခြေချနေထိုင်မှုစာရင်း ကောက်ယူထားသည့် ရွာမြေ ၅၄၆.၄၁၈ ဧက၊ လယ်မြေ ၁,၁၅၈.၆၂ ဧက၊ သာသနာပိုင်နှင့်အများပိုင်မြေ ၃၈.၂၉ ဧက စုစုပေါင်း ၁,၇၄၃.၃၂၈ ဧကကို မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၏ နယ်နိမိတ်အတွင်းရှိ ဟိုပန်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စု၊ နားပွဲကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာခွဲများ၏ ကြိုးဝိုင်းအတွင်းကျရောက်နေမှုများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက် နိုင်ရေးအတွက် ဆောင်ရွက်ရမည်ဆိုပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့မှ နိုင်ငံ တော်သမ္မတရုံးသို့ မူဝါဒခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။