ဦးခင်မောင်ချင်း(မြဝတီမဲဆန္ဒနယ်)
မြဝတီမြို့၊ အမှတ်၅ ရပ်ကွက်၊ပညာရေးဌာနပိုင်မြေပေါ်တွင် ပညာရေးဝန်ထမ်းအိမ်ရာ ဆောက် လုပ်ရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကရင်ပြည်နယ်၊ မြဝတီမဲဆန္ဒနယ်ရှိအစိုးရ အ.ထ.က ကျောင်းများ၊ အ.လ.က ကျောင်းများ နှင့် အ.မ.က ကျောင်းများသို့ရပ်ဝေးမှလာရောက်တာဝန်ထမ်းဆောင်သူဆရာ ဆရာမ ဦးရေ ၆၀၀ ကျော်ခန့်ရှိပြီး ထိုသို့ ရပ်ဝေးမှလာရောက်တာဝန်ထမ်းဆောင်လျက်ရှိနေသောဆရာ ဆရာမ များကို အေးချမ်းလုံခြုံစွာ နေထိုင်ရန်အတွက် နိုင်ငံတော်မှဝန်ထမ်းအိမ်ယာကို ဆရာ၊ ဆရာမ ဦး ရေ၏ ၂၀ ရာခိုင်နှုန်းခန့်သာချထားပေးနိုင်ကြောင်းကိုသိရှိရပြီးကျန်ရှိနေသော ဆရာ၊ဆရာမ ဝန်ထမ်း ဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်ကိုဝန်ထမ်းအိမ်ယာ ချထားပေးနိုင်ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ မြဝတီမြို့ရှိမြို့ရွာများမှ ကျောင်းသားမိဘများနှင့် ဆွေးနွေးတင်ပြမှုအရ ဝန်ထမ်းအိမ်ယာမရှိသည့် ဆရာ၊ ဆရာမများမှာမိမိတို့၏ ဝန်ထမ်းလစာများဖြင့်နေအိမ်များ ငှားရမ်း၍ နေထိုင်ကြရသဖြင့် ရရှိသည့် လစာငွေများမှာ လောက်ငမှုမရှိပဲ ဆရာ၊ဆရာမ မိသားစု များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်သားသမီးများ၏ ပညာရေးကိစ္စရပ်များကို ကျပ်တည်းစွာနေထိုင်လုပ်ကိုင်နေရသည်ကိုသိရှိရပါကြောင်း၊ မိမိတို့ မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ရှိ ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျလမ်းထောင့်တွင် ပညာရေး ဌာနပိုင်မြေ ၁.၁၉ ဧကရှိနေကြောင်း အဆိုပါမြေမှာ မြို့လယ်ခေါင်ကျပြီး လုံခြုံရေးစိတ်ချရသည့် မြေနေရာ ဖြစ်သည်ကို သိရှိရပါကြောင်း၊
မိမိမေးမြန်းလိုသည့်မေးခွန်းမှာ ကျန်ရှိနေသော ဆရာ၊ ဆရာမ ဝန်ထမ်းဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ဝန်ထမ်းအိမ်ယာချထားပေးနိုင်ရန်အတွက်မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ဗိုလ်ချုပ် လမ်းနှင့် ဦးအောင်ဇေယျလမ်းဒေါင့်ရှိ ပညာရေးဌာနပိုင်မြေ ၁.၁၉ ဧကပေါ်တွင်ပညာရေး ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ အစီအစဉ်မရှိပါက မည်သည့် အတွက် ကြောင့်နှင့်အစီအစဉ်ရှိပါကမည်သည့် ဘဏ္ဍာရေးကာလ အပိုင်းအခြား တွင် စီမံဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က
ကရင်ပြည်နယ်၊မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းထောင့်ရှိ မြေကွက်တွင် ၁.၁၉ ဧကမဟုတ်ဘဲ ပုံစံ-၁၀၅ အရ ၀.၁၄၄ ဧက ဖြစ်ပြီးအဆိုပါမြေတွင် မြဝတီမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ၂၄-၁၁-၂၀၀၉ ရက်စွဲပါ စာအမှတ်၊ ၄ / ၁- ၄၀၇ / ဦး ၁အရ ဦးပိုင်အမှတ် (၁၆/၆)နှင့် မြေနေရာကို ခွင့်ပြုပေးခဲ့ထားပြီး အဆိုပါကာလတွင် ပညာရေးဝန်ထမ်းများနေထိုင်မှု အဆင်ပြေနိုင်စေရေး အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ၂ ခန်းတွဲ မြေစိုက်၊ ပျဉ်းခင်းပျဉ်ကာ၊ သွပ်မိုး ပေ ၂၀ ပတ်လည် ၂ ဆောင် ဆောက်လုပ် ပေးခဲ့ပြီး လက်ရှိတွင် ပညာရေးဝန်ထမ်းမိသားစု ၄ စုနေထိုင် လျက်ရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းမြေကျယ်ဝန်းပြီး ဝေးလံဒေသများမှ လာရောက် တာဝန် ထမ်းဆောင်သည့် ပညာရေးဝန်ထမ်းများရှိသည့် အခြေခံပညာကျောင်းများတွင် ဝန်ထမ်း အိမ်ရာများကိုရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်နှင့် နှစ်စဉ် ဆောက်လုပ်ပေး လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ပြည်နယ်အားလုံးတွင် ပညာ ရေးဝန်ထမ်းအိမ်ရာ ၃၅ လုံး တည်ဆောက်ရန် ခွင့်ပြုရန်ပုံငွေရရှိထားပြီးဖြစ်သည့်အတွက် ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ အုန်းတပင်-အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ဝဲကြီး-အခြေခံ ပညာ အထက်တန်း ကျောင်းနှင့်လှာကမြင်(ကွက်သစ်)-အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)တို့ မှာ (၆၀ x ၃၀)ပေ RC ၁ ထပ်ပညာရေးဝန်ထမ်းအိမ်ရာ ၁ လုံးစီဖြင့် ၃ လုံး တည်ဆောက် ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ပညာရေးဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခွင့်အတွက် သတ်မှတ် ခွင့်ပြုပေးထားသည့် မြေ ၀.၁၄၄ ဧကပေါ်တွင် ဆောက်လုပ်ထားသည့် ပေ ၂၀ ပတ်လည် ဝန်ထမ်း အိမ်ရာ ၂ ဆောင်မှာ မိသားစု ၄ စုနေထိုင်လျက်ရှိခြင်းနှင့် မြေအနေအထားအရ ထပ်မံ ဆောက်လုပ် နိုင်ရန်အတွက်မြေနေရာ မရှိတော့ခြင်း၊ ၎င်းမြေနေရာပေါ်တွင် သက်တမ်း ၁၆ နှစ် ရှိပြီး လက်ရှိအခြေအနေတွင် အဆောက်အဦ၏ သက်တမ်းကြာမြင့်လာသည့် အတွက်ကြောင့် ကြံ့ခိုင်မှုမရှိခြင်းတို့ကြောင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းပြီးမှသာ ပညာရေးဝန်ထမ်း အိမ်ရာအဖြစ် တည်ဆောက်ပေးနိုင်ရေး လျာထားဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့်မြဝတီမြို့ရှိ ပညာရေးဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရေးကိစ္စနှင့်စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိ အခြေအနေ၊ မြေအနေအထားနှင့်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ လက်ရှိ ဝန်ထမ်းအိမ်ရာ ၂ ခန်းတွဲ ၂ ဆောင်ကို ဖျက်သိမ်းပြီး ၇၀ x ၃၀ ပေ RC ၂ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရန် အတွက် ၂၀၂၇-၂၀၂၈ဘဏ္ဍာရေး နှစ်တွင်ပြည်နယ်၏ ဦးစားပေးအစီအစဉ်၏ လျာထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း
ဦးခင်မောင်ချင်း(မြဝတီမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ဘဏ္ဍာငွေအပေါ် အခြေခံပြီး လုပ်ပေးမည်ကိုကြားရပါကြောင်း၊ သို့သော် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် မည်သည့် ဘဏ္ဍာရေးနှစ်လောက်တွင် ပြုလုပ်ပေးမည်ဆိုသည်ကို တိတိ ကျကျ ဖြေပေးပါရန် ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ဦးနေမျိုးလှိုင်(ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)က
မိမိအဖြေတွင် ပါပါကြောင်း၊ ပြီးလျှင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်နိုင်ရန် အတွက် ဦးစားပေးအစီအစဉ်အနေဖြင့် လျာထားဆောင်ရွက်ပေးပါမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။