နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဈ)-ဦးဝင်းနိုင်(ပုသိမ်ကြီးမဲဆန္ဒနယ်)-မေးခွန်း

2026-07-24
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးဝင်းနိုင်(ပုသိမ်ကြီးမဲဆန္ဒနယ်)
အရွယ်မရောက်သေးသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုအပေါ် ကန့်သတ် ထိန်းချုပ်ခြင်း၊ Parental Control စနစ်များတိုးမြှင့်ခြင်း၊ ကျောင်းများအတွင်း Mobile Phone အသုံးပြုမှု စည်းကမ်းသတ်မှတ်ခြင်းနှင့် Digital Safety ပညာပေးအစီအစဉ်များဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ယနေ့ခေတ်တွင် Mobile Phone နှင့် Online Platform များကို အသက်မပြည့်သေးသော ကလေးငယ်များနှင့် လူငယ်များ လွယ်ကူစွာသုံးစွဲရာတွင် ပညာရေး၊ ကျန်းမာရေးထိခိုက်မှု၊ စိတ်ပိုင်း ဆိုင်ရာပြဿနာများ၊ Online ဂိမ်းစွဲလန်းမှု၊ အကြမ်းဖက်နှင့်မသင့်လျော်သော အကြောင်းအရာ ထိတွေ့မှု၊ Cyberbullying နှင့် Online လိမ်လည်မှုများ တိုးပွားလာသည်ကို တွေ့ရှိနေရပါကြောင်း၊ ထိုသို့သောအခြေအနေများကြောင့် ကမ္ဘာ့နိုင်ငံတချို့တွင် အရွယ်မရောက်သေးသူများ၏ Mobile Phone နှင့် Social Media အသုံးပြုမှုအပေါ် ဥပဒေ၊ နည်းဥပဒေများ ကန့်သတ်ထိန်းချုပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် ပြင်သစ်နိုင်ငံမှာဆိုရင် ကျောင်းများတွင် ၂၀၁၈ ခုနှစ်ကစပြီး အသက် ၁၅ နှစ်အောက် ကျောင်းသားများအား မူလတန်းနှင့်အလယ်တန်း ကျောင်းများမှာ Mobile Phone အသုံးပြုခြင်းကို တရားဝင်တားမြစ်ထားပါကြောင်း၊ တရုတ် နိုင်ငံတွင် အသက် ၁၈ နှစ်အောက် များအား အွန်လိုင်းဂိမ်းကစားခြင်းကို သောကြာ၊ စနေ၊ တနင်္ဂနွေ နှင့် အားလပ်ရက်များတွင်သာ ည ၈:၀၀နာရီမှ ၉:၀၀ နာရီထိ           တစ်ရက်တစ်နာရီသာ ကစားခွင့်ပြုထား ပြီး တခြားအချိန်များကို Log in ဝင်ခွင့်များ ပိတ်ထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

အင်ဒိုနီးရှားနိုင်ငံတွင်လည်း ၁၆ နှစ်အောက်ကလေးများ Social Media အသုံးပြုမှု ကန့်သတ် ဥပဒေအရ Social Platform မှ Account ၄.၇ သန်းကို ပိတ်သိမ်းခဲ့တာကိုလည်း တွေ့ရပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၌ Shut Down Lock အရ အသက် ၁၆ နှစ်အောက် ကလေးများ ည ၁၂:၀၀ နာရီမှ နံနက် ၆:၀၀ နာရီအတွင်း Online ဂိမ်းကစားခြင်းကို ကန့်သတ်ခဲ့ပြီး Parental Consent စနစ်များကိုအသုံးပြုဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး ဩစတေးလျနိုင်ငံတွင်လည်း Social Media Platform များအား အသက်မပြည့်သေးသူများ၏ အကောင့်များအတွက် Iveryfication နှင့် Parental Control စနစ်များ တင်းကြပ်စွာဆောင်ရွက်ရန် တောင်းဆိုထားပြီး ကလေးငယ်များ အတွက် Harmful Content များမမြင်စေရန် E-Safety Regulation များချမှတ်ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၈-၆-၂၀၂၆ ရက်နေ့တွင် ဩစတေးလျနိုင်ငံတွင် ၁၆ နှစ်အောက် ကလေးငယ်များကို Social Media အသုံးပြုမှုကို ထိရောက်စွာမတားဆီးနိုင်သည့် ကုမ္ပဏီများကို လွှတ်တော်မှနေပြီး ထိထိရောက်ရောက်အရေးယူပေးသည့် ဥပဒေကို လွှတ်တော်တွင်တင်သည်ကို တွေ့ရှိရပါကြောင်း၊ အင်္ဂလန်နိုင်ငံတွင် အွန်လိုင်း Safety စည်းမျဉ်းအရ Social Media နှင့် Video Platform များအား အသက်မပြည့်သေးသူများအတွက် Pornography၊ Biolatistic Sex Hand ဆိုင်ရာ Content များမမြင် စေရန် Adult Chats နှင့် Fitering System များကို မဖြစ်မနေထည့်သွင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ၁၄-၆-၂၀၂၆ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကီယာစတာမာက အသက် ၁၆ နှစ် အောက်ကလေးများ လူမှုကွန်ရက် Website များမှာ အသုံးပြုခြင်းကို လုံးဝပိတ်သိမ်းသွားမည် အ ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်ကိုလည်း တွေ့ရပါကြောင်း၊ အမေရိကန် နိုင်ငံ တွင် Gallup ၏စစ်တမ်းအရ ၂၀၂၅ ခုနှစ် ၌ အရွယ်ရောက်ပြီးသူ ၁၅ သန်းခန့်သည် အွန်လိုင်းလိမ် လည်လှည့်ဖြား၍ သားကောင်များဖြစ်ခဲ့ရပြီး တစ်နှစ်ပတ်လုံးဆိုရင် အမေရိကန် ဒေါ်လာ ၆၈ ဘီလီယံ၊ တစ်နေ့ကို အမေရိကန်ဒေါ်လာ ၁၈၆ သန်း၊ မြန်မာငွေ ၈ ဘီလီယံခန့် လိမ်လည် ခံနေရသည်ဟု ဖော်ပြထားပါကြောင်း၊ ယခုကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ က နည်းပညာ၏ အန္တရာယ်ကို ခံစားနေရသဖြင့် ကမ္ဘာတစ်ဝန်းတွင်လည်း ကန့်သတ်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာသည်ကို မိမိတို့ တွေ့နေရခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကလေးငယ်များသာမကဘဲ အရွယ်ရောက်ပြီးသူ လူကြီးများ အပေါ်မှာပါ အန္တရာယ်ကျရောက်နေသည်ကို တွေ့ရှိနေရပါကြောင်း၊ ၎င်းအခြေအနေ များကြောင့် မိမိတို့နိုင်ငံတွင်လည်း ကန့်သတ်ထိန်းချုပ်မှုဥပဒေတစ်ရပ် ထွက်ပေါ်လာသည့်အထိ အရေး ကြီးဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် မိမိတို့နိုင်ငံတွင် လည်း အရွယ်မရောက်သေးသောသူများ၏ Mobile Phone နှင့် Online Platform များ အသုံး ပြုမှုအပေါ် အသက်လိုက်ကန့်သတ်ထိန်းချုပ်ခြင်း၊ Parental Control စနစ်များတိုးမြှင့်ခြင်း၊ ကျောင်း များတွင် Mobile Phone အသုံးပြုမှု စည်းကမ်းသတ်မှတ်ခြင်းနှင့် Digital Safety ပညာပေး အစီ အစဉ်များ ဆောင်ရွက်ရန်အစီအစဉ်ရှိ /မရှိကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးသူများ Mobile Phone နှင့် Online Platform အသုံးပြုမှု အပေါ် အသက်အလိုက်ကန့်သတ် ထိန်းချုပ်ခြင်းတို့နှင့်စပ်လျဉ်းပြီး ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့်ဆိုက်ဘာလုံခြုံရေးဥပဒေတို့မှာ ကလေးသူငယ်များ၏ ကိုယ်ရေး ကိုယ် တာနှင့် လုံခြုံမှုကိုအကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်များပါရှိသော်လည်း တည်ဆဲ ဥပဒေ များတွင် ကလေးသူငယ်များ၏ Mobile Phone သုံးစွဲမှုကို တိုက်ရိုက်ထိန်းချုပ်ကန့်သတ်သည့် ဥပဒေ ပြဋ္ဌာန်းချက်မရှိသေးသည်ကို တွေ့ရပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ တည်ဆဲဥပဒေ များတွင် ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်း၊ အရေးယူခြင်းပြုလုပ်နိုင်သည့် အခြေအနေ များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်သည် ကလေးသူငယ်များကို ကြည့်ရှု စောင့်ရှောက်ရန် နိုင်ငံတော်အခြေခံမူအဖြစ် ပြဋ္ဌာန်းထားပါကြောင်း၊ ကလေးသူငယ်တိုင်း သည် ကာကွယ်စောင့်ရှောက်မှုရရှိရေးအတွက် အခွင့်အရေးရှိကြောင်းနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေ ပုဒ်မ ၁၈တွင် အသိအမှတ်ပြုထားပြီး ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်နှင့် လုံခြုံမှုအကြောင်းမဲ့ထိပါးခြင်းမခံရစေရန် ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက် ပိုင်ခွင့်ရှိကြောင်း ၎င်းဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဍ)မှာ ပြဋ္ဌာန်းထားပါကြောင်း။

ကလေးသူငယ်၏ အခွင့်အရေးတစ်ရပ်ရပ်ဆုံးရှုံးနစ်နာခြင်းနှင့်စပ်လျဉ်းပြီး နစ်နာသူကလေး သူငယ်များကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏မိဘ၊ အုပ်ထိန်းသူ၊ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဦးမှဖြစ်စေ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသို့လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ရပ်ရပ်သို့လည်းကောင်း၊ သက်ဆိုင်ရာတရားရုံးသို့လည်းကောင်း တင်ပြ တိုင်တန်းခွင့်ရှိကြောင်း ၎င်းဥပဒေပုဒ်မ ၂၀ တွင် ပြဋ္ဌာန်းထားပါကြောင်း၊ ကလေးသူငယ်ကို စိတ်ပိုင်း ဆိုင်ရာထိခိုက်အောင် မကြာခဏမတရားဆက်ဆံခြင်း၊ စော်ကားခြင်း၊ အလွဲသုံးခြင်း၊ စိတ်တွင် ကြိတ်မှိတ်ခံစားစေအောင်ပြုမူခြင်းသည် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပြီး ကလေးသူငယ်များ ကို ကြောက်လန့်စေခြင်း၊ ထိတ်လန့်စေခြင်း၊ ခြိမ်းခြောက်ခြင်းနှင့်ဆိုင်သည့် ပြုလုပ်မှုများလည်း ကလေးသူငယ်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ဗ)တွင် ပြဋ္ဌာန်းထားပါကြောင်း၊ ကလေးသူငယ်ကို Online Platform မှတစ်ဆင့် ခြိမ်းခြောက်အန္တရာယ်ပြုပါက ကလေးသူငယ်များအပေါ် စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်သည့်အတွက်ကြောင့် ၎င်းဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၃) အရအရေးယူနိုင်ပြီး ပြစ်ဒဏ်မှာ အနည်းဆုံးတစ်လမှ အများဆုံး ၆ လထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း။ 

ကလေးသူငယ်ကို လောင်းကစားရန်အွန်လိုင်းမှတစ်ဆင့် သွေးဆောင်ဖြားယောင်း တိုက်တွန်း ပါက ၎င်းဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)အရ အရေးယူပေးနိုင်ပါကြောင်း၊ ကလေး သူငယ် ကို မိဘအုပ်ထိန်းသူထံမှ ထွက်ပြေးလွတ်မြောက်ရန် သွေးဆောင်လျှင်လည်း ၎င်းဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)အရ အရေးယူနိုင်ပါကြောင်း၊ ကလေးသူငယ် ညစ်ညမ်းပုံ ပြုလုပ် ဖြန့်ဖြူးခြင်း၊ ၎င်းကိစ္စအလို့ငှာ ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ပိုင်ဆိုင်ခြင်းပြုလုပ်ပါက ၎င်းဥပဒေပုဒ်မ ၁၀၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၄)အရ အရေးယူနိုင်ပါကြောင်း၊ ပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်နှစ်မှ     ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ ထိချမှတ် နိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကိုအသုံးပြုပြီး ကလေး သူငယ်ကို ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလျှင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မခွဲ(ဃ)အရအရေးယူနိုင်ပြီး ပြစ်ဒဏ်မှာ နှစ်နှစ်ထိ ထောင်ဒဏ် သို့မဟုတ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ပါ ချမှတ်နိုင်ပါကြောင်း။

ကလေးသူငယ်ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေရန် အီလက်ထရော နစ်နည်းပညာဖြင့် သတင်းအချက်အလက် ပြုလုပ်ဖြန့်ဝေပါက ဆိုက်ဘာလုံခြုံရေးဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(စ)အရလည်းကောင်း၊ အွန်လိုင်းမှတစ်ဆင့် ကလေးသူငယ်ထံ မလိုလားအပ်သော စာတို၊ အီးမေးလ်၊ အချက်အလက်တို့ပေးပို့ပါက ၎င်းဥပဒေ ပုဒ်မ ၆၈၊ ပုဒ်မခွဲ(ဆ)အရလည်းကောင်း အရေးယူနိုင်ပြီး ပြစ်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံးနှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး သိန်း ၅၀ မှ အများဆုံး သိန်း ၂၀၀ ထိ ငွေဒဏ်ချမှတ်နိုင်ပါကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ အွန်လိုင်းမှ တစ်ဆင့် ကလေးသူငယ်များကို ခြိမ်းခြောက်အန္တရာယ်ပြုခြင်း၊ အမြတ်ထုတ်ခြင်းနှင့် သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်သူကို အရေးယူရန်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၅၄ အရ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်း သို့မဟုတ် ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ သက်ဆိုင်ရာတရားရုံးတွင် ဦးတိုက်လျှောက်ထားစွဲဆိုခြင်း ပြုလုပ်နိုင် ပါကြောင်း၊ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာဗဟိုကော်မတီကို ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ဖွဲ့စည်းထားရှိပြီး ဆိုက်ဘာလုံခြုံရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ဃ) အရ ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာ မှုခင်းတားဆီးကာကွယ်ရေးတို့အတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေးကို အားပေးမြှင့်တင်ခြင်း၊ ဆိုက်ဘာလုံခြုံရေး ဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ(င)အရ တရားဥပဒေစိုးမိုးရေး နှင့်တရားစီရင်ရေးကို အထောက်အကူဖြစ်စေ နိုင်ရန် အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း များအကြား ပေါင်းစပ်ပေးခြင်းနှင့် လမ်းညွှန်ပေး ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်း များတွင် သတ်မှတ်ထားသည့်ကျောင်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူနိုင်ရေး အတွက်လည်း သတိပေးဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊

 အခြေခံပညာကျောင်းသားအရွယ်လူငယ်များသည် ကျောင်းချိန်အတွင်း Mobile Phone သုံးစွဲခြင်းကို တားမြစ်ထားပါကြောင်း၊ နည်းပညာခေတ်တွင် Mobile Phone လိုမျိုး Tablet၊ iPad၊ Computer၊ Desktop၊ Laptop စသည့် Digital Device များအသုံးပြုခြင်းနှင့် အထွေထွေ ဗဟုသုတများ၊ ကျောင်းသင်ခန်းစာနှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ ဘာသာစကား ကျွမ်းကျင်မှု ဆိုင်ရာသင်ကြားမှုများအပြင် အခြားနည်းပညာဆိုင်ရာ အကြောင်းအရာအမျိုးမျိုးကို လေ့လာ ဆည်းပူးနိုင်ပါကြောင်း၊ ၂၁ ရာစုတွင် ကျွမ်းကျင်မှုများကို လေ့လာသင်ယူနေသည့် မျိုးဆက်သစ်များ အနေဖြင့် နည်းပညာလေ့လာလိုက်စားပြီး ကျွမ်းကျင်ရန်လည်းလိုအပ်ပါကြောင်း၊ Mobile Phone ကန့်သတ်ခြင်း၏ရည်ရွယ်ချက်သည် ကလေးငယ်များ ဖုန်းအလွန်အကျွံသုံးစွဲခြင်းနှင့် ဥပမာ ဂိမ်း ကစားခြင်း၊ ကျောင်းသားလူငယ်နှင့်မသင့်လျော်သည့် Social Media များအသုံးပြုခြင်း စသည်တို့မှ ကာကွယ်ရန်ဖြစ်ပါကြောင်း၊ အတုမြင်အတတ်သင် မကောင်းသည့် အကျင့်စရိုက်များ ကူးစက်နိုင်ကြောင်း၊ အတုယူမှားကြကြောင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်း ပြုမူနိုင် ကြောင်း၊စိတ်ဓာတ်ပျက်ပြားခြင်းစသည့်ဆိုးကျိုးများကိုတားမြစ်နိုင်ရန်အတွက်ရည်ရွယ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ပညာရေးဒီဂရီကောလိပ် ကျောင်းများ အတွင်း တွင်လည်း စာသင်ခန်းများ အတွင်း Mobile Phone အသုံးပြုမှုစည်းကမ်းသတ်မှတ်များနှင့် တရား မဝင် Online Game များ ဆော့ကစားခြင်းတို့ကိုမပြုလုပ်ရန် ကျောင်းစည်းကမ်းများ သတ်မှတ် ထုတ်ပြန် လိုက်နာ ဆောင်ရွက် စေလျက်ရှိပါကြောင်း၊

မိဘ၊ ဆရာ၊ ပူးပေါင်း ကလေးပညာကောင်းဆိုသည့် အတိုင်း သင်ကြားသင်ယူမှုဖြစ်စဉ်တွင် မိဘများ၏ပူးပေါင်းပါဝင်မှု၊ ကလေးများ၏စိတ်ပါဝင်စားမှုအခြေအနေများကို ရှာဖွေဖော် ထုတ်နိုင် သည့် အပြင် ထိရောက်သည့်ပံ့ပိုးမှုများပေးနိုင်ခြင်း၊ မိဘများ၏ စွမ်းအားအမြော်အမြင်နှင့် ဖန်တီး နိုင်မှု စွမ်းအားတို့သည် ကလေးများ၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပြောင်းလဲ အောင် ဆောင်ရွက်ရာတွင်ထိရောက်စေခြင်းများကြောင့် အခြေခံပညာကျောင်းများတွင် မိဘဆရာ အသင်း များကို စနစ်တကျဖွဲ့စည်းထားပြီး မိဘ၊ ဆရာပူးပေါင်းပါဝင်လာစေရေးကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ ဆယ်ကျော်သက်များတွင် အရေးပါသည့် ကောင်းမွန်သော ဘဝနေ ထိုင် မှု ဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများ ဖွံ့ဖြိုးလာစေရန်အတွက် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အများ နှင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဆက်သွယ်ပြောဆိုတတ်မှု၊ အပြန်အလှန်လေးစားမှု၊ ညှိနှိုင်း ဆောင် ရွက်တတ်မှုစသည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် အတွက် ရည်ရွယ်ပြီး ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အထိ တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခု ပဲခူး(အရှေ့)၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး(အနောက်)၊ မွန်၊ ရန်ကုန်၊ ကရင်၊ ရှမ်း(တောင်)၊ မကွေးတို့မှာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများဦးစီးပြီး ကျောင်းသား များ ပါဝင် ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှု(Student Participation Initiative) ဗဟိုအဆင့် ဆွေးနွေးပွဲကို အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့်ဆွေးနွေးပွဲများကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များ ရှိ မြို့နယ်များတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားလူငယ် များအား Digital Safety ပညာပေးအစီအစဉ်များအဖြစ် နိုင်ငံတော်အဆင့်အခမ်းအနားများတွင် ပြခန်းများပါဝင်ပြသပြီး ဆိုက်ဘာလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ မျှဝေခြင်း၊ ကျောင်းသားလူငယ်များအတွက် ဆိုက်ဘာခြိမ်းခြောက်မှုအန္တရာယ်များနှင့်စပ်လျဉ်းပြီး ပိုမိုသိရှိ နားလည်စေရန် ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲများကို ၂၀၂၃ ခုနှစ်မှစတင်ပြီး နှစ်စဉ် ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် ကျင်းပရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် စပ်လျဉ်းပြီး အသိပညာပေးခြင်းလုပ်ငန်းများကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၏ဌာနခွဲတစ်ခုဖြစ်သည့် မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ (mmCERT) ၏ Website ဖြစ်သည့် www.mmcertorg.mm တွင် ကျယ်ပြန့်စွာမျှဝေဆောင်ရွက်ထားလျက်ရှိ ပါကြောင်းနှင့် ယခုဘဏ္ဍာရေးနှစ်မှစပြီး ကျောင်းသားလူငယ်များ ဆိုက်ဘာလုံခြုံရေးအသိပညာ ပိုမို မျှဝေနိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိ ပညာ ပေး ဟောပြောပွဲ များကိုကျင်းပရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ Mobile Phone နှင့် Online Platform များကို ပညာရေးအထောက်အကူပြုနည်းလမ်းများအဖြစ် အကျိုးရှိစွာ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးအတွက် ကျောင်းစည်းကမ်းများချမှတ်ခြင်း၊ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းအသိပညာပေးခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး Digital Safety အသိပညာပေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှပူးပေါင်းပြီး တိကျသောညွှန်ကြားချက်၊ မူဝါဒ၊ လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။