ဦးဂုဏ်ဝမ်း(ခန္တီးမဲဆန္ဒနယ်)
ခန္တီးမြို့နယ်အတွင်း ဆရာ ဆရာမလိုအပ်လျက်ရှိသည့် ကျောင်းများအားလုံးကို ၂၀၂၆-၂၀၂၇ ပညာသင် နှစ်တွင်ခန့်အပ်နိုင်ရန် အစီအစဉ် ရှိ မရှိနှင့် ခန့်အပ်မည်ဆိုပါက မည်သည့်အချိန်ခန့်အပ်မည်ကို သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ခန္တီးမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးမှာတည်ရှိပြီး အခြေခံပညာ မူလတန်းကျောင်း ၆၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၇ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၅ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်းနှင့် အထက်တန်းကျောင်း ၈ ကျောင်း စုစုပေါင်း ၉၃ ကျောင်းရှိပြီး ယခင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသူ ကျောင်းသားပေါင်း ၁၀၁၀၇ ဦး ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုအင်အားစာရင်းမှာ ၈၈၂ ဦးဖြစ်ပြီး ခန့်ထားနေရာ ၉၇ ဦး၊ လစ်လပ် ၅၈၅ ဦးဖြစ်၍ ၃၃ ရာခိုင်နှုန်းခန့်သာ ခန့်ထားနိုင်ပြီး အစိုးရခန့် ဆရာ ဆရာမ တစ်ဦးဖြင့် ဖွင့်လှစ်သည့်ကျောင်း ၂၁ ကျောင်း၊ ဆရာ ဆရာမ မရှိသဖြင့် ပိတ်ထားသည့်ကျောင်း ၁၉ ကျောင်းနှင့် ကျန်ရှိကျောင်း များကို အသင့်အတင့် ဆရာ ဆရာမ အင်အားဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ခန္တီးမြို့နယ်သည် နယ်မြေတည်ငြိမ်အေးချမ်းသည့်မြို့ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့် မဏ္ဍိုင်တစ်ခုဖြစ်ပြီး နိုင်ငံတော်သမ္မတကြီးမှလည်း ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း အကြိမ်ကြိမ်မှာကြားလျက်ရှိသည်ကိုကြားသိရ၍ ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ မြို့နယ်အတွင်း ဆရာ ဆရာမများ မလုံလောက်၍ ကျောင်းများ ပိတ်ထားနေရခြင်း၊ ကျောင်းသား၊ ဆရာ အချိုးမညီ၍ အဖြစ်သဘောသာ ကျောင်းများကို ဖွင့်လှစ် ပညာသင်ကြားနေတာတွေသည် နိုင်ငံအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ပါကြောင်း၊ နိုင်ငံဟာ အမျိုးမျိုးသော စိန်ခေါ်မှုတွေနှင့် ကြုံတွေ့နေရပြီး စိန်ခေါ်မှု များကြားထဲ ဖြစ်နိုင်ချေအရှိဆုံး လမ်းကြောင်းများကိုရှာပြီး ပညာရေးကဏ္ဍမြှင့်တင်ရေးကို အစိုးရ အနေနှင့် မဖြစ်မနေ လုပ်ဆောင်ပေး ရမည်ဖြစ်ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအရင်းအမြစ်ဖြစ်သော ပညာရေးဝန်ဆောင်မှုပြည့်စုံ ထိရောက်စွာ ပေးနိုင်ရေးအတွက် ခန္တီးမြို့နယ်အမှားလစ်လပ်နေသော ပညာရေးကျောင်းဆရာ ဆရာမ များ အချိန်မီလုံလောက်စွာ ခန့်အပ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် ထက်ဆင့်သင်ကျောင်း ၈ ကျောင်း၊ လယ်ဆင့် သင်ကျောင်း ၂၅ ကျောင်းနှင့် မူဆင့်သင်ကျောင်း ၅၈ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၉၁ ကျောင်းရှိပါပြီး သင်ကြားရေးဆရာ အင်အားအနေနှင့် ထက်ဆင့်သင်ဆရာ ၆၃ ဦး၊ လယ်ဆင့် သင်ဆရာ ၃၅ ဦး၊ မူလတန်းကျောင်းအုပ် ၄၁ ဦးနှင့် မူဆင့်သင်ဆရာ ၁၃၁ ဦး စုစုပေါင်း ခန့်ထားသည့် ဆရာ ၂၇၀ ဦး ရှိပါကြောင်း၊ ယာယီတွဲဖက်ထားသည့် ဆရာနှစ်ဦးအပါအဝင် Language Teacher (LT) ၃၄ ဦး၊ Teaching Assistant(TA) ၁၀ ဦး၊ ရပ်ရွာခန့် စေတနာ့ဝန်ထမ်း ၄၉ ဦး စုစုပေါင်း ၉၅ ဦးနှင့် ဖြည့်ဆည်း သင်ကြားပေးလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အထက်တန်းအဆင့် ကျောင်းသား ၉၄၅ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၂၇၀၄ ဦး၊ မူလတန်းအဆင့်ကျောင်းသား ၅၆၂၆ ဦး၊ စုစုပေါင်း ၉၂၇၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည့်အတွက် ပျမ်းမျှ ဆရာ၊ ကျောင်းသား အချိုး ၁:၂၅ ရှိပါကြောင်း၊ ကလေးငယ်များ၏ ပညာဆက်လက်သင်ယူနိုင်မှု အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ဆရာမ မရှိသည့် ကျောင်း ၁၈ ကျောင်းတွင် ရပ်ရွာခန့်စေတနာ့ ဝန်ထမ်း ၁၈ ဦးဖြင့်လည်းကောင်း၊ ဆရာ တစ်ဦးတည်းရှိသည့် ကျောင်း ၁၉ ကျောင်းတွင် ရပ်ရွာခန့် စေတနာ့ဝန်ထမ်း ၃၁ ဦးဖြင့်လည်းကောင်း သင်ကြားသင်ယူမှုလုပ်ငန်းများ ကူညီဆောင်ရွက်လျက် ရှိပါကြောင်း၊ လယ်ဆင့်သင်ဆရာလိုအပ်ချက်များ ရှိနေသည့် အတွက်ကြောင့် ပညာရေးဒီဂရီကောလိပ် ပုံမှန်နေ့သင်တန်းစတုတ္ထနှစ် အောင်မြင်ပြီးသည့် သင်တန်းဆင်းများ ခန့်ထားချိန်မှာလည်းကောင်း၊ မူဆင့်သင်ဆရာလိုအပ်ချက်တွေကို ပညာရေးဒီဂရီ ကောလိပ်များမှ ပညာရေးနှင့် နည်းပြဒီပလိုမာ (Dip.EP) သင်တန်းဆင်းများခန့်ထားချိန်တွင် လည်းကောင်း ဦးစားပေး ဖြည့်ဆည်း ခန့်ထားဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့် အခြေခံပညာ ကျောင်းများ၏ သင်ကြားရေး ဆရာ ဆရာမ လိုအပ်ချက်များကို ဝန်ထမ်းအင်အား၊ ဘဏ္ဍာငွေခွင့် ပြုချက်နှင့် ဒေသလိုအပ်ချက်များအပေါ် အခြေခံပြီး ခန့်ထားဆောင်ရွက်လျက် ရှိပါကြောင်း။
ခန္တီးမြို့နယ်အတွင်း ဆရာ ဆရာမ လိုအပ်လျက်ရှိသည့် ကျောင်းများကိုဖြည့်ဆည်း ခန့်ထားနိုင်မှု ကိစ္စ၌ ပညာရေးဝန်ကြီးဌာနအနေနှင့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူခွင့် မထိခိုက်စေရေး ကို အဓိကထားပြီး လက်ရှိတွင် ရပ်ရွာခန့်စေတနာ့ဝန်ထမ်းများနှင့် ဖြည့်ဆည်းသင်ကြားပေးလျက်ရှိပြီး၊ သင်တန်းဆင်း ဆရာ၊ ဆရာမများ ခန့်အပ်ထားသည့်အချိန်တွင် ဒေသ လိုအပ်ချက်ကို အခြေခံပြီး ဦးစားပေး ဖြည့်ဆည်း ခန့်ထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။