ဦးနိုင်မင်းဦး(ကြံခင်းမဲဆန္ဒနယ်)
ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့ရသေကြံခင်းမြို့နယ်အတွင်းရှိဂွေးချိုတံတားအားအသစ်တည်ဆောက် ပေးနိုင်ပါရန် သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဂွေးချိုတံတားသည် ၁၂-၉-၂၀၂၄ ရက်တွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် တစ်စစီကျိုးပဲ့ ပျက်စီး ခဲ့ရပါကြောင်း၊ ထို့အတွက်ကြောင့် သွားလာမှုတွင် ဒေသခံပြည်သူများ၏ ထွက်ရှိသည့် ဒေသကုန် ပစ္စည်းများတခြားနီးစပ်ရာမြို့ကြီးများသို့ သယ်ယူရန်အင်မတန်ခက်ခဲသွားပါကြောင်း၊ ထို့နည်းတူ စွာအဆိုပါဆက်သွယ်ရေးတံတားမရှိသည့်အတွက် တစ်ရွာနှင့်တစ်ရွာဝင်ထွက်သွားလာမှုတွင်လည်း ဒေသခံပြည်သူများ ဒုက္ခကြုံတွေ့ခဲ့ရပါကြောင်း၊ အဆိုပါတံတားနှင့်စပ်လျဉ်းပြီး အသစ်ပြန်လည် တည်ဆောက်ရန်အတွက် မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင် မည်ဖြစ်ကိုဒေသခံပြည်သူ များ၏ကိုယ်စားမေးမြန်း ခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမျိုးဇော်သိမ်း က
ကြံခင်းမြို့နယ်ရှိဂွေးချိုတံတားသည်သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပုသိမ်- မုံရွာ- ဝန်ထောက်ကွင်း-ပင်ကတိုင်း-ဂွေးချို-သာပေါင်း လမ်းအရှည် ၃ မိုင်၊ ၂ ဖာလုံရှိ ပြည်ထောင်စုမှစီမံခန့်ခွဲသည့် Class(A) အဆင့်လမ်းပေါ်ရှိတံတားဖြစ်ကြောင်း ၊ အဆိုပါ တံတားသည် ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် အရှည် ၁၆၄ ပေရှိ သစ်သား ကြမ်းခင်းတံတားဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်တွင် ချောင်းရေ များ ကျဆင်းလာပြီး ဒိုက်များပိတ်ဆို့လာကာ တံတား၏ အလယ်ပိုင်းသည် ပြတ်ထွက်ပြီး ရေနောက် မျောပါသွားခဲ့ပါကြောင်း၊ လက်ရှိတွင် ကျေးရွာနှင့်ဌာန ပူးပေါင်းပြီး အလျား ၁၆၄ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၁၈ ပေရှိသော ယာယီဝါးတံတားကို ဆောင်ရွက်ထားရှိတာဖြစ်ပါကြောင်း။
အဆိုပါ တံတားကို ဝန်ထောက်ကွင်း၊ ပင်ကတိုင်း၊ ဂွေးချို၊ သာပေါင်း စုစုပေါင်းကျေးရွာ ၄ ရွာမှ အသုံးပြု သွားလာသည်ကို တွေ့ရှိရပါကြောင်း၊ တံတား၏မြောက်ဘက်ခြမ်းတွင် ဝန်ထောက် ကွင်း၊ ပင်ကတိုင်း၊ ဂွေးချို၊ ကျေးရွာ ၃ ရွာတည်ရှိပြီး အဆိုပါ ၃ ရွာအနက်မှ အဝေးဆုံးဖြစ်သည့် ဂွေးချို ကျေးရွာသည် ပုသိမ်-မုံရွာလမ်းမကြီးနှင့် ၂ မိုင်၊ ၂ ဖာလုံ ဝေးကွာသည်ကို တွေ့ရှိရပါကြောင်း၊ တံတား ၏ တောင်ဘက်ခြမ်းရှိ သာပေါင်းကျေးရွာမှာ ပုသိမ်-မုံရွာလမ်းမကြီးကို ၄ ဖာလုံ ကွာဝေး သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါတံတားကို လက်ရှိအခြေအနေတွင် ယာယီအသုံးပြုမှုရှိ သော် လည်း လမ်းမကြီးကို တခြားသော ၂ မိုင်၊ ၂ ဖာလုံ၊ ၄ ဖာလုံကွာဝေးသည့် ပုသိမ်-မုံရွာ လမ်းမကြီး မှတစ်ဆင့် အချိန်တိုအတွင်းတွင် သွားလာမှုရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တံတား အသစ်တည်ဆောက်ပေးရန်အတွက် လတ်တလော ဦးစားပေး အစီအစဉ်တွင်မပါရှိသေးပါကြောင်း နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လက်ရှိတံတားကို လူနှင့်ဆိုင်ကယ်များ သွား လာ၍ရအောင် ပြုပြင်ခြင်းလုပ်ငန်းကို ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ၊
မိမိတို့သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်း များ ဦးစားပေးရွေးချယ်ခြင်းနှင့်စပ်လျဉ်းပြီး မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေမှုအား ဖြည့်စွက် တင်ပြလိုကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးလုပ်ငန်းများကို Geographic Information System (GIS System)ကို အသုံးပြုပြီး Mapping များပြုလုပ်၍ လုပ်ငန်းများ လျင်မြန် ထိရောက်စေရန်အတွက် တင်ပြပါ မဟာဗျူဟာ ၅ ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်းတွင် ကျေးရွာ ပေါင်း ၆ သောင်းကျော်ရှိပြီး မှတ်ပုံတင်ပြီးသည့် ကျေးလက်လမ်းစုစုပေါင်းသည် လမ်းမိုင် ပေါင်းတွင် ၄၄,၂၅၀ မိုင်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရာသီမရွေးသွားလာနိုင်သည့်လမ်းသည် ၂၄ ရာခိုင်နှုန်းနှင့် ခြောက်သွေ့ရာသီများမှသာ သွားလာနိုင်သောလမ်းသည် ၇၆ ရာခိုင်နှုန်းသာရှိသည့်အတွက်ကြောင့် ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် ဆောင်ရွက်ရန်နှင့် ကျေးရွာပေါင်း ၆ သောင်းကျော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းပမာဏသည် အလွန်များပြားမည် ဖြစ်သည် ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လျာထားရွေးချယ်ရာတွင် ဦးစားပေးရွေးချယ်မှုမဟာဗျူဟာအရ အကျိုးပြုမှုလူဦးရေ၊ ကျေးရွာအရေအတွက်၊ ကုန်ထုတ် လုပ်မှု၊ စီးပွားရေး၊ ဆင်းရဲမွဲတေမှုရာခိုင်နှုန်း၊ နေ့စဉ်ယာဉ်သွားလာမှု၊ ဈေး၊ ကျောင်း၊ ဆေးပေးခန်း စသည်တို့ကို ထည့်သွင်းစဉ်းစားတွက်ချက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အိမ်ထောင်စု တစ်စုအပေါ်တွင် ရင်းနှီးမြှုပ်နှံမှု၊ ရွှေ့ပြောင်းနေထိုင်ရန် လိုအပ်မှုတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း ၊
ထို့အပြင် ဦးစားပေးရွေးချယ်ရာတွင် ဖွံ့ဖြိုးတိုးတက်မှု အကြားအလပ်မရှိစေရန်အတွက် ပိုမို ထိရောက်စေရန်အတွက် မြို့တစ်မြို့ကို ဦးတည်လျှင် ၎င်းမြို့၏ ဗဟိုချက်ကို ဦးတည်ပြီး ၃ မိုင်၊ ၅ မိုင်၊ ၁၀ မိုင်၊ ၁၀ မိုင်အထက် စသည်ဖြင့် စက်ဝိုင်းများကို ဝိုင်းပါကြောင်း၊ အဆိုပါအဝိုင်းလေး များတွင် တင်ပြပါအတိုင်း အပိုင်း ၄ ပိုင်းဖြစ်ရန်အတွက် အပေါင်း လက္ခဏာပုံစံထည့်၍ သက်ဆိုင်ရာ A ၊ B ၊ C ၊ D အကန့်များတွင် ဖွံ့ဖြိုးတိုးတက်မှုများကို GIS System ထဲတွင် Mapping လုပ်၍ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များကို သက်ဆိုင်ရာနယ်မြေအလိုက် ရရှိသည့် ဘဏ္ဍာငွေ အပေါ် မူတည်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ၊
ကျေးလက် လမ်း၊ တံတားများဖောက်လုပ်ရာတွင် ဝေးလံခေါင်းပါးပြီး လမ်းမပေါက် သေး သည့် ကျေးရွာများကို Outside-In Strategy ဖြင့် ဦးစားပေးပြီး လမ်းဖောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သကဲ့သို့ ရာသီမရွေးလမ်းအဆင့်မြှင့်တင်ခြင်းကို Inside-out Strategy ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တချို့ဒေသများတွင် မဖြစ်မနေ အမှန်လိုအပ်သည့်လုပ်ငန်းများကို Need-base Strategy ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဒေသဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ပေါင်းစည်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို Part-by-part Strategy ဖြင့် ဦးစားပေးဆောင်ရွက်ပေးသွားရန် မဟာဗျူဟာများချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက် ဖွံ့ဖြိုးရေး မဟာဗျူဟာ ရေးဆွဲရာတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာနှင့်အညီ ဦးစားပေး ရွေးချယ် နိုင်ရန် အတွက် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်၍ မဟာဗျူဟာ ရည်မှန်းချက်၊ ဒေသ၏လိုအပ်ချက်၊ နည်းပညာအရ ဖြစ်နိုင်ခြေ၊ ရန်ပုံငွေရရှိနိုင်မှု အခြေအနေများ ကို အခြေခံပြီး စီမံကိန်းများရေးဆွဲရန် စီစဉ်ထားရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးနယ်မြေများကို ပြန်လည် ရောက်ရှိသည့်အခါတွင်လည်း ၎င်းအစီအမံ ဆွေးနွေးနိုင်ရန်အတွက် ဖိတ်ကြားရန် မြို့နယ် အလိုက် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ တချို့ဒေသများသည် နေရာတိုင်းကို ရောက်ရှိရန်ခက်ခဲသည့်အတွက် ကိုယ်စားလှယ်ကြီးများ၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များသည် မိမိတို့ဌာနအတွက် အလွန်မှ အကျိုးရှိပါကြောင်း၊
အထက်ပါမဟာဗျူဟာအရ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ မြို့နယ်စီမံကိန်းရေးဆွဲ ရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီတို့မှအားလုံးပေါင်းစပ်ညှိနှိုင်းရွေးချယ်ထားသောလုပ်ငန်း များအပေါ်တွင် ဦးစားပေးအလိုက် နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးလျာထား နိုင်ရေးလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့်လည်းကောင်း၊ ပြည်သူ့အကျိုးကို ရှေးရှုပြီး လားရာတူ ဦးတည် ချက်တူ ဆောင်ရွက်ကြခြင်းဖြစ်သည့် အတွက်ကြောင့် နောင်တွင် ဆက်လက ်ဆောင် ရွက် မည့် လုပ်ငန်းများသည်လည်း ထိရောက်သွက်လက်အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း ဖြေကြား ခဲ့ပါသည်။