MY EN

(ဆ)- ဒေါ်အိဖြူလွင်(ဂန့်ဂေါမဲဆန္ဒနယ်)-မေးခွန်း

2026-07-24
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်အိဖြူလွင်(ဂန့်ဂေါမဲဆန္ဒနယ်)

အကြောင်းအမျိုးမျိုးကြောင့် နှစ်အောက်ခဲ့ရသော လက်ရှိကျောင်းတက်နေရသည့် ကလေးများအား Placement Test ပညာရေးအစီအစဉ်တွင် ပါဝင်ခွင့် သို့မဟုတ် သင့်လျော်သည့်အစီအစဉ်ဖြင့် အသက်နှင့်အတန်းချိန်ညှိပေးနိုင်ခြင်းရှိ မရှိနှင့် အသက် ၁၅ နှစ်ကျော်မှ၁၈ နှစ်အရွယ်ကလေး များအတွက် ကျောင်းပြင်ပ ပညာရေးကျောင်းအကောင်အထည်ဖော်ရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် အခြေခံပညာ မူလတန်းအဆင့် Grade-2 မှ Grade-5 နှင့် အလယ်တန်းအဆင့် Grade-6 မှ Grade-9 ကျောင်းနေ အရွယ်ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့်အတန်းသို့ ဝင်ရောက်သင်ယူနိုင် လျှင် သာတူညီမျှအတန်းတက်ရောက်ခွင့် ရရှိခွင့်မူ တစ်ပြေးညီဖြစ်စေရေးအတွက် အထူးအစီအစဉ် အနေဖြင့် Placement Test လျှောက်လွှာ စိစစ်လက်ခံခြင်းကို ခွင့်ပြုထားသည့်နေ့ရက်များအတိုင်း အခြေခံပညာကျောင်းများတွင် သတ်မှတ်ပေးသည့်စည်းကမ်းချက်များ၊ မူဘောင်များနှင့်အညီ စနစ်တကျ လက်ခံဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိမြေပြင် အခြေအနေအရ ပညာသင်ယူခွင့်၊ သာတူညီမျှရရှိစေရန်အတွက် နိုင်ငံတော်မှ စေတနာ၊ ဂရုဏာ၊ မေတ္တာ၊ အကြင်နာကြီးမားစွာဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါ စို့ဟူသော ကျောင်းအပ်နှံရေးသတင်းဆောင်ပုဒ်နှင့်အညီသာ တန်းတူညီမျှ အတန်းတက်ရောက်ခွင့် ရရှိခွင့်မူ ချမှတ်ဆောင်ရွက် အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ရာတွင် ဂန့်ဂေါမြို့၏မြေပြင်အနေအထားတွင် ကျောင်းသား ၄ မျိုး တွေ့ရှိခဲ့ရပါကြောင်း-

()     ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်းအဆင့် Grade-2 မှ Grade-5 နှင့် အလယ်တန်းအဆင့် Grade-6 မှ Grade-9 ကျောင်းနေ အရွယ်ကလေးများ၊ 

()      နယ်မြေဒေသအခြေအနေအရ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိ၍ တစ်ကြိမ်မျှ ကျောင်း တက်ရောက်ခဲ့ဖူးခြင်းမရှိသော ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးများ၊

()     ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်ကာ ပုံမှန်ကျောင်းတက်ခဲ့ပြီး ခြိမ်းခြောက်မှုများ ကြောင့် ပညာသင်နှစ်မပြီးဆုံးမီ နေရပ်ပြန်ခဲ့ရပြီး အခွင့်သာချိန် ကျောင်းပြန်လည် တက်ရောက်ရသဖြင့် အသက်နှင့်အတန်း မကိုက်ညီသောကလေးများနှင့် အကြောင်း အမျိုးမျိုးကြောင့် နှစ်အောက်ခဲ့ရသော လက်ရှိကျောင်းတက်နေသည့်ကလေးများ၊ 

(    အသက်အရွယ် ၁၅ နှစ်၊ ၃ လကျော်သဖြင့် Placement Test ပညာရေး အထူးအစီ အစဉ်ဖြင့် မကိုက်ညီသည့် အသက် ၁၈ နှစ်အရွယ်ကလေးများဟူ၍ ဆန်းစစ်လေ့လာ တွေ့ရှိခဲ့ရပါကြောင်း၊

အထက်ဖော်ပြပါ ကျောင်းနေသည့် အရွယ်ကလေးအမျိုးအစား ၄ မျိုးအနက် အမျိုးအစား ()() အမျိုးအစားမှာ Placement Test အထူးအစီအစဉ်အရသော်လည်းကောင်း၊ နိုင်ငံတော်မှ ချမှတ်သည့် သာတူညီမျှ အတန်းတက်ရောက် ခွင့်မူဖြင့်လည်းကောင်း၊ ကိုက်ညီသဖြင့် အသက်နှင့် အတန်းချိန်ညှိပြီးဖြစ်ပေရာ ကျောင်းသား ကျောင်းသူများသာမက မိဘများမှာလည်း ဝမ်းမြောက် စွာဖြင့် နိုင်ငံတော်၏စေတနာကို အထူးလေးစားတန်ဖိုးထားလျှောက်လွှာတင်ဖြေဆိုပြီး  အတန်း ဆက်လက်တက်ရောက်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ()အမျိုးအစားဖြစ်သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင် ပုံမှန်ကျောင်းတက်ခဲ့ပြီး ခြိမ်းခြောက်မှုများကြောင့် ပညာသင်နှစ်မပြီးဆုံးမီ နေရပ်ပြန်ခဲ့ရပြီး အခွင့်သာချိန်  ကျောင်းပြန်လည်တက်ရောက်ရသဖြင့် အသက်နှင့်အတန်း မကိုက် ညီသော ကလေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် နှစ်အောက်ခဲ့ရသော လက်ရှိကျောင်းတက် နေရသည့် ကလေးများသည် နယ်မြေမအေးချမ်းသည့်ကြားမှ အသက်အန္တရာယ်နှင့်ရင်းပြီး ကျောင်းတက်ခဲ့ မိဘများကိုလည်း လောက်ကောင်၊ ဒလန်စာရင်းသွင်းခံရကာ ရပ်ကွက်အတွင်း တွင် ကျီးလန့်စာစားနေခဲ့ရသော်လည်း ယခုအခါ ထိုကလေးများနှင့် သက်တူရွယ်တူများသည် ၎င်းတို့ ထက် အတန်းပိုမြင့်နေကြသည်ကို သိမ်ငယ်စိတ်ဝင်ကာ စိတ်ဒဏ်ရာသဖွယ် ခံစားနေရသဖြင့် စဉ်ဆက်မပြတ် ကျောင်းတက်ရောက်နေသော အသက်နှင့်အတန်း မကိုက်ညီသည့် ထိုကလေးငယ် များအား Placement Test ပညာရေးအထူးအစီအစဉ်တွင် ပါဝင်ခွင့် သို့မဟုတ် တခြားသင့်လျော် သည့် အထူးအစီအစဉ်ဖြင့် နိုင်ငံတော်မှ မူဝါဒချမှတ်ကာ အသက်နှင့်အတန်း ချိန်ညှိပေးမည်ကို အထူးလိုလားတောင့်တလျက်ရှိပါကြောင်း၊

ထို့အတူ ()အမျိုးအစားဖြစ်သော အသက်အရွယ် ၁၅ နှစ်၊ ၃ လကျော်သဖြင့် Placement Test ပညာရေးအထူးအစီအစဉ်ဖြင့် မကိုက်ညီသည့် အသက် ၁၅ နှစ်၊ ၃ လကျော်မှ အသက် ၁၈ နှစ် အရွယ်ကလေးများနှင့် ၎င်းတို့၏မိဘများကလည်း ဂန့်ဂေါမြို့တွင် ကျောင်းပြင်ပပညာရေးကျောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့လျှင် တက်ရောက်ပညာသင်ယူလိုသည့် ရင်တွင်းဆန္ဒများ ပြင်းပြကာ တောင်းဆိုမှုများရှိနေပါကြောင်း၊ ကျောင်းပြင်ပပညာရေးအစီအစဉ်သည် ပညာရေး အခွင့် အလမ်းမရရှိသေးသော အသက် ၁၅ နှစ်၊ ၃ လကျော် ကလေးများအတွက် အရေးပါသော တံတား တစ်စင်းဖြစ်နေသကဲ့သို့ ၎င်းတို့၏ ဘဝတစ်ခုလည်း ဖြစ်နေပါကြောင်း၊ ()အမျိုးအစား ကလေးငယ် များနှင့် လူငယ်များ၏ ပညာသင်ယူအခွင့်အလမ်းဆုံးရှုံးနေရသူများအတွက် ဒုတိယအကြိမ်မြောက် ကုစားနိုင်သည့် အခွင့်အလမ်းတစ်ခုသည်လည်း ကျောင်းပြင်ပ ပညာရေးစီမံချက်တစ်ခုသာ ရှိပါကြောင်း၊ သို့မှသာ ကျောင်းပြင်ပတွင် ရောက်ရှိရသည့်ကလေးများ ပညာရေးစနစ်သို့ ပြန်လည် ဝင်ရောက်လာနိုင်ခြင်း၊အလယ်တန်းပြီးဆုံးသူဦးရေတိုးတက်လာခြင်း၊ ကျောင်းဝင်နှုန်း တိုးတက် လာပြီး ဒေသအတွင်း စာမတတ်မှု ပပျောက်ခြင်း၊ လူမှုအသိုင်းအဝိုင်းတွင် ပညာရည်မြင့်မားသော လူငယ်များ ပေါ်ထွက်လာစေခြင်း၊ ပညာရေးမညီမျှမှု လျော့နည်းလာခြင်း၊ အသက်နှင့်အတန်း ကိုက်ညီပြီးသောအခါ ကလေးများ၏ အနာဂတ်အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုတောက်ပလာ စေခြင်း၊ နိုင်ငံတော်၏စစ်မှန်သော စေတနာ၊ မေတ္တာကို ခံစားကြုံတွေ့သိမြင်လာစေပြီး နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာစေခြင်းဟူသော ရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း။

ကျောင်းပြင်ပပညာရေး အလယ်တန်း အဆင့်သည် အသက် ၁၄ နှစ်မှ ၁၈ နှစ်အထိ ကန့်သတ် ထားရှိမှုများတွေ့ရသဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းပြင်ပ ပညာရေး ဖွင့်လှစ်နိုင်ခြင်း မရှိပါက ပညာသင်ခွင့်ဆုံးရှုံးမည့် ကလေးငယ်များစွာ ရှိနေပါကြောင်း၊ ထို့ကြောင့် မိဘပြည်သူများ၏ ရင်နစ်သည်းခြာသားသမီးများကို စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရေးနှင့် ကလေးများ၏ အနာဂတ်မျှော်မှန်းချက်များကို ရှေးရှုသောအားဖြင့် ဂန့်ဂေါမြို့တွင် ကျောင်းပြင်ပ ပညာရေးဖွင့်လှစ် ခွင့်ပြုပေးပါက လာမည့်ပညာသင်နှစ်တွင်မဟုတ်ဘဲ ယခု ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်တွင် ခွင့်ပြု ပေးစေလိုပါကြောင်း၊ကျောင်းပြင်ပပညာရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လည်း ကျောင်းပြင်ပပညာရေးမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ ကျောင်းအထောက်အကူပြု စီမံခန့်ခွဲမှုဦးစီး ကော်မတီများ ဖွဲ့စည်းခြင်း၊ သင်ကြားမှု၊ သင်ယူမှု ဆပ်ကော်မတီ များဖွဲ့စည်းခြင်း၊ ကျန်းမာရေးဆပ်ကော်မတီများဖွဲ့စည်းခြင်း၊ ကျောင်းတက်မည့်ကလေးများအား နေရာချထားရေး ဆပ်ကော်မတီ ဖွဲ့စည်းခြင်း၊ စာရင်းအင်းနှင့် လုပ်ငန်းများစိစစ်ရေးလုပ်ငန်း ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း၊ လုံခြုံရေးဆပ်ကော်မတီများ ဖွဲ့စည်းခြင်း၊ ဘဏ္ဍာရန်ပုံငွေထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းခြင်း စသည့်စီမံချက်များကို လူမှုရေးပရဟိတအသင်းအဖွဲ့များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံအတွင်း အသက်နှင့်အတန်းမကိုက်ညီဘဲ လက်ရှိကျောင်းတက်နေရသည့် ကလေးများအား Placement Test ပညာရေးအထူးအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါကလည်း တခြားသင့်လျော်သည့် အထူးအစီအစဉ်ဖြင့် နိုင်ငံတော်မှ မူဝါဒချမှတ်ကာ အသက်နှင့်အတန်းချိန်ညှိပေးနိုင်ခြင်းအစီအစဉ်ရှိ မရှိနှင့် အသက် ၁၅ နှစ်၊ ၃ လကျော်မှ အသက် ၁၈ နှစ်အရွယ်ကလေးများအတွက် ဂန့်ဂေါမြို့တွင် ကျောင်းပြင်ပ ပညာရေးကျောင်း အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ခြင်းအစီအစဉ်ရှိ မရှိကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ ရောက်ရှိ ရေး၊ အသိပညာ၊ အတတ်ပညာများ ပြည့်စုံသော ပညာတတ်များပေါများရေး၊ အနည်းဆုံး KG+ 9 ပြီးမြောက်ရေး၊ သင်ကြားသင်ယူမှု အဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုမျိုး အားပေးပြီးအခြေခံ၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်သာတူညီမျှပညာ သင်ယူရေးတို့အတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် အခြေခံပညာမူလတန်းဆင့် Grade 2 မှ Grade 5 နှင့် အလယ်တန်းဆင့် Grade 6 မှ Grade 9 ကျောင်းနေအရွယ်ကလေးများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ Placement Test တွင် ဝင်ခွင့်ဖြေဆိုခြင်း အထူးအစီအစဉ်ကို အသက်နှင့်အတန်း ချိန်ညှိပြီး ဆောင်ရွက်ပေးခဲ့သည့် အခါတွင် အသက် ၁၅ နှစ်၊ ၃ လ အထိ ဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့ပြီး ၁၄၀,၀၀၀ ကျော် တက်ရောက်နေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များတွင်လည်းအခြေအနေအပေါ်မူတည် ကျောင်းတက်နေသော အသက်မညီသည့် ကလေးများအတွက်ကို လည်း လေ့လာဆန်းစစ်၊ အချက်အလက်များကောက်ယူပြီး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေသည့် ကလေး လူငယ်များအတွက် ဒုတိယအကြိမ် ပညာသင်ယူမှု အခွင့်အလမ်းရရှိစေရန်အတွက် ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်ကို တန်းညှိ ပညာ ရေး အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုနှစ်တွင်နယ်စပ်ဒေသနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တချို့တွင် ကျောင်းပြင်ပကို ရောက်ရှိနေသည့်သက်လွန်ကလေးများ၏ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရန်အတွက် ကျောင်းပြင်ပ ပညာရေး Placement Test ဖြေဆိုခွင့်ကို အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျောင်းပြင်ပ မူလတန်းပညာရေး မူလအသက်သတ်မှတ်ချက် ၁ဝ နှစ်မှ ၁၄ နှစ် အစား ၁ဝ နှစ်မှ ၁၆ နှစ်အတွင်းကိုလည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေး မူလအသက် သတ်မှတ် ချက် ၁၃ နှစ်မှ ၁၈ နှစ်အစား ၁၃ နှစ်မှ ၂၁ နှစ်အတွင်းကိုလည်းကောင်း အသက်သတ်မှတ်ချက်ကို ဖြေလျှော့ပြီး Placement Test ဖြေဆိုခွင့်ရရှိရေးစီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခု ပညာသင်နှစ်အတွက် ဩဂုတ်လ ဒုတိယပတ်အတွင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ပြီး သတင်းစာ၊ TV တို့မှလည်း ကြေညာသွားမည်ဖြစ်ပါကြောင်း၊ အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးများအတွက် တင်ပြလိုပါကြောင်း၊ အခြေခံပညာကျောင်းများတွင် Grade-1 Grade-2 နှင့် Grade-3 ကို သင်ယူပြီး မြောက်ထားသူများသည် Placement Test ကို ဖြေဆိုရမည် ဖြစ်ပြီး အောင်မြင်မည်ဆိုလျှင် ကျောင်းပြင်ပမူလတန်းပညာရေး Level-2 ကို တက်ရောက်နိုင်ပါကြောင်း၊ အောင်မှတ်မရရှိသူများနှင့် ကျောင်းလုံးဝမနေဖူးသူများက Level-1 ကို တက်ရောက်ရမည် ဖြစ်ပါကြောင်း။

ဆက်လက်အသက် ၁၃ နှစ်မှ ၂၁ နှစ်အတွင်းရှိ ကျောင်းသားများအတွက် အခြေခံပညာ Grade-5 အောင်မြင်ပြီးသူများနှင့် Grade-6 တက်ရောက်ပြီးသူများသည် ကျောင်းပြင်ပ အလယ် တန်း ပညာရေးကို ဝင်ရောက်လိုပါက Placement Test ကို ဖြေဆိုရမှာဖြစ်ပြီး NFME Level-1 ကို တက်ရောက်ရမည် ဖြစ်ပါကြောင်း၊ Grade-6 အောင်မြင်ပြီးသူများနှင့် Grade-7 တက် ရောက်ဖူးသူ များသည် Placement Test ကို ဖြေဆိုပြီးအောင်မြင်မည်ဆိုလျှင် NFME Level-2 ကိုတက်ရောက် နိုင်ပြီး၊ မအောင်မြင်လျှင် NFME Level-1 ကိုတက်ရောက်ရမည် ဖြစ်ပါကြောင်း၊ Grade-7 နှင့် Grade-8 အောင်မြင်ပြီးသူများ၊ Grade-9 တက်ရောက်ဖူးသူများသည် Placement Test ကို ဖြေဆို အောင်မြင်ပါက MFME level-3 ကို တက်ရောက်နိုင်ပြီး၊ မအောင်မြင်ပါက NFME Level-2 သို့ တက်ရောက် ရမည် ဖြစ်ပါကြောင်း၊ NFPE Level-2 စစ်ဆေးလွှာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေ ဘာသာရပ်များကို အမှတ် ၅၀ ဖြေဆိုရမည် ဖြစ်ပြီး Grade-1 မှ Grade-3 အထိ သင်ခန်းစာများကို လေ့လာရမည် ဖြစ်ပါကြောင်း၊ NFME Level-1 တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်တို့ကို အမှတ် ၅၀ ဖြေဆိုရမည်ဖြစ်ပြီး Grade-5 သင်ခန်းစာများကို လေ့လာရမည် ဖြစ်ပါကြောင်း။

NFME Level-2 အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေဘာသာရပ်များကိုအမှတ် ၅၀ ဖြေဆိုပြီး Grade-6 သင်ခန်းစာများကို လေ့လာရမည် ဖြစ်ပါကြောင်း၊ NFME Level-3 အတွက် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်များကိုအမှတ် ၁၀၀ ဖြေဆိုရမည်ဖြစ်ပြီး Grade-7 နှင့် Grade-8 သင်ခန်းစာများကို လေ့လာထားရမည် ဖြစ်ပါကြောင်း၊ Placement Test အထူးအစီအစဉ် ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ၏ စာရင်းကောက်ယူရာတွင်သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်ပညာရေးမှူးများကြီးကြပ်မှုနှင့်မြို့နယ်ပညာရေးမှူးများကကျောင်းသားများ ပညာရေး ဆိုင်ရာအထောက်အထားများနှင့် အသက် အထောက် အထားများကို စနစ်တကျ စိစစ်အတည်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေအေးချမ်းတည်ငြိမ်သည့် ဒေသများမှ လာရောက်ဖြေဆိုမည့် ကလေးများအတွက် မူလတက်ရောက်ခဲ့သည့် ပညာရေးဆိုင်ရာ အထောက် အထားများကို စိစစ်ပြီး Placement Test ကို ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ အရေးပေါ် အခြေအနေကြေညာထားသည့် ဒေသများမှ ကလေးများဖြစ်ပါက ပညာရေးဆိုင်ရာ အထောက် အထားများ မပြည့်စုံနိုင်သည့် အခြေအနေမျိုးရှိနိုင်သည့် အတွက်ကြောင့် ၎င်းဒေသတွင် နေထိုင်ခဲ့ သည့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထောက်ခံချက်၊ အဆိုပါ ဒေသရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများပညာရေးဆိုင်ရာထောက်ခံချက်နှင့် ကျန်းမာရေး မှူးများ အသက်ထောက်ခံချက် များနှင့် Placement Test ကို ဖြေဆိုခွင့်ပြုသွားမည် ဖြစ်ပါ ကြောင်း။

NFME Level-3 ကို အောင်မြင်စွာ ပြီးမြောက်သူများအနေဖြင့် အခြေခံပညာ Grade-9 အောင်မြင်ပြီးသူများအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး အသက် ၁၃ နှစ်မှ အသက် ၁၈ နှစ်အတွင်း ကျောင်းသားများသည် ပုံမှန်အထက်တန်းကျောင်းကို ဆက်လက်တက်ရောက်နိုင်ပြီး အသက် ဖြေလျော့ ပေးထားသည့် ၁၈ နှစ် အထက် ကျောင်းသား ကျောင်းသူများသည် Grade 10 Grade-11၊ Grade-12 အတန်းများကို ကျောင်းတွင်းစစ် ပြင်ပဖြေစနစ်နှင့် ဆက်လက်ဖြေဆိုရန် အခွင့်အလမ်း ပေးထားပါကြောင်း၊အခြေခံပညာအထက်တန်းအဆင့်ကိုအောင်မြင်ပြီးပါကသက်ဆိုင်ရာ တက္ကသိုလ် များတွင်ဆက်လက်ပညာသင်ယူခွင့်ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် NFME လမ်းကြောင်းမှ သင်ယူပြီးမြောက်သူ တချို့သည်လည်း ပညာရေးဒီဂရီကောလိပ်များတွင် ဆက်လက် တက်ရောက် လျက်ရှိပါကြောင်း ၊NFPE အစီအစဉ်ကို စာသင်နှစ် ၂ နှစ် သတ်မှတ်ပြီး ရက်ပေါင်း ၂၂၀ ရက်၊ တစ်ရက်လျှင် ၂ နာရီခွဲနှင့် သင်ကြားချိန် ၅၅၀ သတ်မှတ်ထားပြီး ယခု ၂၀၂၆-၂၀၂၇ ပညာ သင်နှစ် တွင် စခန်းပေါင်း ၂၂၃ စခန်းဖွင့်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၂,၆၄၇ ဦး သင်ကြား ပေးလျက် ရှိပါကြောင်း။

NFME အစီအစဉ်ကို စာသင်နှစ် ၃ နှစ် သတ်မှတ်ပြီး တစ်နှစ်တွင် ရက်ပေါင်း ၂၁၄ ရက်၊ တစ်ရက်တွင် ၃ နာရီ သင်ကြားပေးပြီး စာသင်ချိန် ၆၄၀ နာရီ ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်တွင် စာသင်စခန်း ၇၁ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၆,၇၀၂ ဦး စာရင်းသွင်းထားပြီး ဩဂုတ်လ ၃ ရက် တွင်စတင်ပြီး သင်ကြားမှုစတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းအစီအစဉ် နှစ်ရပ်စလုံးကို အများအားဖြင့် အခြေခံပညာကျောင်းများ ကျောင်းဆင်းချိန် နောက်ပိုင်းတွင် သင်ကြားပေးလျက်ရှိပြီး ကျောင်းပြင်ပရှိ ကလေးများနှင့် လူငယ်များပညာ သင်ယူခွင့်ရရှိစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ Placement Test အထူး အစီ အစဉ်သည်ကျောင်းပြင်ပရောက်ကလေးများပညာရေးကို ပြန်လည်ဆက်လက် သင်ယူနိုင်ရန် အတွက်နှင့် ပညာရေးအခွင့်အလမ်းများ မပျောက်ဆုံးစေရန်အတွက် အခြေခံပညာမှ အဆင့်မြင့် ပညာအထိ ဆက်လက်တက်ရောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက် အရေးပါသည့် အစီအစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာဦးစီးဌာနမှ အသက် ၁၅ နှစ်၊ ၃ လ အထိရှိသည့် ကျောင်းနေအရွယ်ကလေးများအတွက် Placement Test အထူးအစီအစဉ်ဖြင့် အသက်နှင့်အတန်း ချိန်ညှိ၍ ပညာသင်ယူခွင့်ဆောင်ရွက်ပေးခဲ့ရှိပြီး အသက် ၁၅ နှစ်၊ ၃ လအထက် ကလေးလူငယ် များအတွက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်သည့် တန်းညှိပညာရေးအစီအစဉ်များမှတစ်ဆင့် ဆက်လက်ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် Placement Test အစီအစဉ်တွင် ပါဝင်ခွင့်နှင့် အသက် ၁၅ နှစ်၊ ၃ လ ကျော် ကလေးများအတွက် ကျောင်းပြင်ပပညာရေးဆိုင်ရာ အစီအစဉ်များကို ဂန့်ဂေါမြို့တွင် လည်း ယခုပညာသင်နှစ်တွင် ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ဖြေဆိုမည့်ကလေးငယ်များသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများကိုဆက်သွယ်ပြီး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါ်အိဖြူလွင်(ဂန့်ဂေါမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ဂန့်ဂေါမြို့တွင် ကျောင်းပြင်ပပညာရေးကျောင်း ဖွင့်လှစ်ခွင့်ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိကျောင်းပြင်ပပညာရေးစနစ်မှာ မူလတန်းအဆင့်ကို အသက် ၁၀ နှစ်မှ ၁၄ နှစ်၊ အလယ်တန်း အဆင့်ကို အသက် ၁၄ နှစ်မှ ၁၈ နှစ်အထိ သတ်မှတ်ထားပြီး Placement Test အထူးအစီအစဉ်တွင် အသက် ၁၅ နှစ်၊ ၃ လအထိသတ်မှတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၃ တန်းအောင် မူလတန်းကလေးမှာ အသက် ၁၅ နှစ်၊ ၃ လကျော် လွန်နေသောကလေးများအနေဖြင့် Placement Test အစီအစဉ်ဖြင့် မကိုက်ညီတော့ဘဲ ကျောင်းပြင်ပ ပညာရေးနှင့် ကိုက်ညီနေပါသော်လည်း ၎င်း၏ အတန်းသည် မူလတန်းအဆင့်ဖြစ်ပြီး အသက်အရွယ်မှာ အလယ်တန်းအဆင့်ဖြစ်နေပါသောကြောင့် မူလတန်းတွင် မတက်ရောက်ဘဲ၊ အလယ်တန်းတွင်တက်ရောက်၍ ရ၊မရ သိလိုပါကြောင်း။

ထပ်မံ၍ ကျောင်းပြင်ပပညာရေးကျောင်းတွင် သင်ကြားပေးမည့် ဘာသာပြဆရာ ဆရာမများ အား နယ်မြေဒေသအခြေအနေအရ မြို့ပြင်သို့ထွက်ခွာ၍မရသဖြင့် Online မှ သင်တန်းတက် ရောက်ခွင့်ရှိ မရှိကိုလည်း သိရှိလိုပါကြောင်း၊ နိုင်ငံအတွင်းရှိ ကျောင်းပုံမှန် တက်ရောက် နေသည့် အသက်နှင့်အတန်းမကိုက်ညီသောကလေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် နှစ်အောက်ခဲ့ ရသော ကလေးငယ်များအား ၎င်းတို့၏သိမ်ငယ်နေသော ခံစားချက်များကို စာနာ နားလည် သောအားဖြင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဆောင်ရွက်နိုင်ခြင်းမရှိတော့သည့်အတွက် လာမည့် ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် အသက်နှင့်အတန်း ချိန်ညှိပေးနိုင်ရေးအတွက် သင့်လျော် သည့်အထူးအစီအစဉ်ဖြင့် နိုင်ငံတော်မှ မူဝါဒချမှတ်ကာ အထူးအလေးထားအကောင်ထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

          ဆရာဆရာမ အတွက်နှင့်နောက်တစ်ခုက ကလေးများအတွက် အသက်ညှိ ပေးသည့် အစီအစဉ်ဟုသိရပါကြောင်း၊ မိမိဖြေသည့် အထဲတွင် ပါပြီးဖြစ်ပါကြောင်း၊ အသက်နှင့် မညီသည့်ကလေးများ အတွက် တက်နေသည့် အခြေအနေအပေါ်တွင်မူတည်ပြီး လေ့လာဆန်းစစ် ရပါမည်ဖြစ်ကြောင်း၊ ပြီးလျှင်နယ်မြေဒေသအပေါ် ခွဲခြားပြီးမှ ကျောင်းတက်နေသည့် ကလေးများ အတွက် အသက်မညီသည့်အခြေအနေအပေါ်တွင် လေ့လာဆန်းစစ်၊ စစ်တမ်းကောက်ယူပြီး ဆက်လက် တင်ပြဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နောက်တစ်ခုမှာ ဆရာ ဆရာမ များ အတွက် Online ရာထူးတိုးကိစ္စအတွက်ကိုလည်း လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ဥပမာ ချင်းပြည်နယ်ကဲ့သို့မလာနိုင်သည့်အခြေအနေမျိုးတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောင်းနေ အရွယ်ကလေး အားလုံး ကျောင်းနေနိုင်ရေးနှင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။